BEC-TERO TV

ဘဝ ရည်မှန်းချက်ဘယ်လိုထားရှိမလဲ

18 Oct 2018     1,790 Views


လူတစ်ယောက်ရဲ့ဘဝမှာ ရည်မှန်းချက်ပန်းတိုင်ဆိုတာအရေးကြီးတဲ့ ကဏ္ဍတစ်ခုအနေ နဲ့ပါဝင်ပတ်သတ်လို့နေပါတယ်။

ဒါပေမဲ့လူတော်တော်များများရဲ့ ၁၀၀ ရာခိုင်နှုန်းမှာ ၆၅ ရာခိုင်နှုန်းလောက်က ရည်မှန်းချက်ပန်းတိုင်ဆိုတာမျိုးသတ်သတ်မှတ်မှတ်မရှိသေးပါဘူး။

ကိုယ့်ဘာဖြစ်ချင်တာလဲဆိုတာသေချာမသိသေးပဲ နေ့စဉ်လည်ပတ်နေတဲ့ သံသရာကြီးမှာ အလိုက်သင့်စီးမျောနေကြတဲ့လူတွေအများကြီးပါ။

အများနည်းတူသံသရာကြီးမှာအလိုက်သင့်မျောပါမနေပဲ ရည်မှန်းချက်တစ်ခု ကိုသတ်သတ်မှတ်မှတ်ထားရှိသင့်ပါတယ်။

၁။ သင်ဘာ ဝါသနာပါလဲအရင်စဉ်းစားပါ။

သင့်အနီးအနားမှာရှိတဲ့ စာအုပ်တစ်အုပ်(သို့) စာရွက်တစ်ရွက်ကို ယူပြီး သင်ဝါသနာ ပါလောက်တဲ့ အကြောင်းအရာ များကိုချရေးကြည့်ပါ။ ထိုအကြောင်းအရာ တစ်ခုချင်းစီမှာ သင်ဘယ်အရာတွေကို လုပ်ဖူးပြီးပြီလဲ၊ မလုပ်ရသေးဘူးလဲဆိုတာ သင်ကိုယ်တိုင်ပြန်ဆန်းစစ်ကြည့်ပါ။

သင်လုပ်ဖူးပြီးတဲ့အကြောင်းအရာတွေ ထဲမှာမှ သင်ဘယ်အရာကိုအကျွမ်းကျင်ဆုံးလဲ ဘယ်အလုပ်ကိုလုပ်ရင် သင်ကိုယ်တိုင် စိတ်ပါဝင်စားပြီး ပျော်ရွှင်တက်ကြွစွာ လုပ်ကိုင် နိုင်မလဲဆိုတာ သင်ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။

အချို့ကတော့ ဝါသနာကို ငယ်စဉ်ကတည်းက ရှာဖွေတွေ့ရှိကြပေမယ့် တချို့ကတော့ အသက်ကြီးမှရှာဖွေတွေ့ရှိတာမျိုးတွေ့ရပါတယ်။ ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် တိုင်းတာလို့မရပါဘူး လူတိုင်းက သူ့ timeline နဲ့ သူမို့လို့ပါ။

သင်ဝါသနာပါတဲ့ အရာတစ်ခုကို အသက်ကြီးမှတွေ့ရှိတယ်ဆိုရင်လဲ ကြိုးစားကြည့်လို့ရ နိုင်ပါသေးတယ်။ ဝါသနာပါတဲ့အလုပ်ဖြစ်တဲ့အတွက် အခုမှအသစ်အနေနဲ့ ပြန်စရမယ်ဆိုလဲ လုပ်ကြည့်သင့်ပါတယ်။ ပြောင်းလဲခြင်းဆိုတဲ့ စိန်ခေါ်မှုကို သင်ကြောက်နေစရာ မလိုပါဘူး။

ဝါသနာပါတဲ့ အလုပ်မျိုးကိုစမ်းကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ လူဆိုတာမျိုးက ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုသာ စိတ်ပါဝင်စားပြီး ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ကြတာပါ။ ဝါသနာမပါတဲ့ အလုပ်ကို လုပ်နေရရင် အလုပ်သဘောလို့သာ သတ်မှတ်ထားတဲ့အတွက် ဝတ်ကျေ တန်းကျေသဘောမျိုးပဲဖြစ်နေပါလိမ့်မယ်။  ကိုယ်ဝါသနာမပါတာကို ဝတ်ကျေတန်းကျေ လုပ်နေရတာမျိုးဆိုရင် ကိုယ့်အတွက် တိုးတက်မှုလဲ ရှိလာမှာမဟုတ်သလို အများအတွက်လဲ အကျိုးမရှိနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ဝါသနာကိုတည်ဆောက်ပြီး ပျိုးထောင် ထားခြင်းဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အင်မတန်မှအရေးကြီးပါတယ်။

ကိုယ်ဝါသနာပါတဲ့အလုပ်များကို လုပ်ဆောင်ရင်းကိုယ်ကျိုးရော အများအကျိုးပါသယ်ပိုးနိုင်သူတွေဖြစ်ကြပါစေ။

၂။ Role Model (စံပြပုဂ္ဂိုလ်ထားရှိပါ)

စံပြ ပုဂ္ဂိုလ် (Role Model) ထားရှိခြင်းဟာအရမ်းအရေးကြီးပါတယ်။ စံပြပုဂ္ဂိုလ် ဆိုတာမျိုးက သင့်ကို လွှမ်းမိုးထားတဲ့ လူမျိုးပါ။

သင့်ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ဖို့ဆိုရင် စံပြပုဂ္ဂိုလ် တစ်ယောက်တော့ ထားရှိသင့်ပါတယ်။

ဘယ်လိုထားရှိမလဲ ??

သင်ဝါသနာပါရာ (သို့) သင်ကျွမ်းကျင်တဲ့ နယ်ပယ်မှာ အောင်မြင်ပြီး အထွတ်အထိပ် ရောက်နေတဲ့ လူတစ်ယောက်အကြောင်း ရှာဖွေစုံစမ်းပါ။ သူဒီလိုအောင်မြင်အောင် ဘယ်လိုစတင်ခဲ့လဲ၊ သူဘာတွေလုပ်ခဲ့လို့ ဒီလိုအောင်မြင်ခဲ့တာလဲ ဆိုတာ စူးစမ်းလေ့လာပါ။ ထိုသူဟာ အလိုလိုနေရင်းသင့်ကို လွှမ်းမိုးလာပါလိမ့်မယ်။

ထိုသူကို စံပြပုဂ္ဂိုလ်အဖြစ်ထားရှိပြီး “ငါလဲတစ်နေ့သူ့လိုဖြစ်ရမယ်” ဆိုတဲ့ရည်မှန်းချက်မျိုးထားရှိပါ။

၃။ မပျင်းပါနဲ့

သင်ဟာ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို သတ်သတ်မှတ်မှတ်သတ်မှတ်ပြီးပြီဆိုရင် မပျင်းပါနဲ့တော့။ ထိုရည်မှန်းချက်ပန်းတိုင်ဆိုတာကလဲ သင့်အတွက် ပဲဖြစ်ပါတယ်။

ထိုအရာကို သင်ကိုယ်တိုင်စတင်ခဲ့တာဖြစ်တဲ့အတွက် အဆုံးသတ်ရမှာကလဲ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ ရည်မှန်းချက်ပန်းတိုင်တစ်ခုသတ်မှတ်ပြီးရင် လုံးဝမပျင်းသင့်တော့ ပါဘူး။

၎။ ဖုန်းသုံးတာလျော့ပါ

လူတစ်ယောက်ရဲ့ တစ်နေ့တာကို အပိုင်း ၄ ပိုင်း ခွဲလိုက်မယ်ဆိုရင် ၃ ပိုင်းလောက်ရှိတဲ့ အချိန်ဟာ ဖုန်းပွတ်နေတဲ့ အချိန်တွေပဲဖြစ်ပါတယ်။ ဘာမှထွေထွေထူးထူး မဟုတ်ပါပဲ ဖုန်းထုတ်ပြီး ဖေ့ဘွတ်ခ်ပွတ်နေတာကိုက လူတွေရဲ့ ရှိရင်းစွဲအကျင့်တစ်ခုလိုဖြစ်နေပါပြီ။

