BEC-TERO TV

Eleven Media ပါ ဆောင်းပါးကို ရန်ကုန်တိုင်းဝန်ကြီးချုပ် မီဒီယာများအား ပြန်လည်ရှင်းလင်း

09 Nov 2018     1,495 Views


၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ၌ ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ဖြိုးဝေ၏ ''အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ချေးငွေဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ'' ဆိုသည့် ဆောင်းပါးနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့နံနက်ပိုင်းတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခဲ့သည်။

ထိုသို့ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရှင်းလင်းပြောကြားချက်များကို ဖော်ပြလိုက်ပါသည် -

ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်)

ယနေ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတဲ့ ရည်ရွယ်ချက်ကို ကျွန်တော် ပြောပြ ပါရစေ။ အဲဒါကတော့ ၈-၁ဝ-၂ဝ၁၈ ရက်နေ့က Weekly Eleven မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် ဖြိုးဝေရဲ့ အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ချေးငွေ ဘယ်သူမှန်းမသိတဲ့ ကျောင်းကား၊ လူအမည်ပေါက် ပြည်သူ့ရှယ်ယာဆိုတဲ့ ဆောင်းပါးမှာ ဆောင်းပါးရဲ့ နောက်ဆုံးကောက်ချက်ဖြစ်တဲ့ ပြီးခဲ့တဲ့ အနှစ် ၅ဝ တုန်း ကလည်း ဒီလိုပဲ ပြည်သူ့ဘဏ္ဍာငွေတွေကို လူအမည်ပေါက်တွေအဖြစ်နဲ့ ပြည်သူ့ ဘဏ္ဍာတွေကို ယူခဲ့တယ်။

ယခု ငါးနှစ်သက်တမ်းတောင် မပြည့်သေးတဲ့ အစိုးရမှာလည်း ဒီလိုမျိုး ပြည်သူ့ဘဏ္ဍာငွေတွေကို လူပုဂ္ဂိုလ်နာမည်နဲ့ ရယူနေတယ်ဆိုတဲ့ နောက်ဆုံးနိဂုံးချုပ် ကောက်ချက်၊ ဖော်ပြချက်နဲ့ပတ်သက်ပြီး Eleven Media Group ကို တရားစွဲဆို ဆောင်ရွက်ခဲ့ပါတယ်။ တရားစွဲဆိုဆောင်ရွက်ခဲ့မှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိရှိနိုင်ဖို့အတွက် ဒီနေ့အကြမ်းဖျင်း အချို့အချက်တွေကို ရှင်းပြချင်ပါတယ်။

အဓိကစပြီး ရှင်းပြရမယ်ဆိုရင် ကျွန်တော်တို့ကို ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှာ လွှတ်တော်ကနေပြီး ဘတ်ဂျက်ငွေ ပေးခဲ့ပါတယ်။ အဲဒီဘတ်ဂျက်ငွေဟာ ကျွန်တော်တို့ အစိုးရသစ် စတာဝန်ယူခဲ့တဲ့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှာ စပြီးသုံးစွဲခွင့်ရခဲ့တဲ့ BE ဘတ်ဂျက်မှာရခဲ့တာ မဟုတ်ပါဘူး။ ဖြည့်စွက်ဘတ်ဂျက်မှာ ငွေကျပ် ၁၃၄ ဘီလီယံကို ရင်းနှီးမြှုပ်နှံဖို့အတွက် ကျွန်တော်တို့ သုံးစွဲခွင့်ရခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံဖို့အတွက် သုံးစွဲခွင့်ရခဲ့တယ်ဆိုတဲ့ အခြေအနေကို လွှတ်တော်က နေပြီး ကဏ္ဍနှစ်ခုမှာ သုံးစွဲဖို့အတွက် အတည်ပြုပေးခဲ့ပါတယ်။ တစ်ခုက ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍမှာ သုံးဖို့ဖြစ်ပါတယ်။ နောက်တစ်ခုက အိမ်ရာစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသုံးစွဲဖို့အတွက် ဖြစ်ပါတယ်။


