BEC-TERO TV

ဒေါ်နယ်ထရမ့်နဲ့ စကားများခဲ့တဲ့ CNN သတင်းထောက်ကို အိမ်ဖြူတော်ဝင်ခွင့် ရုပ်သိမ်း

08 Nov 2018     1,263 Views


ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ CNN သတင်းထောက် Jim Acosta ကို အိမ်ဖြူတော်ဝင်ခွင့် ရုပ်သိမ်းခံခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့ည ၇ နာရီအချိန်မှာ “Anderson Cooper 360” အစီစဉ် တိုက်ရိုက်ထုတ်လွှင့်ပြသရန် အိမ်ဖြူတော်ထဲကို သတင်းသမားတွေ ဝင်နေကြအတိုင်း Jim Acosta က ဝင်ခဲ့ရာမှာ လုံခြုံရေးက ဝင်ခွင့်မပြုကြောင်း တားမြစ်ခံခဲ့ရပါတယ်။ ဒီအကြောင်းကို သူ့ရဲ့ တွစ်တာမှာ တင်ထားခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူးဖြစ်သူ Sarah Sanders က Jim Acosta ရဲ့ အိမ်ဖြူတော်ဝင်ခွင့်ကို သူတို့ဘက်က အကြောင်းကြားမှု တစ်စုံတစ်ရာမရမချင်း ရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Jim Acosta ဟာ စင်ထရယ်အမေရိက ကနေ ဝင်ရောက်လာသူတွေနဲ့ ပက်သက်ပြီး သမ္မတဒေါ်နယ်ထရမ့် ကို မေးခွန်းမေးမြန်စဉ် အပြန်အလှန်အငြင်းပွားမှုဖြစ်ခဲ့ပါတယ်။ အဆိုပါ သတင်းစာရှင်းလင်းပွဲဟာ ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်နေတာမို့ အတော်လေး အကျည်းတန်ခဲ့ပါတယ်။

ရှင်းလင်းပွဲမှာ သမ္မတဒေါ်နယ်ထရမ့် က ပထမဦးဆုံး မေးခွန်းမေးဖို့ ခွင့်ပြုခဲ့သူဟာ Jim Acosta ဖြစ်ပါတယ်။ Jim Acosta က “သမ္မတရဲ့ နောက်ဆုံးပိတ် ကမ်ပိန်းတစ်ခုနဲ့ ပက်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အပေါ် သမ္မတနဲ့ စိန်ခေါ်ပြောကြားချင်ပါတယ်” လို့ မေးခွန်းစခဲ့ပါတယ်။

အဲဒီအချိန်မှာ ဒေါ်နယ်ထရမ့်က “ကဲ.. ပြောကြတာပေါ့” လို့ စတင်လိုက်ပါတယ်။

Jim Acosta က “စင်ထရယ်အမေရိက ကနေ အမေရိကန်တောင်ပိုင်း နယ်စယ်တွေဆီကို ပြောင်းရွေ့လာနေကြတဲ့သူတွေဟာ ကျူးကျော်သူတွေ မဟုတ်ဘူး၊ ဒီခရီးသွားအုပ်စုတွေဟာ အမေရိကန်တောင်ပိုင်းက နယ်စပ်နားကို ပြောင်းရွေ့နေထိုင်ကြသူတွေသာဖြစ်တယ်” လို့ဆိုပါတယ်။

Jim Acosta ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဒီလိုရွေ့ပြောင်းလာသူတွေနဲ့ ပက်သက်ပြီး ထရမ့်ရဲ့ ကမ်ပိန်းမှာ လူမျိုးရေးခွဲခြားမှုဆန်တဲ့ ကြော်ငြာတွေကို ရည်ညွှန်းပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီလူတွေဟာ အမေရိကန်နိုင်ငံထဲကို တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်ဖို့ အလားအလာရှိနေတယ်လို့ ထရမ့်က ယူဆထားပါတယ်။

