BEC-TERO TV

ပရိသတ်ကို ပွဲဆူစေတဲ့ “Master Chef” အစွမ်း အရမ်းထက်တယ်

05 Nov 2018     1,777 Views


MRTV 4 ရုပ်သံလိုင်းကနေ အပတ်စဉ်ထုတ်လွှင့်နေတဲ့ “Master Chef” ဟင်းချက်ပြိုင်ပွဲအစီစဉ်ဟာ ဒိုင်လူကြီးတွေရဲ့ အာမနာတမ်း ဝေဖန်တဲ့ ကွန်မန့်ခပ်ကြမ်းကြမ်းတွေကြောင့် ပွဲဆူခဲ့ရပြီး ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူတင်ရဲ့ ဖေ့စ်ဘွခ်အကောင့် ဟက်ခ်ခံရတဲ့ထိ သက်ရောက် အောင်မြင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ချင့်ချင့်ချိန်ချိန် ပြောဆိုဝေဖန်လာတဲ့ ဒိုင်လူကြီးတွေရဲ့ ကွန်မန့်ကြောင့် ပရိသတ်ဘဝင်ကျခဲ့ပေမယ့် ပြိုင်ပွဲဝင်တွေအချင်းချင်း မလိုလားအပ်စွာ ပြင်းထန်တဲ့ ပြိုင်ဆိုင်ပုတ်ခတ်ပြောဆိုမှုတွေကြောင့် ဟင်းချက်ပြိုင်ပွဲလား..? စိတ်ပုတ်ပြိုင်ပွဲလား..? လို့ ပရိသတ်မေးခွန်းထုတ် နောက်တစ်မျိုး ပွဲဆူနေပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ပြိုင်ပွဲအစီစဉ်ပေါင်းများစွာ ပြုလုပ်ထုတ်လွှင့်ပြသခဲ့၊ ပြသဆဲရှိနေပါတယ်။ မည်သည့်ပြိုင်ပွဲမှာမဆို (ပရိသတ်တွေ ဖန်ကွဲကြရင်တောင်) နောက်ကွယ်မှာ ပြိုင်ဝင်တွေအချင်းချင်း စည်းလုံးချစ်ခင်ကြပါတယ်။ ယှဉ်ပြိုင်တဲ့အခါ ပြိုင်ပွဲစည်းကမ်းအရ ပွဲကထွက်ရတဲ့အချိန် ကျန်ရစ်တဲ့ ပြိုင်ပွဲဝင်တွေက ဝမ်းနည်းစွာနဲ့ နှုတ်ဆက်ကြတာမျိုး မြင်ဖူးတွေ့ဖူးကြပါတယ်။ ဒါဟာ မြင့်မြတ်တဲ့ အဆင့်အတန်းရှိတဲ့ လူကြီးလူကောင်းဆန်တဲ့ စိတ်ဓါတ်ပါ။ ပြိုင်ပွဲမှာ ရှုံးနိမ့်ခြင်းက သူတို့ဘဝရှုံးနိမ့်ခြင်း မဟုတ်ဘူးဆိုတာ ပြိုင်ပွဲဝင်တွေအားလုံး နားလည်ထားကြပါတယ်။

ဒါပေမယ့် “Master Chef” ပြိုင်ပွဲမှာတော့ တမူထူးခြားစွာ ပြိုင်ပွဲဝင်အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပုတ်ခတ်ပြောဆိုတာတွေ၊ မနာလိုဝန်တိုစိတ်ကြီးတာတွေကို တွေ့နေရပါတယ်။ ပြိုင်ပွဲမှာ ကြိုးစားလို့ ဆက်လက်ရွေးချယ်ခံလာရပေမယ့် ကံကောင်းလို့ ပါလာတာလို့ ပြောသလို၊ ဒီလူကိုတော့ ပြုတ်စေချင်တယ် စသည်ဖြင့် အစီစဉ်ကပါ မကွယ်မဝှက်ပဲ ထုတ်လွှင့်ပြသတာမို့ Reality Show စစ်ပေမယ့် ပရိသတ်တွေကြားမှာတော့ အတော်လေး ဂယက်ထနေပါတယ်။

ရုပ်သံပရိုဂျူဆာ ‘Franc Roddam’

“Master Chef” အစီစဉ်ကို ဗြိတိသျှလူမျိုး ရုပ်သံပရိုဂျူဆာ ‘Franc Roddam’ က စတင်တီထွင်ခဲ့ပြီး ၁၉၉၀ ခုနှစ် ဇူလိုင်လမှာ ယူကေ ကနေ စတင်ခဲ့ပါတယ်။ အခုဆိုရင် “Master Chef” အစီစဉ်ကို နိုင်ငံပေါင်း ၄၀ ကျော်မှာ ထုတ်လွှင့်တင်ဆက်နေပြီး မြန်မာနိုင်ငံကတော့ ၂၀၁၈ ခုနှစ်မှာ ပထမဦးဆုံး ရာသီအနေနဲ့ ပရိသတ်ကို မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ တင်ဆက်မှု ဇာတ်ညွှန်း ဘယ်လိုရှိမယ်ဆိုတာ သေချာမပြောနိုင်ပေမယ့် ပြိုင်ပွဲဝင်အချင်းချင်း တမင်ရည်ရွယ်ချက် ရှိရှိတိုက်ခိုက်ဖို့ကိုတော့ ထုတ်လုပ်သူတွေအနေနဲ့ သင်ပေးထားမှာ မဟုတ်လောက်ပါဘူး။