ရင်းနှီးမြှုပ်နှံသုံးစွဲမှု

ဒါကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဒါကို ရင်းနှီးမြှုပ်နှံမှုပြုခဲ့ပါတယ်။ တစ်ခုက သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ပတ်သက်ပြီး ကုမ္ပဏီနှစ်ခုမှာ ငွေကျပ် ၃၅ ဘီလီယံစီနဲ့ စုစုပေါင်း ငွေကျပ် ၇ဝ ဘီလီယံ သုံးစွဲခဲ့ပါတယ်။ နောက်တစ်ခုက ဆောက်လုပ်ရေးကဏ္ဍ နယ်ပယ်အတွက်Yangon Metropolitan Development ကုမ္ပဏီမှာ ငွေကျပ် ၅၄ ဘီလီယံနဲ့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီမှာ ငွေကျပ်$ ၁ဝ ဘီလီယံ မြှုပ်နှံသုံးစွဲခဲ့ပါတယ်။ ဒီမြှုပ်နှံသုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး လူတွေက ပြောဆို ဆွေးနွေးကြတဲ့ အခြေအနေ၊ အများပြည်သူတွေသိရှိတဲ့ အခြေအနေနဲ့ မီဒီယာတွေ ပေါ်မှာ ရေးနေတဲ့ အနေအထားတွေအပေါ်မှာ ကွဲလွဲချက်တွေရှိနေပါတယ်။

အဲဒါက သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ငွေကျပ် ၇ဝ ဘီလီယံနဲ့ ကားအစီး ၁ဝဝဝ ဝယ်ယူတယ်ဆိုတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာန ကလည်း ကားအစီး ၁ဝဝဝ ဝယ်ယူမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ကျွန်တော်တို့ကို စွပ်စွဲခဲ့ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနကို လည်း ခေါ်ယူပြီးရှင်းလင်းခဲ့ပါတယ်။ ဒါပေမယ့် သတင်းဌာနမှာတော့ ပြန်လည်ဖော်ပြခြင်းမရှိခဲ့ပါဘူး။

ကျွန်တော်တို့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ငွေကျပ် ၇ဝ ဘီလီယံ ရင်းနှီးမြှုပ်နှံတယ်ဆိုတဲ့ အခြေအနေနဲ့ပတ်သက်တဲ့ ဘတ်ဂျက်ချပေးလိုက် မှုကို ကျွန်တော် အနည်းငယ်ရှင်းပြချင်ပါတယ်။

၂ဝ၁၆ -၂ဝ၁၇ ဖြည့်စွက်ဘတ်ဂျက်မှာ ဘတ်ဂျက်သုံးစွဲမှုခေါင်းစဉ် သုံးခုရှိပါတယ်။ တစ်ခုက သာမန်အသုံးစရိတ် ဖြစ်ပါတယ်။ သာမန်အသုံးစရိတ်ဆိုတာ လစာပေးတာ၊ ပြင်ထိန်း ဆောင်ရွက်တာစတဲ့ အသေးသုံးစွဲမှုတွေဖြစ်ပါတယ်။ နောက်တစ်ခုက ငွေလုံးငွေရင်းသုံးစွဲမှု ဖြစ်ပါတယ်။ ငွေလုံးငွေရင်းသုံးစွဲမှုဆိုတာက အဆောက်အအုံတွေ တည်ဆောက်တယ်၊ ရုံးကားတွေဝယ်တယ်၊ သုံးစွဲမှုလုပ်ငန်း နယ်ပယ်အသီးသီး မှာ ဖွံ့ဖြိုးရေးအတွက် လမ်းခင်းမယ်၊ တံတားဆောက်မယ် ဒါတွေဟာ ငွေလုံးငွေရင်း အသုံးစရိတ်တွေ ဖြစ်ပါတယ်။


ငွေလုံးငွေရင်း အသုံးစရိတ်

ကျွန်တော်တို့ကို ၂ဝ၁၆ - ၂ဝ၁၇ ဘတ်ဂျက်မှာ ချပေးလိုက်တဲ့ငွေဟာ ကြွေးမြီ အသုံးအဖြစ် သုံးစွဲဖို့အတွက် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ်လို သုံးလိုက်လို့ မရပါဘူး။ ဒီငွေဟာ ချေးငွေအဖြစ်နဲ့ ရသုံးငွေစာရင်းမှာ အမြဲတမ်း တည်ရှိနေမှာ ဖြစ်ပါတယ်။ ငွေလုံးငွေရင်းအသုံးစရိတ်ဆိုတာ ကားဝယ်လိုက်တယ်၊ အဆောက်အအုံ ဆောက်လိုက်တယ်၊ အဲဒါပြီးလို့ စစ်ဆေးပြီး၊ သုံးစွဲပြီးပြီဆိုရင် ပြီးပြီ ဖြစ်ပါတယ်။ ဒီကြွေးမြီငွေအသုံးခေါင်းစဉ်ဟာ ပျောက်သွားလို့မရပါဘူး။

အစိုးရရဲ့စာရင်းမှာ အမြဲတမ်းကြွေးမြီအဖြစ်နဲ့ ရှိနေမှာဖြစ်ပါတယ်။ ဒီကြွေးမြီနဲ့ ရခဲ့တဲ့ ကြွေးမြီငွေအသုံး ငွေကျပ် ၇ဝ ဘီလီယံကို ကျွန်တော်တို့က ကားဝယ်လိုက်လို့ မရပါဘူး။ ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဘတ်စ်ကား လုပ်ငန်း၊YBS ပြုပြင်ပြောင်းလဲရေးမှာ အခုအဝါရောင်ကားတွေနဲ့ ပြေးဆွဲနေတဲ့ ကုမ္ပဏီနှစ်ခုကို ရင်းနှီးမြှုပ်နှံမှုပြုခဲ့ပါတယ်။ တစ်ခုက ရန်ကုန်ဘတ်စ်ကားအများပိုင် ကုမ္ပဏီ YBPC ဖြစ်ပါတယ်။ ဒီကုမ္ပဏီမှာ ငွေကျပ် ၃၅ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါ တယ်။ YUPT လို့ခေါ်တဲ့ ရန်ကုန်မြို့ပြ အများနှင့်သက်ဆိုင်တဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှာ ငွေကျပ် ၃၅ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ကျွန်တော်တို့က ငွေကျပ် ၇ဝ ဘီလီယံကို ရင်းနှီးမြှုပ်နှံခဲ့ပြီး ကုမ္ပဏီဘက်က ကားဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

အစိုးရကနေ ကားဝယ်ယူတာ မဟုတ်ပါဘူး။ နောက်ပြီး ဒီကုမ္ပဏီတွေဟာ အများပိုင်ကုမ္ပဏီတွေ ဖြစ်တဲ့အတွက် ပုဂ္ဂလိက ကဏ္ဍကလူတွေ၊ ပြည်သူလူထုတွေရဲ့ အစုရှယ်ယာတွေပါဝင်တဲ့ အများပိုင်ကုမ္ပဏီတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ၁ဝဝ ရာခိုင်နှုန်းပိုင်တဲ့ ကုမ္ပဏီမဟုတ်ပါဘူး။ ဒါကြောင့် ဒီကုမ္ပဏီတွေကနေ ကားဝယ် တယ်ဆိုရင် ဒီကားဝယ်ယူမှုဟာ ကုမ္ပဏီရဲ့ ကားဝယ်ယူမှုပဲ ဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကားဝယ်ယူမှု မဟုတ်ပါဘူး။