ဖုန်းမရှိရင်ပဲ မနေတတ်တော့တာလိုလို တစ်ခုခုလိုနေတာလိုလိုနဲ့။ အရင်တုန်းကလဲ ဖုန်းမရှိလဲ ဒီတိုင်းပဲနေခဲ့ကြတာမဟုတ်ပါလား။

အလကားနေရင်းဖုန်းပွတ်နေမဲ့အစား  စာအုပ်တွေဖတ် နေရင်တောင် သင့်ရဲ့ကုန်ဆုံးသွားတဲ့အချိန်တွေကို အကျိုးရှိသွားစေပါလိမ့်မယ်။ စာဖတ်ခြင်းဟာ လူတစ်ယောက်ရဲ့ အတွေးအခေါ်ကိုမြင့်မားစေပါတယ်။ အားတိုင်း ဖုန်းပွတ်ပြီး ဆိုရှယ်မီဒီယာပေါ်ပဲတက်နေမယ်ဆိုရင် Negative ဆိုတဲ့ အဆိုးမြင်ခြင်းကို အများဆုံးဖြစ်ပေါ်စေပါလိမ့်မယ်။

ဒါကြောင့်မို့ အားရင်ဖုန်းသုံးနေမယ့်အစား သင့်အတွက်အဖိုးတန်မယ့် စာပေတွေကို ဖတ်ရှုလေ့လာရင်းနဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်လိုက်ပါ။

၅။ စုပြုံမလုပ်ပါနဲ့

အလုပ်တွေကို စုပြုံမလုပ်ပါနဲ့။ ဒါကတော့အရမ်းကို အရေးကြီးတဲ့ အချက်ပါပဲ။

ဘယ်လိုပင် သင်ကြိုက်တဲ့အလုပ်၊ ဝါသနာပါတဲ့ အလုပ်ပဲဖြစ်နေပါစေ စုပြုံလုပ်မိ လိုက်လို့ရှိရင် ထိုအလုပ်ကို သင်ဆက်မလုပ်ချင်ပဲဖြစ်လာပါလိမ့်မယ်။

ထိုသို့ဖြစ်ပေါ်လာရင် သင်ကိုယ်က ‘ငါဒါကို တကယ်ဝါသနာပါတာရောဟုတ်ရဲ့လား’ ဆိုတဲ့ သို့လော သို့လော အဆိုးမြင်တဲ့အတွေးတွေ ဖြစ်လာစေနိုင်ပါတယ်။

ထိုသို့အတွေးများဝင်လာတဲ့အခါ သင်ဟာ တဖန်ရည်မှန်းချက်ပန်းတိုင် ပျောက်တဲ့လူတစ်ယောက်ပြန်ဖြစ်သွား နိုင်ပါတယ်။  ဒါကြောင့်အလုပ်တွေကို စုပြုံပြီးမှ မလုပ်သင့်ပါဘူး။ လုပ်စရာရှိရင် အခုပဲစတင်ပြီးလုပ်လိုက်ပါ။ အချိန်မဆွဲသင့်တော့ပါဘူး။

၆။ စနစ်ကျပါ

ဒီအချက်ကတော့ အထက်မှာပြောခဲ့တဲ့ စုပြုံမလုပ်ပါနဲ့ဆိုတာနဲ့ ဆက်စပ်နေပါတယ်။ အလုပ်တွေကို စုပြုံမလုပ်မိအောင် စနစ်ကျအောင်လုပ်ဖို့လိုပါတယ်။

ဘယ်လိုစနစ်ကျအောင်လုပ်မလဲ?

