BEC-TERO TV

လူတွေဘာလို့ လွယ်လွယ်နဲ့မေ့ကြသလဲ

09 Nov 2018     1,651 Views


သင်ဟာမေ့တတ်သူတစ်ယောက်လား? FB password ဒါမှမဟုတ် တခြား password တွေချထားတဲ့အခါမှာ ဘယ်လိုမှပြန်စဉ်းစားမရပဲ ဖြစ်တာမျိုးတွေကြုံဖူးကြမှာပါ။ တခါတလေ ပစ္စည်းတွေကိုယ့်ဘာသာကိုယ်သိမ်းပြီး ပြန်ရှာတဲ့အခါမှာ ကိုယ်ဘယ်နား သိမ်းထားမိသလဲဆိုတာ မမှတ်မိတာမျိုးတွေဖြစ်တတ်ပါတယ်။ ၄ ၊ ၅ နှစ်လောက်မတွေ့ဖြစ်တဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတို့နဲ့ တွေ့ရင်တောင် ရုတ်တရက် သူတို့ကိုသိပေမဲ့ နာမည်ကိုဘယ်လိုမှစဉ်းစားလို့မရတာမျိုး။ စကားသာပြောနေရပေမဲ့ သူ့နာမည်ကိုမမှတ်မိလို့ ကိုယ့်ဘက်က အားတုံ့အားနာဖြစ်ရတာမျိုးတွေကြုံဖူးကြမှာပါ။ တခါတလေလဲ နာမည်အမှားတွေပြောမိ လို့အားနာရပြန်ရော။ ဒီလိုပုံစံအမျိုးမျိုးနဲ့ ကျွန်တော်တို့ လူသားတွေဟာမေ့ပျောက်ခြင်းရဲ့ သားကောင်တွေ ဖြစ်နေကြပြီမဟုတ်ပါလား။ ကျွန်တော်တို့ ဘာလို့ဒီလိုအကြောင်းအရာသေးသေးမွှားမွှားတွေကို မေ့မေ့ပျောက်ပျောက်ဖြစ်ကြပါသလဲ?

လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်မှတ် ဥာဏ်အကြောင်းကို လေ့လာတဲ့ ဆရာမ Elizabeth Loftus မှတ်ဥာဏ် နဲ့ ဘာကြောင့် မေ့ပျောက်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေကို လက်တွေ့စမ်းသပ်ပြီးအဖြေထုတ်ခဲ့ပါတယ်။

အသေအချာမှတ်ထားတဲ့အကြောင်းအရာများမေ့သွားခြင်း

လူသားမှတ်ဥာဏ်နဲ့ ပတ်သတ်တဲ့ ကျွန်တော်တို့ မကြိုက်ဆုံးအကြောင်းအရာကတော့ သေသေချာချာကြီးကို မှတ်ထားတဲ့အကြောင်းအရာများကိုမေ့ပျောက်သွားခြင်းပဲမဟုတ်ပါလား။ ကျောင်းသားဘဝ တုန်းကဆိုလဲ ကိုယ်သေချာကျက်ထားတဲ့ စာတစ်ပိုဒ်ကို တအောင့် ကြာတဲ့အခါ ပြန်ဆိုကြည့်ရင် ဘယ်လိုမှအစဖော်လို့မရတော့တာမျိုးတွေဖြစ်ဖူးကြတယ် မဟုတ်လား။ ဒီလိုဖြစ်စဉ်မျိုးကို Memory decay (ယိုယွင်းသီအိုရီ) လို့ ခေါ်ဆိုပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ သင်တစ်ခုခုကို သေချာမှတ်သားပြီးတဲ့ အချိန်နဲ့ ထိုအကြောင်းအရာကိုပြန်လည် recall ခေါ်တဲ့အချိန်ကြားမှာ သင်က တခြား မှတ်စရာတစ်ခုခုပေါ်လာတယ်ထားပါတော့။ ထိုအခါ သင့်ဦးနှောက်က တခြားအရာတစ်ခုကိုမှတ်သားဖို့ ကနဦးမှတ်သားခဲ့တဲ့နေရာကို ပေးလိုက်တဲ့အတွက် ယခင်မှတ်သားထားတဲ့အကြောင်းအရာများမေ့ပျောက်သွားရခြင်းဖြစ်ပါတယ်။

မှတ်ဥာဏ် အတားအဆီးအနှောင့်အယှက်ဖြစ်ခြင်း

ဒါကို အင်္ဂလိပ်လိုတော့ interference လို့ခေါ်ပါတယ်။ interference မှာ proactive နဲ့ retroactive ဆိုပြီး ၂ မျိုးရှိပါတယ်။ proactive ဆိုတာ ကတော့ကနဦးမှတ်ဥာဏ်ထဲမှာ မှတ်သားထားတဲ့အရာ တစ်ခုရှိတဲ့ အတွက်နောက်ထပ်မှတ်ဥာဏ်အသစ်တစ်ခုကို ထပ် မံမှတ်သားဖို့ မတတ်နိုင်တော့ခြင်းပဲဖြစ်ပါတယ်။ retroactive ကတော့ ဦးနောက်က နောက်ထပ် မှတ်ဥာဏ်အသစ်တစ်ခုကို မှတ်သားလိုက်တဲ့အတွက် မှတ်ဥာဏ်အဟောင်းကိုမေ့ပျောက်သွားခြင်းမျိုးပဲဖြစ်ပါတယ်။ ဒီလို interference မျိုးဟာ ကျွန်တော်တို့ ဦးနှောက်ထဲမှာမှတ်မိနေကျဖြစ်တဲ့ အကြောင်းအရာများကို မေ့ပျောက်သွားစေနိုင်ပါတယ်။ ဥပမာ မတွေ့တာကြာတဲ့ သူငယ်ချင်းရဲ့ နာမည်ကို ရုတ်တရက်စဉ်းစားလို့ မရတော့တာမျိုးပေါ့။

