BEC-TERO TV

ပြိုင်ဘက်ရဲ့ အင်ပါယာထဲမှာ ရွှေခါးပတ်ကို အရယူမယ်ဆိုတဲ့ မိုဟာမက်ကရာကီ

19 Oct 2018     1,653 Views


သူ့ရဲ့ဝင်သက်ထွက်သက်တိုင်းမှာ ခွန်အားအပြည့်ရှိပြီး အရှုံးဆိုတာကို မုန်းတီးလွန်းလို့ ပြိုင်ဘက်တွေ အားလုံးကို အနိုင်ယူနိုင်ခဲ့တာလို့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ အောင်လအန်ဆန်း ရဲ့ မစ်ဒယ်ဝိတ်ချံပီယံခါးပတ်ကို ခြိမ်းခြောက်နေတဲ့ ပြိုင်ဘက် မိုဟာမက်ကရာကီက ပြောဆိုလိုက်ပါတယ်။

မိုဟာမက်ကရာကီဟာ MMA လောကမှာ လုံးဝရှုံးပွဲမရှိသေးတဲ့ ချံပီယံတစ်ဦးဖြစ်ပြီး ONE Championship ရဲ့ ချံပီယံနေရာကိုလည်း သိမ်းပိုက်ဖို့ ပြင်ဆင်နေပါပြီ။ အသက် ၂၇ နှစ်အရွယ် ကရာကီ ရဲ့ ငယ်ဘဝနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်လာအောင် ကြိုးစားခဲ့ရတဲ့ ခရီးက ကြမ်းတမ်းခဲ့ပါတယ်။

အဲဒီလို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေဟာ သူ့ကိုအခုလို စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ အောင်မြင်တဲ့ ချံပီယံတစ်ယောက်ဖြစ်လာဖို့ တွန်းအားပေးခဲ့တယ်လို့ ဆိုပါတယ်။

ကရာကီ ရဲ့ မိဘတွေဟာ လဘနွန် ပြည်တွင်းစစ်ကြောင့် မော်ရိုကိုနိုင်ငံကို တိမ်းရှောင်ခဲ့ကြပြီး လဘနွန်ပြည်တွင်းစစ် အဆုံးသတ်ပြီး ၁၅ နှစ်အကြာ မော်ရိုကို မှာပဲ ကရာကီ ကို မွေးဖွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၀ ခုနှစ်အစောပိုင်းမှာ မိသားစုနဲ့အတူ လက်ဘနွန်နိုင်ငံကို ပြန်လည်အခြေချခဲ့ပါတယ်။

ကရာကီ ဟာ ၁၄ နှစ်သားအရွယ်ကစပြီး ကရာတေး စတင်ကစားခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ အစ္စရေးတို့က လက်ဘနွန်နိုင်ငံကို စစ်ကြေညာခဲ့တဲ့အတွက် ဒုတိယအကြိမ် အခြားနိုင်ငံကို စစ်ရှောင်ခဲ့ရပြန်ပါတယ်။

ဒီလိုအခက်အခဲအကြမ်းတမ်းတွေက ဒီနေ့မှာတော့ သူဒီလိုအောင်မြင်ဖို့ ဖြစ်လာရတဲ့အကြောင်းတွေလို့ ကရာကီ က ယုံကြည်ပါတယ်။ အဲဒီနောက်မှာ MMA လောကကို ၂၀၁၂ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ ရှုံးပွဲမရှိသေးတဲ့ ချံပီယံတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဂျော်ဒန်နိုင်ငံမှာ ယှဉ်ပြိုင်ခဲ့တဲ့ သူ့ရဲ့ပထမဦးဆုံး MMA ပွဲ Desert Force မှာ ပြိုင်ဘက်ဖြစ်တဲ့ Ammar Majed ကို ပထမအချီမှာတင် အလဲထိုးအနိုင်ယူခဲ့ပါတယ်။ အဲဒီပွဲမှာတင် နာမည်ရလာတဲ့ ကရာကီဟာ အာရေးဘီးယန်း နံပါတ် ၁ ထိပ်တန်း Light Heavy Weight ချံပီယံဖြစ်သလို Phoenix Fighting Championship ခါးပတ်များရရှိထားသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက သူနောက်ဆုံး ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်ချံပီယံပွဲစဉ်မှာ ပထမအချီမှာတင် ပြိုင်ဘက်ကို အလဲထိုးနိုင်ခဲ့ပေမယ့် သူ့အတွက် အခက်ခဲပင်ပန်းခဲ့တဲ့ပွဲစဉ် တစ်ခုလို့ ဆိုပါတယ်။

အဲဒီပွဲတုန်းက ကျွန်တော့် ရင်ဘတ်မှာ အတွင်းဒဏ်ရာရနေခဲ့တာ ကျွန်တော်ဘယ်သူ့ကိုမှ အသိမပေးဘူး အတွင်းလူတွေလောက်ပဲ သိတယ်၊ ဒီကိစ္စကို အနိုင်ရတော့မှပဲ ဖွင့်ပြောခဲ့တာပါ။ ပရော်ဖက်ရှင်နယ် ချံပီယံတစ်ယောက် ဖြစ်လာဖို့ သူများထက်ပိုပြီး အားထုတ်ခဲ့ရပါတယ်” လို့ ကရာကီက ဆိုပါတယ်။

ဒီအောင်မြင်မှုကြောင့်ပဲ ONE Championship ရဲ့ ကမ်းလှမ်းခြင်းခံရပြီး လက်ရှိချံပီယံ အောင်လအန်ဆန်း နဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ကရာကီဟာ MMA ၉ ပွဲ ထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိသေးသလို အောင်လအန်ဆန်း ကဲ့သို့ပင် Phoenix Fighting Championship ရဲ့ Middle Weight နဲ့ Light Heavy Weight ချံပီယံ ခါးပတ် ၂ ခုကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

Phoenix Fighting Championship ရဲ့ Middle Weight ချံပီယံကို ရယူခဲ့စဉ်က “အီဘရာဟင် အယ်လ်ဆာဝီ” တဲ့ ထိုးသတ်ခဲ့ရတဲ့ ပွဲက သူ့အတွက် အခက်ခဲဆုံး ပွဲစဉ်ဖြစ်ခဲ့ပြီး ဒီပွဲရဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး အောင်လအန်ဆန်း နဲ့ ပွဲမှာ ပြန်လည် အသုံးချသွားမယ်လို့ ဆိုပါတယ်။

ဒီအခွင့်အရေးဟာ ကရာကီ အတွက်တော့ MMA လောကမှာ ထိပ်ဆုံးကို ရောက်နိုင်မယ့် အောင်မြင်မှုကြီးဖြစ်လို့ သူ့အနေနဲ့ လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ကျွန်တော် ဖိုက်တာလုပ်ဖို့ ဆုံးဖြတ်လိုက်ထဲက ထိပ်ဆုံးအဆင့်ကိုရောက်ရမယ်လို့ သံဓိဌါန်ချထားပြီးသားပါ” ဟု ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ သုဝဏ္ဏမိုးလုံလေလုံမှာ ယှဉ်ပြိုင်ကြမယ့် “Pursuit Of Greatness” ပွဲကြီးကတော့ ရင်ခုန်စရာကောင်းနေပါပြီ။ 

ပွဲလက်မှတ်များကို My Asia Tick ဖုန်း - ၀၁ ၅၄၉ ၂၉၇ တွင် ဆက်သွယ် ဝယ်ယူနိုင်ကြပါပြီ။


19 Oct 2018     1,653 Views




RELATED

Most Popular of Boxing

Most Popular of NEWS