ဒါပေမယ့် ဒီကားဝယ်ယူတဲ့နေရာမှာ ဈေးနှုန်းသက်သာဖို့၊ ဒီကားတွေရဲ့ အရည် အသွေးကောင်းမွန်ဖို့နဲ့ ဒီကားတွေဟာ တကယ်တန်ဖိုးနဲ့ ထိုက်တန်တဲ့ အဆင့်အတန်း တွေ ဖြစ်နိုင်ဖို့အတွက် အစိုးရဘက်ကနေ ကူညီပေးခဲ့တာတွေ ရှိပါတယ်။ ဒီအတွက်ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ တရုတ် ဗဟိုအစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး ဒီကိစ္စကိုဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ တရုတ်သံရုံးဘက်ကနေ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါဟာ G to G သဘောတူညီချက် ဖြစ်ပါတယ်။ အစိုးရအချင်းချင်း Government to Government သဘောတူညီချက် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဝယ်ယူတာကB to B ဖြစ်ပါတယ်။ ကုမ္ပဏီအချင်းချင်း Business to Business ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီဝယ်ယူမှုဟာ ကျွန်တော်တို့အစိုးရကနေ ကားဝယ်ယူတာ မဟုတ်ပါဘူး။ အစိုးရကနေ ရင်းနှီးမြှုပ်နှံမှုပြုတာပဲ ဖြစ်ပါတယ်။ ရင်းနှီး မြှုပ်နှံမှုပြုတဲ့ငွေကို ကုမ္ပဏီထဲကို ထည့်တာဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုပြုထားတဲ့ ငွေဟာ ကျွန်တော်တို့အစိုးရရဲ့ ငွေစာရင်းမှာ၊ ရသုံးမှန်းခြေဦးစီးဌာနရဲ့ ငွေစာရင်း မှာ ဒီငွေဟာ ကြွေးမြီအသုံးအဖြစ်နဲ့ပဲ ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ သုံးလိုက်ပြီ၊ ကုန်သွားပြီ၊ ဝယ်လိုက်ပြီလို့ လုပ်လို့မရပါဘူး။ ဒါဟာ ကြွေးမီအသုံး ခေါင်းစဉ်အောက်မှာပဲ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီကားတွေနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

ဒီလိုမျိုးပဲ အိမ်ရာစီမံကိန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုပြီး ကျွန်တော်တို့ Yangon Metropolitan Development ကုမ္ပဏီကို ထူထောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းကနေပြီး ထူထောင်ထားတဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းထားတာ ဖြစ်ပါတယ်။ “''က'' အစုရှယ်ယာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဖြစ်ပါတယ်။ “''ခ''”အစုရှယ်ယာက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းရဲ့ ထူထောင်ထားသော ကုမ္ပဏီဘက်က “''ခ''”အစုရှယ်ယာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် ၅၄ ဘီလီယံ မြှုပ်နှံခဲ့ပါ တယ်။

ဒီဥစ္စာဟာ ဘတ်ဂျက်ခေါင်းစဉ်အရ ပြောမယ်ဆိုရင် လွှတ်တော်က ကျွန်တော် တို့ကို အတည်ပြုပေးခဲ့တဲ့ ကြွေးမြီအသုံးခေါင်းစဉ်အောက်ကပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီကြွေးမြီဟာ အစိုးရရဲ့ဘတ်ဂျက်ထဲမှာ ကြွေးမြီအဖြစ်နဲ့ ရှိနေမှာ ဖြစ်ပါ တယ်။ ဒါဟာ ပျောက်သွားလို့မရပါဘူး။ ဘာလို့လဲဆိုရင် ငွေလုံးငွေရင်းလို သုံးပစ် လိုက်လို့ မရပါဘူး။ ဒါကြောင့်မို့ ကြွေးမြီအသုံးကို Yangon Metropolitan Development ကုမ္ပဏီမှာ ငွေကျပ် ၅၄ ဘီလီယံ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံ လိုက်ပါတယ်။


အစိုးရကို ကိုယ်စားပြုပြီး ပါဝင်ရမယ်

ငွေကျပ် ၅၄ ဘီလီယံမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကိုယ်စားပြုပြီး ပါဝင်ရမယ့်သူတွေကို အစိုးရကနေ သတ်မှတ်ပေးနိုင်ပါတယ်။ ဒီနေရာမှာတော့ အစိုးရကို ကိုယ်စားပြုပြီး ပါဝင်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်အစိုးရကို ကိုယ်စားပြုပြီး ပါဝင်ရမလဲဆိုရင် တိုင်းဒေသကြီးအစိုးရရဲ့ ကိုယ်စားပြုပုဂ္ဂိုလ်များဟာ ဝန်ကြီး နာမည်ရဲ့ဘေးမှာ စီမံ/ဘဏ္ဍာဝန်ကြီး ဖြစ်ရမယ်၊ ဘယ်ဝန်ကြီး ဖြစ်ရမယ်ဆိုပြီး ဆောင်ရွက်လို့မရပါဘူး။ ဒါကိုလည်း ကျွန်တော် ဒီမှာရှင်းပြချင်ပါတယ်။

တိုင်းဒေသကြီးတွေမှာရှိတဲ့ ဝန်ကြီးတွေဆိုတာ ပြည်ထောင်စုဝန်ကြီးဌာန သုံးလေးခုကို တစ်ဦးတည်းကနေပြီး ပူးတွဲပြီးကိုင်ရတာဖြစ်ပါတယ်။ တိုင်းဒေသကြီး ဝန်ကြီးဌာနဆိုတာက ပြည်ထောင်စုဝန်ကြီးဌာနရဲ့ တိုင်းဦးစီးမှူးများကို တိုင်းဒေသ ကြီး ဝန်ကြီးတွေက ကြီးကြပ်ကွပ်ကဲရတာပဲ ဖြစ်ပါတယ်။ မိခင်ဌာနက ပြည်ထောင်စုဝန်ကြီးဌာန ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ တိုင်းမှာ စီမံ/ဘဏ္ဍာ ဝန်ကြီးဆိုတာ စီမံ/ဘဏ္ဍာ တစ်ခုတည်း မဟုတ်ပါဘူး။ စီးပွားကူးသန်းတို့ အခြားသော စီးပွားရေးဆိုင်ရာ ဝန်ကြီးဌာနတွေ အကုန်လုံးကိုပူးပေါင်းပြီး ကိုင်ရတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ တိုင်းဒေသကြီးမှာ စီမံ/ဘဏ္ဍာဝန်ကြီးဌာနဆိုပြီး သီးခြား ရှိနေတာ မဟုတ်ပါဘူး။

ကျွန်တော်တို့ တိုင်းဒေသကြီးမှာရှိနေတာက တိုင်းဒေသကြီးအစိုးရကို ကိုယ်စားပြုတဲ့ ဘတ်ဂျက်ငွေပဲဖြစ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တိုင်းဒေသကြီး ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေအဖြစ်နဲ့ ရပ်တည်ရမှာဖြစ်ပါတယ်။ ဒီဥစ္စာကို လူပုဂ္ဂိုလ် နာမည်ဖြစ်သွားတယ်ဆိုတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စွပ်စွဲခဲ့မှုကတော့ လုံးဝ မှားယွင်းနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာလည်း လူပုဂ္ဂိုလ်နာမည်နဲ့ ဖြစ်သွားပြီလို့ ဖော်ပြထားတာမျိုး မရှိပါဘူး။

ဒါ့အပြင် စာရင်းစစ်ချုပ်ကိုလည်း ကျွန်တော်တို့ မေးလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့ဘက်က တရားဝင်ပြည်သူ့ဘဏ္ဍာငွေတွေကို လူနာမည်အဖြစ် ဆောင်ရွက်ထားတယ်ဆိုပြီး စာရင်းစစ်ချုပ်သုံးသပ်ချက်မှာ လုံးဝပါဝင်ခြင်း မရှိဘူးလို့ စာနဲ့ ကျွန်တော်တို့ဆီကို အကြောင်းပြန်ကြားထားတာရှိပါတယ်။ ဒါ့အပြင်ကျွန်တော်တို့ ဒီဟာနဲ့ပတ်သက်ပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှာလည်း ဒီဥစ္စာကို ပြီးခဲ့တဲ့ ၂ဝ၁၆-၂ဝ၁၇ ဘတ်ဂျက်၊ Revised Estimate မှာလည်း အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြွေးမြီအသုံးခေါင်းစဉ်အောက် ကနေ သုံးစွဲထားတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။