မှတ်ဥာဏ်တွေကိုတစ်စုတစ်စည်းတည်းဖြစ်စေဖို့ မစုစည်းနိုင်ခြင်း

တခါတလေမှာ ကျွန်တော်တို့ မှတ်လိုက်တဲ့အကြောင်းအရာများဟာ ကျွန်တော်တို့ ဦးနှောက်ထဲကို မရောက်သွားကြပါဘူး။ ကျွန်တော်တို့ ဦးနှောက်ထဲမှာ Long-term Memory နဲ့ Short-term Memory ဆိုပြီး ၂ ပိုင်းခွဲထားပါတယ်။ Long-term ကတော့ အချိန်တော်တော်ကြာက အဖြစ်အပျက်များကို မှတ်သားထားတဲ့မှတ်ဥာဏ် ဖြစ်ပြီး Short-term ကတော့ အကြောင်းအရာတစ်ခုကို စက္ကန့် ၃၀ အတွင်းမှာပဲ မှတ်သားနိုင်ပြီး စက္ကန့် ၃၀ ကျော်တာနဲ့ မေ့ပျောက်သွားပါတယ်။ အချိန်တိုအတွင်း မေ့ပျောက်သွားတဲ့အခါမှာ ကျွန်တော်တို့ဟာ စိတ်ရှုပ်ထွေးမှုများဖြစ်ပေါ်လေ့ရှိပါတယ်။ ထိုသို့ စိတ်ရှုပ်ထွေးလာခြင်းမျိုးကလဲ မှတ်ဥာဏ်ကို ဒီထက်ပိုမှတ်နိုင်စွမ်း လျော့နည်းစေပါတယ်။

သိသိသာသာမေ့ပျောက်သွားခြင်း

ကျွန်တော်တို့ ဦးနှောက်ဟာ ကိုယ်မကြားချင်တဲ့အကြောင်းအရာ၊ ကိုယ်သဘောမတူတဲ့ အကြောင်းအရာများကို သိသိသာသာမေ့ဖျောက်ပစ်လိုက်ကြပါတယ်။ ဒါကလဲ စိတ်နဲ့ ဦးနှောက်နဲ့ ဆက်စပ်နေလို့ပါပဲ။ ဥပမာ သင်မလုပ်ချင်တဲ့ ကိစ္စတစ်ခုကို သင့်အမေက ခိုင်းတယ်ဆိုပါစို့။ ထိုအရာကို သင်လုပ်ဖို့ မေ့ခဲ့တယ်။ငါဘာလို့ မေ့ခဲ့တာလဲ ဆိုတဲ့ ပြန်တွေးရင် ထိုကိစ္စက သင်မလုပ်ချင်၊ လက်မခံချင်တဲ့အရာမို့ အလွယ်တကူမေ့ပျောက် မိခြင်းဖြစ်ပါတယ်။ ဒီ သီအိုရီကိုတော့ အရမ်းကြီးလက်မခံကြသေးပေမဲ့ လက်တွေ့စမ်းသပ်ချက်တွေအရတော့မှန်နေတုန်းပါပဲ။

မေ့ရခြင်းရဲ့ တခြားအကြောင်းအရင်းများ

လုပ်စရာအလုပ်တွေများလွန်းတာကလဲမေ့ရခြင်းရဲ့ အဓိကအကြောင်းအရင်းပဲဖြစ်ပါတယ်။ ရှေ့ကတစ်ခုကိုလုပ်ပြီးရင် နောက်တစ်ခုကို လုပ်ဖို့မေ့သွားတာမျိုး၊ အဲ့ဒီတော့ ဦးနှောက်ဟာ ဘယ်အရာကိုအရင် အာရုံစိုက်ရမလဲ ဆိုတဲ့ ပြဿနာမျိုး ရှိလာပါတယ်။ထိုသို့ ဖြစ်လာတဲ့အခါမျိုးမှာ တခြားလုပ်စရာရှိတဲ့အရာ တွေကိုမေ့မှာ စိုးရိမ်နေတဲ့အတွက် လက်ရှိလုပ်နေတဲ့ အလုပ်ကို အာရုံစိုက်နိုင်စွမ်း လျော့နည်းသွားပါလိမ့်မယ်။ စိတ်မကောင်းစရာ အချက်တစ်ခုကတော့ သင့်ဦးနှောက်ဟာ အကြောင်းအရာ ကိစ္စရပ်တစ်ခုကို အာရုံစိုက်လုပ်ဆောင်ပြီးတဲ့အခါ မှာ reset (ပြန်လည် အသစ်စတင်ခြင်း)  ကိုပြုလုပ်ပါတယ်။ အဲ့တာကြောင့် တစ်ခုခုလုပ်ပြီးတိုင်း တခြားလုပ်စရာရှိတဲ့လုပ်ငန်းဆောင်တာတွေကို မေ့ပျောက်သွားရခြင်းပဲဖြစ်ပါတယ်။

ဒါ့အပြင်လွယ်လွယ်ကူကူနဲ့မမေ့ပျောက်အောင် ကျွန်တော်တို့မှတ်ဥာဏ်တွေကို ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာ အောက်ပါ လင့်ခ်ထဲမှာဖတ်ရှုလေ့လာနိုင်ပါတယ်။
https://bit.ly/2qA3Tzr


09 Nov 2018     1,651 Views




RELATED

Most Popular of Health Fix

Most Popular of Life Style