အလုပ်ဆိုတာမျိုးက အများကြီးကို စုပြုံလုပ်ရင် လူကဟုန်သွားတတ်တယ်။ ဒါကြောင့်အလုပ်တစ်ခုစ လုပ်တော့မယ်ဆိုရင် အစိတ်အပိုင်း သေးသေးလေးတွေကို တစ်ခုချင်းစီခွဲပြီး လုပ်သင့်ပါတယ်။

အချိန်ကတော့ နည်းနည်းပိုယူရင်ယူရမယ်။ ဒါပေမဲ့ နည်းနည်းစီ ခွဲလုပ်တဲ့အတွက် လူရောစိတ်ရော မပင်ပန်းတော့ဘူးပေါ့။ အဲ့လို ခွဲလုပ်တဲ့အတွက်ရရှိလာတဲ့ ရလဒ်ကလဲ စိတ်ကျေနပ်မှုကို အပြည့်အဝပေးနိုင်ပါလိမ့်မယ်။ စုပြုံလုပ်ခြင်းနဲ့ မတူတဲ့ရလဒ်မျိုးဖြစ်တဲ့ တိကျသေချာခြင်း၊ သေသပ်ခြင်း အစရှိတဲ့ ရလဒ်မျိုးကို ခံစားရရှိစေမှာပါ။

ဒါကြောင့်မို့လို့ ဘာပဲလုပ်လုပ် အချိန်အပိုင်းအခြားတစ်ခုကိုသေသေချာချာ သတ်မှတ်ပြီး တာဝန်တွေကိုလဲ (small tasks ) သေးငယ်တဲ့အစိတ်ပိုင်းလေးတွေအဖြစ် စနစ်တကျ ခွဲခြမ်းပြီး လုပ်ဆောင်တတ်ဖို့ကအရေးကြီးပါတယ်။

၇။ အမြင့်ဆုံးကိုပဲမှန်းပါ

“အမြင့်ဆုံးကိုပဲမှန်းပါ လမင်းကြီးနဲ့ မတွေ့ဆုံခဲ့ရင်တောင် ကြယ်တွေကိုထိတွေ့ခွင့်တော့ရပါသေးတယ်။”

ဘာမဆို ရည်မှန်းချက်ထားရှိပြီးရင်အမြင့်ဆုံးကိုရောက်ရှိဖို့ အမြဲတွေးပါ။ မြန်မာစကား ပုံမှာတောင် “ဒူးလောက်တင်မှ ရင်လောက်ကျ” ဆိုပြီးရှိတယ်မဟုတ်ပါလား။

အမြင့်ဆုံးဆိုတဲ့ အရာကိုပဲ ရည်မှန်းပြီးကြိုးစားလုပ်ဆောင်သွားမယ်ဆိုရင် နောက်ဆုံးမှာ ထိုနေရာကိုမရောက်ရှိခဲ့ရင်တောင် သူများထက် နိမ့်တဲ့နေရာမှာတော့ ရောက်နေမှာ မဟုတ်ပါဘူး။

သင်ဘာပဲလုပ်လုပ်အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားမယ်ဆိုရင် ကြိုးစားခြင်းရဲ့ ရလဒ်အနေနဲ့ တစ်ခုခုကိုတော့အကျိုးအမြတ် ပြန်လည်ခံစားရမှာပါ။

ဒါကြောင့်မို့လို့ ရည်မှန်းချက်တစ်ခုကိုအကောင်အထည်ဖော်တော့မယ်ဆိုရင် ကျန်တာ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေကိုဘာမှမတွေးပဲ အမြင့်ဆုံးကိုရောက်ကို ရောက်ရမယ်လို့ ရည်မှန်းပြီးကြိုးစားလုပ်ဆောင်သွားပါ။

“အကောင်းဆုံးသာလုပ်ပါ အောင်မြင်မှုက သင့်အနောက်က လိုက်လာပါလိမ့်မယ်။”


18 Oct 2018     1,790 Views




RELATED

Most Popular of Special or Others

Most Popular of Life Style