BEC-TERO TV

ခင်ပွန်းသည်ဆုံးပြီထင်ပြီး သမီးနှစ်ယောက်နဲ့အတူ အဆုံးစီရင်ခဲ့တဲ့ ဇနီးသည်

16 Oct 2018     1,350 Views


ဒီအဖြစ်ပျက်က ရိုမီယို နဲ့ ဂျူးလိယက် ထက်ပိုပြီး အဖြစ်ဆိုးတယ်လို့ ဆိုရမှာပါ။ ရိုမီယို နဲ့ ဂျူးလီယက်က အချစ်အတွက် သေချင်ယောင်ဆောင်ရင်း တစ်ကယ်သေသွားခဲ့ကြရတာပါ။ ဒီမိသားစုလေးကတော့ အိမ်ထောင်ကို ဦးစီးပဲ့ကိုင်နေတဲ့ ခင်ပွန်းသည်က စီးပွားရေးပြဿနာကို ဖြေရှင်းဖို့ သေချင်ယောင်ဆောင်ခဲ့ရာကနေ ဇနီးဖြစ်သူက ခင်ပွန်းတစ်ကယ်သေဆုံးပြီ ထင်ပြီး ၄ နှစ်အရွယ် သားနဲ့ ၃ နှစ်အရွယ် သမီးတို့ နှစ်ယောက်စလုံးနဲ့အတူ ရေကန်တစ်ခုထဲခုန်ချပြီး အဆုံးစီရင်ခဲ့ကြပါတယ်။
 
 
တရုပ်နိုင်ငံ ဆင်ဟွာမြို့က အသက် ၃၄ နှစ်အရွယ် “ဟီ” ဆိုသော အမျိုးသားတစ်ဦးက မော်တော်ကားတစ်စီးကို ငှားရမ်းပြီးနောက် စက်တင်ဘာလ ၇ နေ့ထဲက ပျောက်ဆုံးခဲ့ရာ သူငှားရမ်းခဲ့သော ကားကို စက်တင်ဘာ ၁၉ ရက်နေ့က ဇီကျန်းမြစ်ထဲမှာ ပြန်တွေ့ခဲ့ပြီး သေဆုံးခဲ့ပြီဟု ယူဆခဲ့ကြပေမယ့် သူ့ရဲ့ အလောင်းကိုတော့ ပြန်မတွေ့ခဲ့ပါဘူး။
 
 
အောက်တိုဘာလ ၁၀ ရက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ “ဟီ” ရဲ့ ဇနီးဖြစ်သူဟာ အဆုံးစီရင်မည့်အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပြီးနောက် ၄ နှစ်အရွယ် သားနဲ့ ၃ နှစ်အရွယ် သမီးတို့နဲ့အတူ ရေကန်ကြီးတစ်ခုထဲမှာ ရေနစ်ပြီး သတ်သေခဲ့ကြပါတယ်။
 
သူမရဲ့ အဆုံစီရင်စာမှာတော့ ခင်ပွန်းသည် ပျောက်ဆုံးနေမှုအပေါ် သူမ၏ ယောက္ခမဆွေမျိုးအသိုင်းအဝိုင်းမှ ဒီလိုဖြစ်ရတာဟာ နင်ပိုက်ဆံမရှာနိုင်လို့၊ အသုံးအစွဲကြီးလို့ ဆိုကာ သူမကို ဝိုင်းဝန်းအပြစ်တင်နေကြကြောင်း၊ သူမ အလုပ်မလုပ်ရသည့်အကြောင်းမှာ ကလေးတွေက ငယ်သေးတဲ့အတွက် လက်လွှတ်လို့မရသလို ပိုက်ဆံတွေသုံးခဲ့တယ်ဆိုတာကလည်း မိသားစုအတွက် လိုအပ်တာတွေကိုသာ သုံးခဲ့တာဖြစ်ကြောင်း ဒါတွေအားလုံး အမှန်တရားဖြစ်တယ်ဆိုတာကို သူမရဲ့အသက်နဲ့လဲပြီး သက်သေပြသွားမယ်လို့ ရေးသားခဲ့ပါတယ်။
 
သူတို့လင်မယားဟာ ပျော်ရွှင်ခဲ့ကြပြီး အခုလို ခင်ပွန်းသည် မရှိတော့တဲ့အတွက် အလွန်ပူဆွေးနေကြောင်း ဒါကြောင့်မို့ မိသားစုတွေအားလုံး တမလွန်မှာ ပြန်ဆုံအောင် ကလေးတွေနဲ့အတူ အဆုံးစီရင်ရခြင်းဖြစ်ကြောင်းကိုပါ ရေးသားခဲ့ပါတယ်။
 
ကြာဿပတေးနေ့မှာတော့ သူမနဲ့အတူ ကလေး ၂ ယောက်ရဲ့ အလောင်းတွေကို ရေကန်တစ်ခုထဲမှာ ပြန်တွေ့ခဲ့ရပြီး မှုခင်းအဖွဲ့မှ ရေနစ်သေဆုံးခြင်းဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ဒီသတင်းကို ခင်ပွန်းဖြစ်သူ “ဟီ” က အွန်လိုင်းကနေ ကြားလိုက်ရပြီးနောက် ဆို့နင့်ကြေကွဲစွာနဲ့ ရဲစခန်းမှာ အဖြစ်မှန်ကို ကိုယ်တိုင်လာရောက် ဝန်ခံခဲ့ပါတယ်။
 
 
“ဟီ”ရဲ့ ထွက်ဆိုချက်အရ မိသားစုစီးပွားရေးမပြေလည်ပဲ အွန်လိုင်းကနေ ချေးယူထားသော အကြွေး ယွမ် ၁ သိန်းကျော် တင်နေတာကြောင့် ကြံမိကြံရာဖြင့် မတော်တဆမှုဖြင့် သေဆုံးသည်ဟု ဖန်တီးကာ အသက်အာမခံကုမ္ပဏီကနေ ပိုက်ဆံလှည့်ထုတ်ပြီး အကြွေးဆပ်ဖို့ စီစဉ်ခဲ့ကြောင်း၊ ဒါပေမယ့် ဖြစ်ချင်တော့ သူ့ရဲ့ ဇနီးသည်က အသက်အာမခံ ပေါ်လစီအကြောင်းကို မသိပဲ သူတစ်ကယ်သေသွားပြီဟု ယူဆပြီး အခုလို သတ်သေသွားရတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
 
လက်တလောမှာ “ဟီ” ကို အာမခံငွေကြေးကို လိမ်လည်ရယူရန် ကြံစဉ်မှုနဲ့ သက်ဆိုင်ရာက ထိန်းသိမ်းထားပါတယ်။ ဇနီးသည်နှင့် သားသမီး သေကြောင်းကြံစည်ခဲ့မှု အပေါ်မှာတော့ တိုက်ရိုက် ရာဇဝတ်မှုကျူးလွန်သူ မဟုတ်ကြောင်း သတ်မှတ်ထားပါတယ်။
 

16 Oct 2018     1,350 Views




RELATED

Most Popular of Special or Others

Most Popular of NEWS