ဒေါ်နယ်ထရမ့် က “အခုလိုငါ့ကိုပြောပြတာ ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

Jim Acosta က “ဒါဆိုရင် ခင်ဗျားဘာလို့ အဲ့လိုလုပ်ရတာလဲ” လို့ မေးပါတယ်။

ထရမ့်က “အကုန်လုံးကို ငါမရည်ရွယ်ပါဘူး၊ ငါလည်း သူတို့ကို အမေရိကန်ထဲ ဝင်လာစေချင်ပါတယ် ဒါပေမယ့် တရားဝင်းနည်းလမ်းနဲ့ပါ

Jim Acosta က “သူတို့ဟာ အခုဆိုရင် အမေရိကန်နယ်စပ်နဲ့ မိုင်ရာနဲ့ချီတဲ့ အဝေးကြီးမှာပဲ ရှိနေပါသေးတယ်။ ဒါဟာ ကျူးကျော်နေကြတာ မဟုတ်ပါဘူး” ဟု ပြောလိုက်ချိန်မှာ သမ္မတထရမ့် မျက်နှာပျက်သွားပြီး Jim Acosta ကို လက်ညိုးထိုးလျှက်

ဒီမှာ ခင်များသိလား..? ခင်များလည်း သိမှာပါ၊ အရိုးသားဆုံးပြောရရင် ခင်များအနေနဲ့ ကျုပ်ကို နိုင်ငံတော်အတွက် စီမံခွင့်ပေးပါ၊ ခင်းများက CNN ကိစ္စတွေပဲ လုပ်ပါ။ ခင်များအလုပ်ကောင်ကောင်းလုပ်ရင် ခင်များအတွက် အလားအလာကောင်းလာမှာပါ” ဟု ပြောဆိုခဲ့ပြီး မေးခွန်းဆက်မမေးတော့ရန် “တော်လောက်ပြီ” ဟု ပြောခဲ့ပါတယ်။

ဒါပေမယ့် Jim Acosta က ဆက်ပြီးမေးနေတာကြောင့် သမ္မတက “ခင်များမိုက်ကရိုဖုန်းကို ချလိုက်ပါ” ဟု ပြောပါတယ်။ တာဝန်ရှိသူတစ်ယောက်က Jim Acosta ရဲ့ လက်ထဲက မိုက်ကရိုဖုန်းကို ယူဖို့ကြိုးစားပေမယ့် သူကမပေးခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ထရမ့်က “ခင်ဗျားက CNN ကို တော်တော်အရှက်ရစေတဲ့လူပဲ၊ အလွန်ရိုင်းစိုင်းပြီး CNN လို သတင်းဌါနမျိုးမှာ ခင်ဗျားလိုလူ မရှိသင့်ဘူး” လို့ ရင့်ရင့်သီးသီးပြောဆိုပြီး အခြားသတင်းထောက်တွေကို အလှည့်ပေးခဲ့ပါတယ်။

Jim Acosta ဟာ သမ္မတထရမ့်ကို နှိပ်ကွပ်ရာမှာ အတော်လေး တက်ကြွသူဖြစ်ပြီး အဲဒီအတွက် သူ့ကို သဘောကျသူတွေရှိသလို ဝေဖန်ခံရမှုတွေလည်း အများကြီးရှိနေပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲအပြီးမှာ သမ္မတဟာ သူပြောခဲ့တဲ့စကားတွေနဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် တာဝန်ယူနိုင်အောင် Jim Acosta က ပြောဆိုခဲ့တဲ့အတွက် အွန်လိုင်းပေါ်ကလူတွေက ထောက်ခံနေကြပါတယ်။

အဲဒီသတင်စာရှင်းလင်းပွဲမှာ ထရမ့်ဟာ အခြားသတင်းထောက်တွေနဲ့လည်း ပြဿနာအနည်းငယ်ရှိခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြပါရှိသည်။


08 Nov 2018     1,263 Views




RELATED

Most Popular of International News

Most Popular of NEWS