ပြိုင်ပွဲဝင်အချို့ရဲ့ အင်တာဗျူးမှာ ကျတဲ့ခဲ့တဲ့ မျက်ရည်တွေက မြန်မာရုပ်ရှင်ဇာတ်ကားထဲက မျက်ရည်တွေမဟုတ်ပါဘူး၊ နှလုံးသားထဲက နာကျင်လွန်းလို့ မထိန်းနိုင်ပဲ ကျခဲ့တဲ့ မျက်ရည်တွေပါ။ ဘယ်သူကများ ကိုယ်မျက်ရည်ကျနေတာ၊ ကိုယ်အပြောခံနေရတာ၊ ရှုံးနိမ့်နေရတာတွေကို မြန်မာတစ်ပြည်လုံးကြည့်နေတဲ့ ရုပ်သံအစီစဉ်မှာ ပြောပြချင်ပါမလဲ။

“Master Chef” က ပြိုင်ပွဲဝင်အချို့ မလိုအပ်ပဲ အခြားပြိုင်ပွဲဝင်တွေရဲ့  စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေ၊ Discriminate လို့ခေါ်တဲ့ ခွဲခြားနှိပ်ချဆက်ဆံမှုတွေကို ထိန်းကြောင်းပေးဖို့ ပရိသတ်တွေကလည်း ဝေဖန်နေသလို အခုနောက်ဆုံးအစီစဉ်မှာ နှုတ်ဆက် ထွက်ခွာခဲ့ရတဲ့ ပြိုင်ပွဲဝင် “မခင်ချိုမာ” ကလည်း ဝမ်းနည်းစွာနဲ့ အကြံပြုထားခဲ့ပါတယ်။

လက်ရှိမှာတော့ ဒိုင်တွေအပေါ် ဝေဖန်မှု မရှိတော့သလောက်ဖြစ်သွားပြီး အသက်အငယ်ဆုံး ပြိုင်ပွဲဝင် “သီဟမင်းသွေး” နဲ့ “မအေးအေးသိန်း” တို့ရဲ့ အခြားပြိုင်ပွဲဝင်တွေအပေါ် နှိမ်ချပြောဆိုမှုတွေအပေါ် ဝေဖန်မှုတွေ ပြင်းထန်နေပြီး သူတို့ရဲ့ ရုပ်ပုံတွေနဲ့ “meme” “troll” လုပ်တဲ့ ပုံတွေကိုပါ တွေ့လာရပါတယ်။

နိုင်ငံတစ်ကာရဲ့ မည်သည့်ပြိုင်ပွဲကိုမဆို လိုင်စင်ယူ၍ ရိုက်ကူးထုတ်လွှင့်သည်ဖြစ်စေ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တို့ကို ဆန့်ကျင်မည်ကိုတော့ ပရိသတ်က လက်ခံလိမ့်မည်မဟုတ်ပါ။ “Master Chef” အစီစဉ်ဟာ ရည်ရွယ်ချက်ကောင်းပြီး တစ်ဆင့်ထက်တစ်ဆင့်လည်း မြင့်လာတာမို့ ပြိုင်ပွဲဝင်တွေအနေနဲ့ စိတ်ဖိစီးမှုတွေ များနေမှာ ပြောဖို့ရန်မလိုတော့ပါဘူး။

Master Chef Myanmar” ရဲ့ Winner တစ်ယောက်ဖြစ်လာဖို့ ဟင်းချက်တတ်ရုံနဲ့ မရပါဘူး၊ စိတ်ဓာတ်ခွန်အား ကြံကြံခိုင် ကိုယ်ချက်တဲ့ ဟင်းပွဲကို မှတ်ကျောက်တင်ဝေဖန်ခံနိုင်ဖို့ ကလည်း မရှိမဖြစ် လိုတယ်ဆိုတာ အမှန်ပါပဲ..

သို့သော် တစ်ဖက်သတ် နှိမ်ချပြောဆိုဆက်ဆံတာတွေကို မျက်ရည်စက်လက်နဲ့ ခေါင်းငုံ့ခံနိုင်ဖို့လည်း Master Chef တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်း တစ်ရပ်လားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်လို့နေပါတယ်..။


05 Nov 2018     1,777 Views




RELATED

Most Popular of Special or Others

Most Popular of NEWS