ဒါ့အပြင် ကုမ္ပဏီကို မှတ်ပုံတင်လုပ်ခဲ့တဲ့အခြေအနေမှာ ကျွန်တော်တို့က အစိုးရ ပါဝင်တဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာနမှာ ကျွန်တော်တို့ ဒီဥစ္စာကို မှတ်ပုံတင်လုပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီမှာ မှတ်ပုံတင်လုပ်ခဲ့တာကိုက အစိုးရကို ကိုယ်စားပြုသော အစုရှယ်ယာအဖြစ်နဲ့သာ ကျွန်တော်တို့ အခုချိန်အထိ တည်ရှိနေတာ ဖြစ်ပါတယ်။ ဒါဟာ Yangon Regional Government represented by U Myint Thaung ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ ဘာကြောင့် ကျွန်တော်တို့ ဒီဥစ္စာအပေါ်မှာ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာန ဆိုပြီး ကျွန်တော်တို့ ဖော်ပြထားတာ မဟုတ်သလဲဆိုရင် တိုင်းဒေသကြီးအစိုးရကိုပဲ ကိုယ်စားပြုသူဖြစ်ရပါမယ်။ စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနဆိုပြီး တိတိကျကျ တိုင်းဒေသ ကြီးမှာ ဖွဲ့စည်းထားတာမရှိပါဘူး။

စီမံ/ဘဏ္ဍာဝန်ကြီးဌာနဆိုတာ ပြည်ထောင်စုမှာပဲ အခိုင်အမာရှိတာ ဖြစ်ပါ တယ်။ တိုင်းဒေသကြီးရဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဌာနဆိုတာ စီးပွားကူးသန်းဝန်ကြီးဌာနက လည်း စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ပဲ သက်ဆိုင်ပါတယ်။ စီးပွားရေးနဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေအားလုံးကို ကိုယ်စားပြုပြီး ဝန်ကြီး ဦးမြင့်သောင်းက တာဝန်ယူဆောင်ရွက် ရတာဖြစ်ပါတယ်။


စွပ်စွဲရေးသားမှုကို ဥပဒေအကြံပြုချက် ရယူအမှုဖွင့်

ဒီဟာက ဝန်ကြီး ဦးမြင့်သောင်းအမည်နဲ့ ရှိနေတာမဟုတ်ပါဘူး။ ဒီဟာကို Eleven Media မှာ စွပ်စွဲရေးသားခဲ့မှုနဲ့ပတ်သက်ပြီး ဥပဒေ အကြံပြုချက်ရယူပြီး တရားရုံးမှာ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကနေ လမ်းညွှန်မှု တစ်ခုပြုခဲ့ပါတယ်။

သတင်းမီဒီယာကောင်စီကို တိုင်ကြား ပြီး သတင်းမီဒီယာကောင်စီရဲ့ ညှိနှိုင်းမှုကို ဆောင်ရွက်ပါ။ ညှိနှိုင်းလို့မရရင် ဥပဒေ လမ်းကြောင်းအရ အရေးယူဆောင်ရွက်ပါလို့ လမ်းညွှန်မှု ပြုခဲ့ပါတယ်။ ဒီအတွက် အမှုကို အာမခံပေးဖို့အတွက် မကန့်ကွက်ခဲ့ပါဘူး။ အမှုကို အာမခံပေးပါတယ်။ ဒီအမှုကို ဆက်ပြီးရုပ်သိမ်းဖို့အတွက် ဆောင်ရွက်သွားပါ့မယ်။ သတင်းမီဒီယာ ကောင်စီကိုလည်း တိုင်ကြားထားပြီးဖြစ်ပါတယ်။ သတင်းမီဒီယာကောင်စီရဲ့ ညှိနှိုင်းပေးမှု အပေါ်ကနေ ရလဒ်ကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ ဒီရလဒ်ကို ရှေ့အပတ်ထဲမှာ ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မှားယွင်းကြောင်း နိုင်ငံပိုင် သတင်းမီဒီယာတွေနဲ့၊ စာနယ်ဇင်းတွေနဲ့ ဒီ Eleven Media မှာ ပြန်လည်ဖော်ပြပေးဖို့အတွက် တောင်းဆိုထားပါတယ်။


ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်

ဒီအခြေအနေကို Eleven Media ဘက်က လိုက်နာကျင့်သုံးဆောင်ရွက် သွားမယ်ဆိုရင် ဒီအမှုဟာ ပြီးစီးသွားပါမယ်။ လိုက်နာကျင့်သုံးမှု မရှိဘူးဆိုရင် သတင်းမီဒီယာကောင်စီရဲ့ ညှိနှိုင်းပေးမှု မအောင်မြင်ခဲ့ဘူးဆိုရင် ဥပဒေကြောင်း အရ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ဥပဒေကြောင်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့ အတွက် ဥပဒေချုပ်ဆီကနေ အကြံဉာဏ် ရယူသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖြည့်စွက်ပြောကြားလိုပါတယ်။ ဒါကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို မထိပါး စေနိုင်တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါ တယ်။ ဒီမိုကရေစီအစိုးရတစ်ရပ်ကို ထူထောင်ရပ်တည်ပြီး လူ့အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်ဖို့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကို ဆောင်ရွက်ပေးနိုင် ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး တာဝန်ဖြစ်ပါတယ်။


မီဒီယာရပ်တည်ခွင့်ကို ကာကွယ်

ကျွန်တော်တို့ကိုယ်တိုင် နှစ်ပေါင်းများစွာ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုမှာ သတင်းမီဒီယာတွေရဲ့ လွတ်လပ်မှုနဲ့ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့် မရှိဘူးဆိုရင် ပြည်သူ လူထုနဲ့ အစိုးရအကြား၊ ပြည်သူလူထုနဲ့ အဖွဲ့အစည်းတွေအကြား ပေါင်းကူးတံတား ဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ ရပ်တည်မှု ပျောက်ဆုံးသွားမှာ ဖြစ်ပါတယ်။ သတင်း မီဒီယာရပ်တည်ခွင့်ကို ကာကွယ်ပေးရပါမယ်။ ဒါပေမယ့် သတင်းမီဒီယာတွေဘက်က ကျင့်ဝတ်နဲ့အညီ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ အဖွဲ့အစည်းတစ်ခုချင်းစီ ရဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို မထိပါးစေဖို့အတွက်လည်း ညှိနှိုင်းပေါင်းစပ် ပေးဖို့ ကျွန်တော်တို့အစိုးရမှာ တာဝန်ရှိပါတယ်။ သတင်းမီဒီယာကောင်စီမှာ အဓိက တာဝန်ရှိပါတယ်။ ဒီအပိုင်းကို ထိန်းညှိဆောင်ရွက်နိုင်ဖို့အတွက် နောင်ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ရှင်သန်ပြီး လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်တွေ၊ အဖွဲ့အစည်းတွေရဲ့ လွတ်လပ်ခွင့်တွေ ကိုလည်း ထိပါးမှုမဖြစ်စေနိုင်ဖို့အတွက် ဥပဒေနဲ့အကာအကွယ်ပေးနိုင်ဖို့ သတင်း မီဒီယာဘက်ကလည်း သတင်းမီဒီယာကျင့်ဝတ်တွေနဲ့အညီ ရေးသားပြီး သတင်းကို ထုတ်ပြန်ဆောင်ရွက်တဲ့ဘက်ကလည်း စနစ်တကျသတင်းထုတ်ပြန်ဆောင်ရွက်နိုင် ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


အသိပေး ပြောကြား

ဒီအတွက် ဒီနေ့ သတင်းမီဒီယာတွေကို တွေ့ဆုံအသိပေးပြောကြားရခြင်း အကြောင်းရင်းကတော့ အစိုးရအဖွဲ့အနေနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေကို သတင်းမီဒီယာကောင်စီနဲ့ ညှိနှိုင်းပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်၊ သတင်းစာတွေရဲ့ ရှင်သန်ရပ်တည်နိုင်ခွင့်အတွက် ဆက်လက် ကြိုးပမ်းသွားပါ့မယ်။ သို့သော် ဥပဒေရဲ့အပြင်ကိုရောက်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းစီရဲ့ အခွင့်အရေးတွေ၊ အဖွဲ့အစည်းတစ်ခုရဲ့ အခွင့်အရေးတွေကို ထိပါးမှုဖြစ်လာခဲ့ရင်လည်း ဥပဒေနဲ့အညီ ထိန်းညှိနိုင်ဖို့အတွက် ကျွန်တော်တို့ဘက် ကနေပြီး ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကို ကျွန်တော့်အနေနဲ့ အသိပေး ပြောကြားခြင်း ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။


မောင်မင်းနိုင် (MOI)


09 Nov 2018     1,495 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS