BEC-TERO TV

လမ်းမပေါ်က ဒုက္ခရောက်နေတဲ့မိသားစုကို အပြုံးအပျော်တွေ ဖန်တီးပေးခဲ့တဲ့ ခိုင်နှင်းဝေ

08 Nov 2018     1,273 Views


ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို စေတနာသဒ္ဒါပိုင်းမှာလဲ ရက်ရောဖြူစင်လွန်းသူဖြစ်ပါတယ်။ အလှူအတန်းနဲ့ပတ်သက်ပြီး လက်မနှေးသလို အကူအညီလိုအပ်နေသူများကိုတွေ့ရင်လဲ မကူညီရမနေနိုင်အောင် အကြင်နာတရားပြည့်ဝသူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရဟိတလုပ်ငန်းတွေမှာလဲ စွမ်းစွမ်းတမံ အားတက်သရောပါဝင်ကူညီကာ ဒုက္ခရောက်နေသူများကို ကူညီဖေးမပေးနေတာကြောင့် ပရဟိတမင်းသမီးလို့တင်စားခေါ်ဝေါ်ခြင်းခံရကာ ပရိသတ်တိုင်းရဲ့ချစ်ခင်မှုတွေကို အပြည့်အ၀ရရှိထားတာပဲဖြစ်ပါတယ်။

ဒုက္ခရောက်နေသူတွေကိုတွေ့ရင် မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်ကိုပင်မေ့လျော့သွားကာ ရောက်ရာနေရာမှာ ကူညီတတ်သူဖြစ်တဲ့ ခိုင်နှင်းဝေကတော့ လမ်းမပေါ်မှာ ဒုက္ခရောက်နေကြတဲ့ မိသားစုလေးကို အပြုံးအပျော်တွေ ဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်…. သူမအနေနဲ့ တက်နိုင်သလောက်ကူညီဖြည့်ဆည်းပေးခဲ့ကာ ရင့်နင့်စရာမြင်ကွင်းကြောင့် စိတ်မကောင်းဖြစ်ခဲ့ရကြောင်းကိုပါ ယခုလိုရေးသားဖော်ပြထားပါတယ်။

“မင်္ဂလာဆောင်လေးတခု သွားရင်း တော်ဝင်စင်တာ မီးပွိုင့်မှာ အမေနဲ့ ကလေး 4ယောက် နေပူကြီးထဲမှာ အိပ်နေကြတာ မြင်လိုက်တော့ ကျွန်မ ရင်ထဲ တော်တော်လှုပ်ခတ်သွားမိတယ် ... အချိန်ကလဲကပ်နေ မီးပွိုင့်ကလည်း စိမ်းသွားတော့ ကျွန်မ စိတ်လေး သူတို့ဆီထားခဲ့ပြီး မင်္ဂလာဆောင် ဆီ ထွက်ခွာလာမိတယ်လေ ....မင်္ဂလာဆောင်ကနေ ပြန်လာတော့လဲ သူတို့ အဲ့နေရာလေးမှာပဲအိပ်နေကြတုန်းပဲ ......ဒီမြင်ကွင်းမြင်တဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် ဟိုးတလောတုန်းကပဲ ဆရာမကြီး နုနုရည်အင်းဝ ရဲ့ " အမှတ်မရှိ လမ်းမရှိ ကီလီဗော တံတား " ဆိုတဲ့ စာအုပ်လေးကလည်း ဖတ်ထား မိတော့ ဇာတ်ကောင် စက်ဝိုင်းရဲ့ ဝိဥာဉ်လေးက ကျွန်မ စိတ်နှလုံးသား ထဲကို ဝင်ပူးနေလေတော့ ကျွန်မ စိတ်ဝိဥာဉ် ကသူတို့ဆီမရောက်ရောက်အောင် သွားဖို့ တွန်းပို့နေသလိုဖြစ်နေခဲ့ပြီလေ”

“ကျွန်မ ပွဲတတ်မြန်မာဝတ်စုံကြီးနဲ့ ကားပေါ်မှာ ကလေးတွေ တွေ့ရင် လှူဖို့ အမြဲဆောင်ထားတဲ့ အရုပ်လေးတွေ ယူပြီး သူတို့လေးတွေရှိတဲ့ ပလတ်ဖောင်းကို ရောက်သွားတော့ မီးပွိုင့်က ကားတွေကလည်း ဝိုင်းကြည့် ဖြတ်သွားဖြတ်လာ လူတွေကလည်း ဝိုင်းကြည့်နေတော့မှ ကျွန်မ ကိုယ် ကျွန်မ မင်းသမီးတယောက် ဆိုတဲ့ သတိလေးပြန်ကပ်မိသွားတယ် .....သူတို့နဲ့ စကားပြောမိတော့ သူတို့ လာတဲ့နေရာက တော်တော်ဝေးတယ် ဗိုက်လဲဆာနေတယ်ဆိုတော့ အနားမှာ ရှိတဲ့ ဆိုင်က မုန့်လေးတွေအအေးတွေ ဝယ်တိုက်တော့ ကလေးတွေက ပျော်နေရှာတယ် ကျွန်မ မှာလဲ ပရဟိတအဖွဲ့ကကော ကားကော မပါတော့ သွားချင်တဲ့နေရာကို နောက်နေ့ လာခေါ် ပြီးပို့ပေးမယ် လို့ ပြောခဲ့တယ် ကိုယ်တက်နိုင်သလောက်လည်း သူတို့ပျော်ရွှင်မှုလေးကို ဖန်တီးပေးခဲ့တယ် ..... နောက်နေ့ ပြန်သွားကြည့်တော့ သူတို့ကို ရှာမတွေ့တော့ဖူးလေ… ကျွန်မ လေ ကိုယ့်ကိုကိုယ် လောဘကြီးတယ် လို့ တခါတလေ သုံးသပ်မိတယ် ကျွန်မ ခေါင်းထဲ သူတို့ လေးတွေလို လူတွေ ကလေးလေးတွေ ရှေ့ရေးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ အတွေးတွေနဲ့ ကျွန်မ အိမ်ပြန်လာခဲ့မိပြန်တယ်...” ဆိုကာ သူမအနေနဲ့စိတ်မကောင်းဖြစ်ခဲ့ရကြောင်းကို ပြန်လည်ဝေမျှခဲ့တာပဲဖြစ်ပါတယ်။


08 Nov 2018     1,273 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment