BEC-TERO TV

ဂုဏ်သိက္ခာအတွက် မြန်မာ့စပါးအုံး နဲ့ မီးလျှံငှက် တို့ ရေကုန်ရေခမ်း အလဲထိုးမည်

26 Oct 2018     1,463 Views


ယနေ့ အောက်တိုဘာလ ၂၆ (သောကြာနေ့) ညနေမှာတော့ မြန်မာ့စပါးအုံး “အောင်လအန်ဆန်း” နဲ့ မီးလျှံငှက်လို့ တင်စားခံထားရတဲ့ “မိုဟာမက် ကရာကီ” တို့ရဲ့ ဝမ်းချံပီယံရှစ် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲကြီး “PURSUIT OF GREATNESS “ ကို ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံခန်းမကြီးမှာ စတင်ယှဉ်ပြိုင် ထိုးသတ်သွားကြမှာဖြစ်ပါတယ်။

ဒီပွဲကြီးဟာ ၂၀၁၈ ခုနှစ်အတွက် “အောင်လအန်ဆန်း” ရဲ့ နှစ်ပိတ် နောက်ဆုံးပွဲစဉ်လည်းဖြစ်ပြီး မစ်ဒယ်လ်ဝိတ်တန်း ချံပီယံခါးပတ်ကို ဒုတိယအကြိမ်မြောက် ကာကွယ်ရမယ့်ပွဲလည်းဖြစ်ပါတယ်။ မြန်မာတို့ရဲ့အသဲကျော် “အောင်လအန်ဆန်း” ဟာ သူ့ရဲ့ အထင်ကရချုပ်ကွက်များကြောင့် (မြန်မာ့စပါးအုံး)အဖြစ် အမည်တွင်ခဲ့သလို ယနေ့သူ့ရဲ့ ပြိုင်ဘက်ဖြစ်လာခဲ့တဲ့ လဘနွန်နိုင်ငံသား “မိုဟာမက် အိုလုတာဒေါ ကရာကီ” ဟာ MMA လောကမှာ ရှုံးပွဲမရှိ (၉)ပွဲ ဆက်တိုက် အနိုင်ရထားပြီး မီးတောက်အလျှံတငြီးငြီးနဲ့ ဖီးနစ်ငှက်အဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။

ပြိုင်ဘက်နှစ်ယောက်စလုံးဟာ လက်ရွေးစင်ချုပ်ကွက်များနဲ့ မြေပြင်တိုက်ကွက် အားသာချက်ကိုယ်စီ တူညီတာမို့ ယနေ့ည ပွဲဟာ ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားကြရဦးမယ့် အကောင်းဆုံးပွဲဖြစ်လာမှာ သေချာပါတယ်။

တစ်ယောက်ရဲ့ ကစားကွက်ကို တစ်ယောက်က အပြန်အလှန်လေ့လာထားကြပြီးဖြစ်လို့ ကစားနေကြပုံစံများထဲက ကွဲထွက်ပြီး ယှဉ်ပြိုင်ကြမှသာ အနိုင်ရဖို့အခွင့်အရေးရှိတယ်ဆိုတာကို သဘောပေါက်ထားကြပြီးဖြစ်ပါတယ်။ “အောင်လအန်ဆန်း” က ဒီနေ့ပွဲမှာတော့ နည်းစနစ်အသစ်တွေကို ထပ်မံဖြည့်တင်း လေ့ကျင့်ထားပြီး ချုပ်ကွက်ထက် လက်ဝှေ့ကို ဦးစားပေးကစားသွားမယ်လို့ ယူဆရပါတယ်။ ပရိသတ်တွေ တစ်ခါမှ မမြင်ရဖူးသေးတဲ့ အောင်လအန်ဆန်းရဲ့ Special Attack တိုက်ကွက်အသစ်တွေကို ဒီနေ့ညမှာ မြင်တွေ့သွားရဖို့ မျှော်လင့်ထားပါတယ်။

ချံပီယံခါးပတ်လုပွဲဖြစ်လို့ (၅)ချီ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပေမယ့် “အောင်လအန်ဆန်း” က ပြိုင်ဘက်ဖြစ်တဲ့ “မိုဟာမက် ကရာကီ” ကို (၃)ချီနဲ့ ပွဲသိမ်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“မိုဟာမက်ကရာကီ” အနေနဲ့လည်း Undefeated ဆိုတဲ့ ရှုံးပွဲမရှိ ခေါင်းစဉ်အတွက် အစွမ်းကုန်ကြိုးစားကာ အလဲထိုးသတ်သွားမည် ကြောက်စရာကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပွဲကျပ်အတွေ့အကြုံများလည်း ရှိထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

“အောင်လအန်ဆန်း” လို ချံပီယံခါးပတ် နှစ်ခုပိုင်ရှင်အနေနဲ့ ၂၀၁၈ ခုနှစ်ကို အောင်မြင်မှုတွေနဲ့အတူ ပိုင်ဆိုင်ထားတဲ့ ခါးပါတ်တွေကို ကာကွယ်သွားနိုင်မလား..? “မိုဟာမက်ကရာကီ” ကရော ပြိုင်ဘက်ရဲ့ အင်ပါယာထဲမှာ ရွှေခါးပါတ်ဆုကို အရယူကာ ONE Championship မှာ နေရာယူသွားနိုင်မလားဆိုတာကတော့ တစ်ကယ်ကို ရင်ခုန်ဖို့ကောင်းပါတယ်။

ယနေ့ညမှာ Main Event ဖြစ်တဲ့ “အောင်လအန်ဆန်း နဲ့ မိုဟာမက် ကရာကီ” တို့အပြင် မြန်မာဖိုက်တာများဖြစ်တဲ့ “ဖိုးသော်” က မလေးရှားနိုင်ငံသား “ကနူးဆာဘာ” ၊ “ရဲသွေးနီ နဲ့ မိုက်ရိုင်း” တို့ကလည်း ပါဝင်ယှဉ်ပြိုင် ထိုးသတ်သွားမှာဖြစ်ပါတယ်။

ONE Championship “PURSUIT OF GREATNESS” ပွဲစဉ်များကို Fox Sports, SkyNet, MRTV (Main Event) နဲ့ မိုဘိုင်းအပလီကေးရှင်းဖြစ်တဲ့ ONE App တို့ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

“အောင်လအန်ဆန်း” ကို သုဝဏ္ဏကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေးချင်ကြတဲ့ ပရိသတ်တွေအတွက် ပွဲလက်မှတ်များကို အောက်တိုဘာ ၂၆ သောကြာနေ့ (ယနေ့)နေ့လည် ၂ နာရီအချိန်မှ စတင်ပြီး သုဝဏ္ဏမိုးလုံလေလုံတွင် စတင်ရောင်းချပေးနေပြီ ဖြစ်ပါကြောင်း အသိပေးလိုက်ရပါတယ်။

>> ဆက်စပ်သတင်းများ <<

>> ပြိုင်ဘက်ရဲ့ အင်ပါယာထဲမှာ ရွှေခါးပတ်ကို အရယူမယ်ဆိုတဲ့ မိုဟာမက်ကရာကီ

>> ပြိုင်ဘက်ကို ၃ ချီနဲ့ ပွဲသိမ်းအနိုင်ယူမည့် အောင်လအန်ဆန်း


26 Oct 2018     1,463 Views




RELATED

Most Popular of Boxing

Most Popular of NEWS