BEC-TERO TV

“မီ” မှာဆေးလိပ်သောက်တဲ့ အခန်းတွေနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရမှုကို ပိုင်ဖြိုးသု ဖြေရှင်း

14 Nov 2018     1,452 Views


သရုပ်ဆောင်ပိုင်ဖြိုးသုဟာ ငယ်ရွယ်တက်ကြွပြီး လှသွေးကြွယ်တဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ကာ သူမရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီရပြီးနောက်ပိုင်း ပရိသတ်တွေကြား တစ်ရှိန်ထိုးစန်းပွင့်လာသူလေးတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုင်ဖြိုးသုဟာ စာရေးဆရာမကြီး ဒေါ်ကြည်အေးရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ကိုပြန်လည်ရိုက်ကူးထားတဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားသူဖြစ်ပါတယ်။ သူမသရုပ်ဆောင်ရတဲ့ “မီ” ကာရိုက်တာအရ ရုပ်ရှင်ဇာတ်လမ်းတစ်ခုလုံးနီးပါး ဆေးလိပ်သောက်ပြရတဲ့ အခန်းတွေကြောင့် လူထုပရိသတ်တွေကြား ဝေဖန်ပြောဆိုခြင်းကို ပြင်းထန်စွာခံနေရတာပဲဖြစ်ပါတယ်။



ဆရာဝန်မတစ်ဖြစ်လဲ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသုဟာ ကျန်းမာရေး သံတမန်အဖြစ်ခန့်အပ်ခံထားရသူဖြစ်တာကြောင့် ထိုဆေးလိပ်သောက်ပြခြင်းနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုံ့ချပြောဆိုခြင်းခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ပိုက်ဆံကြောင့် ဆေးလိပ်သောက်ပြခဲ့တာဆိုတဲ့ ဝေဖန်မှုတွေပါ ထွက်ရှိလာတာကြောင့် သူမအနေနဲ့ “မီ” ဟာဆေးလိပ်နဲ့ အရက်တွေသောက်ကာ သေဆုံးခဲ့ရတဲ့ ကောင်မလေးဖြစ်ပြီး ပညာပေးဇာတ်လမ်းလေးဖြစ်တာကြောင့် လက်ခံရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းကို သတင်းစားရှင်းလင်းပွဲပြုလုပ်ကာ ဝေဖန်မှုတွေကို ဖြေရှင်းခဲ့ပါတယ်။



“မီ” ဟာကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆေးလိပ်နဲ့အရက်ကိုသောက်ကာ အောင်မြင်သွားတဲ့သူတစ်ယောက်မဟုတ်ကြောင်းနဲ့ သူမအနေနဲ့ ကျန်းမာရေးအသိရှိသူတစ်ယောက်ဖြစ်ပေမယ့် ကာရိုက်တာကိုပီပြင်ဖို့အတွက် အကောင်းဆုံးကြိုးစားသရုပ်ဆောင်ခဲ့ရတာဖြစ်ကြောင်း စိတ်မကောင်းဖြစ်စွာပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးဦးစီးဌာနမှူးဖြစ်တဲ့ ဒေါက်တာထွန်းမြင့်မှလဲ “ဒီကားကို ရိုက်မယ်ဆိုရင်တော့ ဆရာသိသလောက် ဒီကာရိုက်တာမပါဘဲနဲ့တော့ ဒီရုပ်ရှင်ကားဖြစ်လာဖို့အကြောင်းမရှိဘူး။ ဒီနေရာမှာ သံတမန်တွေရဲ့ကျင့်ဝတ်အရ ဒီကားရဲ့အစနဲ့ အဆုံးမှာ ဆေးလိပ်သောက်သုံးတဲ့ အန္တရာယ်တွေကို အသိပညာပေးပြသထားပါတယ်” ဆိုကာ မီ နဲ့ပတ်သက်လို့ ယခုလိုပဲပြောကြားသွားခဲ့ပါတယ်။



ရုံမတင်ခင်ကတည်းက လူအများရဲ့စိတ်ဝင်စားခြင်းကို တစ်ခဲနက်ရရှိထားတဲ့ “မီ” ဟာ ရုံတင်ပြီးနောက်ပိုင်း ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပေမယ့် “မီ” ဘက်ကနေ ရပ်တည်နေသူတွေကလဲ ထုနဲ့ဒေးပါ... မည်သို့ပင်ဆိုစေကာမူ ကိုယ်သရုပ်ဆောင်ရတဲ့ ကာရိုက်တာကို အကောင်းဆုံးပုံဖော်ကြိုးစားထားတဲ့ ပိုင်ဖြိုးသုဘက်ကနေ အားပေးရပ်တည်နေသူတွေရှိကြသလို “မီ”ဟာလဲ ပရိသတ်တွေကို အကောင်းဆုံးရသကို ပေးနိုင်စွမ်းတဲ့ ရုပ်ရှင်ကားကြီးတစ်ကားဖြစ်ပါတယ်နော်….






14 Nov 2018     1,452 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment