BEC-TERO TV

ဆီး(သေး)ရဲ့ အရောင်က ပြောပြနေတဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ

16 Nov 2018     5,101 Views


မိမိစွန့်လိုက်တဲ့ ဆီးရဲ့ အရောင်က ခန္ဓာကိုယ်ထဲမှာ မမြင်နိုင်တဲ့ မိမိရဲ့ ကျန်းမာရေး အခြေအနေကို အတိအကျ ပြောပြနိုင်တယ်ဆိုတာ ယုံကြည်လိုက်ပါ။ အကြောင်းတစ်ခုခုကြောင့် ကျန်းမာရေးစစ်ဆေးမှု ခံယူတဲ့အခါ ဆရာဝန်တွေက ဆီးစစ်ဖို့ ညွှန်ကြားတယ်ဆိုတာကို သတိပြုမိကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆီးကိုကြည့်ပြီး၊ ဓါတ်ခွဲစမ်းသပ်လိုက်တာနဲ့ ခန္ဓာကိုယ်ထဲမှာ ဘာရောဂါတွေဖြစ်နေတယ်ဆိုတာကို အတိအကျ သိနိုင်လို့ပဲဖြစ်ပါတယ်။


ဆီးဟာ အဓိကအားဖြင့် သောက်လိုက်တဲ့ ရေကနေ ဖြစ်လာတာဖြစ်ပြီး ဆီးထဲမှာ ရေနဲ့အတူ ယူရီးယား၊ ကလိုရင်း၊ ဆိုဒီယမ်၊ ပိုတက်ဆီယံ နဲ့ အခြားပျော်ဝင်နိုင်သော သံဓါတ်နဲ့ အမျိုးစုံတဲ့ ဇီဝဓါတ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒီဓါတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ အချိုးအစား ညီမျှမှု ရှိ၊ မရှိပေါ်မူတည်ပြီး ဆီးရဲ့ အရောင်တွေ ကွာခြားသွားပါတယ်။ အဲဒီအရောင်တွေကို ကြည့်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း အနီးစပ်ဆုံး သိနိုင်ပါတယ်။
 
ပုံမှန်အားဖြင့်တော့ ကြည်ပြီး အဝါရောင်ဖျော့ဖျော့ရှိတဲ့ ဆီးဟာ ကျန်းမာရေးကောင်းခြင်း ရေဓာတ်ပြည့်စုံခြင်း ခန္ဓာကိုယ်ပိုင်ရှင်တွေ ဖြစ်တယ်လို့ သိနိုင်ပါတယ်။ အဝါရောင်သန်းနေတဲ့ ဆီးဟာ အတွင်းက ကျောက်ကပ် ပုံမှန်အလုပ်လုပ်တယ်ဆိုတာကို ပြသခြင်းလည်းဖြစ်ပါတယ်။ ရေ သို့မဟုတ် အရည် များများသောက်လေလေ ဆီးရဲ့အဝါရောင်က ဖျော့လေလေဖြစ်ပါတယ်။
 
အကယ်၍ ရေသောက်နည်းခဲ့မယ်ဆိုရင်တော့ ဆီးရဲ့ အရောင်က ဝါကျင့်ကျင့်ကြီး ဖြစ်နေပါလိမ့်မယ် ဒါဟာ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။
 
ဒီလိုပါပဲ ဆီးမှာ အခြားအရောင်တွေ ရှိနေပြီး အရောင်တွေအလိုက် ခန္ဓာကိုယ်မှာ ဘာတွေလိုအပ်နေတယ်၊ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။


၁။ မှုန်ဝါး နောက်ကျိသောအရောင်
 
ဆီးရဲ့အရောင်ဟာ ကြည်လင်မနေပဲ မှုန်ဝါးနောက်ကျိနေရင်တော့ ဒါဟာ ဆီးလမ်းကြောင်း ဒါမှမဟုတ် ကျောက်ကပ်မှာ ပိုးဝင်နေပြီဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။ ဆေးပညာအခေါ် UTI (Urinary Tract Infection) လို့ ခေါ်ပါတယ်။ ဒီလိုဆီးထဲမှာ အမိုးနီးယားဓာတ် များစွာပါဝင်ပြီး အနံ့ဆိုး ဒါမှမဟုတ် မွှေးရနံ့လို သင်းသင်းလေး ခပ်ပါးပါး အနံ့ရှိတတ်ပါတယ်။ ဆီးလမ်းကြောင်းမှာ ပိုးဝင်တာကနေ ဘက်တီးရီးယား ပေါက်ဖွားတာကြောင့် ဒီလိုမျိုး အနံ့ရတာဖြစ်ပါတယ်။
 
ဆီးလမ်းကြောင်း ပိုးဝင်ပြီဆိုရင် မကြာခဏ ဆီးအရမ်းသွားချင်မယ် ဒါပေမယ့် တစ်ကယ်ဆီးသွားတဲ့အခါမှာ ကျေနပ်လောက်အောင် မဟုတ်ပဲ နဲနဲလေးပဲသွားပြီး ကိုက်သလိုလို နာသလိုလို ခံစားရတတ်ပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်အောက်ပိုင်းလည်း အောင့်နေတတ်ပါတယ်။
 
ဒီလိုခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ဆေးကုသမှုခံယူပါ။
 
 
၂။ အနီရောင်
 
ဆီးဟာ အနီရောင် ဒါမှမဟုတ် ပန်းရောင် သန်းသလို ဖြစ်နေရင်တော့ ကိစ္စအတော်များများ ဖြစ်နိုင်ချေရှိပါတယ်။
 
ဥပမာ လွန်ခဲ့တဲ့ နာရီအနည်းငယ်က မုန်လာဥနီ၊ ဘယ်ရီသီး အစရှိတဲ့ အရောင်ပါတဲ့ အစားအစာတွေ စားခဲ့မိသလား ပြန်စဉ်းစားကြည့်ပါ။ အချို့အစားအစာနဲ့ သောက်ဆေးတွေကလည်း ဆီးကို အရောင်ပြောင်းစေပါတယ် (ဘားပလပ်သောက်ရင် ဆီးဝါထိန်တတ်ပါတယ်)။
 
ဒီလိုမျိုး အစားအသောက်ကြောင့် ဆီးဝါတာဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး နောက်ရက်မှာ ဆီးက ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။
 
အဲဒီလိုမဟုတ်ပဲ ဆီးရဲ့အရောင်ကိုက အနီရောင်၊ ပန်းရောင် သန်းနေတာမျိုးဆိုရင်တော့ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဆီးအိမ်သို့ ကျောက်ကပ်ထဲမှာ အဖုအကျိတ်ရှိနေတဲ့ လက္ခဏာမျိုးပါ၊ များသောအားဖြင့် ကျောက်ကပ်မှာ ကျောက်တည်တာမျိုး၊ ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးတို့ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေရဲ့ သုတ်ရည်အကျိတ်(ပရော့စတိတ်) ပြသနာရှိနေတာမျိုး၊ ပြဒါးဆိပ်သင့်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
 
ဒီလိုမျိုးအခြေအနေမှာတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆေးစစ်မှု ခံယူတာသာ အကောင်းဆုံး အဖြေဖြစ်ပါလိမ့်မယ်။
 
 
၃။ လိမ္မော်ရောင်
 
ဆီးအရောင်က လိမ္မော်ရောင် ခပ်ပါးပါးလေး ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။ ဖြစ်နိုင်တာက ရေဓာတ်ခမ်းခြောက်ချင်လို့ပါ။ ရေများများ သောက်ပေးပါ။
 
နောက်တစ်ချက်ကတော့ ဘီတာကာရိုတင်းဓါတ်ပါတဲ့ အစားအစာတွေ (သင်္ဘောသီး၊ ကန်စွန်းဥ၊ ခရမ်းချဉ်) စတဲ့အစားအစာတွေနဲ့ ဗီတာမင် ဘီအုပ်စု အထောက်အပံ့ဖြစ်စေတဲ့ ဆေးဝါးတွေ သောက်ရင်လည်း လိမ္မော်ရောင် ပါးပါးလေး သန်းတတ်ပါတယ်။
 
ဒါပေမယ့် ဆီးရဲ့အရောင်ဟာ လိမ္မော်ရောင်ကို သိသိသာသာကြီး ဖြစ်နေပြီဆိုရင်တော့ စိုးရိမ်စရာရှိပါတယ်။ အသည်းနဲ့ သည်းခြေရည်ပြွန်မှာ တစ်ခုခုဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် အသားဝါရောဂါ ဖြစ်နိုင်တဲ့ လက္ခဏာရပ်လည်းဖြစ်ပါတယ်။
 
ဆီး လိမ္မော်ရောင်ဖြစ်လာပြီး ဝမ်းသွားတဲ့အခါ အရောင်ဖျော့တာ၊ မျက်လုံးနဲ့ အသားဝါလာမျိုးဖြစ်လာခဲ့ရင် ချက်ခြင်း ဆရာဝန်နဲ့ ပြသပါ။
 
 
၄။ အညိုရောင်
 
ဆီးရဲ့အရောင်ဟာ ကိုကာကိုလာလို၊ ပက်ပ်စီလို အညိုရင့်ရောင် သန်းတာဟာ မြင်ရခဲပါတယ်။ အစားအသောက်နဲ့ ဝိတ်ချနေတာကြောင့်၊ ဆေးကုသမှုတစ်ခုခု ခံယူနေတာ ဒါမှမဟုတ် ကျန်းမာရေး ပြဿနာတစ်ခုခု အတိအကျ ရှိနေတဲ့ အခြေနေမျိုးတွေမှာသာ ဖြစ်တတ်ပါတယ်။
 
ရောဂါတစ်ခုခုကို ကုသမှုခံယူရလို့ သောက်ရတဲ့ ဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ဆီးအရောင် ညိုနေတယ်ဆိုရင်တော့ အသည်းနဲ့ ကျောက်ကပ်မှာ ပြသနာရှိနေနိုင်ပါတယ်။ ဥပမာ အသည်းကင်ဆာ ဖြစ်နေနိုင်တာမျိုး။
 
ဒါကြောင့်မို့ ရုတ်တရက်ကြီး ဆီက အညိုရောင်ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ခြင်းပြသဖို့ လိုအပ်ပါတယ်။
 
 
၅။ ဝါကျင့်ကျင့်အရောင်
 
ဆီးအရောင် ဝါဖျော့ဖျော့ ကြည်ကြည်လေးက ကျန်းမာရေးကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပေမယ့် ဝါကျင့်ကျင့်ကြီး ဖြစ်လာရင်တော့ သိပ်ကောင်းလှတယ်လို့ မဆိုသာပါဘူး။ ဗီတာမင် ဘီအုပ်စု အထူးသဖြင့် B12 ပါတဲ့ ဆေးတွေကို မသောက်ပဲ အခုလို ဆီးဝါထိန်နေရင်တော့ ဒါဟာ ရေလုံလုံလောက်လောက် သောက်ဖို့လိုတယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။
 
နောက်တစ်ချက်က ဆီးထဲမှာ သွေးအနည်းငယ်ရောနေရင်လည်း အရောင်က ဝါကျင့်ကျင့်ဖြစ်တတ်တာမို့ ဂရုတစိုက်စစ်ဆေးပါ။ အကယ်၍ သွေးပါနေတာ သေချာရင်တော့ ဆရာဝန်နဲ့ ပြသပါ။
 
 
၆။ အစိမ်းရောင်
 
ကညွတ်ကဲ့သို့ ဂရင်းတီးကဲ့သို့ အစိမ်းရောင်ရှိတဲ့ အစားအစာတွေ စားရင်လည်း ဆီးအရောင် မဆိုစလောက် စိမ်းနေတတ်ပါတယ်။ အရောင်ဆိုးထားတဲ့ အစားအသောက်၊ ဘီယာတွေ၊ သောက်ဆေးတွေ ကြောင့်လည်း ဖြစ်တတ်ပါတယ်။
 
ဒီလိုမှ မဟုတ်ရင်တော့ ဆီးလမ်းကြောင်း ပိုးဝင်တာလည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသစစ်ဆေးပါ။
 
 
၇။ အပြာရောင်
 
ဆီးအနေနဲ့ ဆိုရင်တော့ ထူးထူးဆန်းဆန်း အရောင်ပါ၊ လုံးဝ ဖြစ်ခဲပါတယ်။ ဆီးအပြာရောင်ဟာ ရှားပါးတဲ့ မျိုးရိုးဗီဇရှိတဲ့ အခြေအနေမျိုးမှာ သွေးထဲမှာ ကယ်လစီယံအမြောက်အများ ပါဝင်တာကြောင့် ဖြစ်တတ်ပါတယ်။
 
ဒါမှမဟုတ် ဆိုးဆေးအပြာရောင်ပါဝင်တဲ့ သောက်ဆေးတွေနဲ့ ဆေးကုသမှုတစ်ခုခု ခံယူနေတဲ့အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။
 
 
၈။ အရောင်အဆင်းမရှိ
 
ဆီးဟာ လုံးဝ ကြည်တောက်ပြီး ဘာအရောင်မှကို မရှိတာမျိုးပါ။
 
ဒါဟာ ရေသောက်လွန်းတဲ့အတွက် အရောင် မထွက်နိုင်တော့တာဖြစ်ပါတယ်။ ရေသောက်တယ်ဆိုတာ ခန္ဓာကိုယ်အတွက် ကောင်းတာမှန်ပေမယ့် လွန်ကဲစွာသောက်သုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက လျှပ်စီးဆင်းမှုကို အနှောက်အယှက် ဖြစ်စေပါတယ်။
 
ဒါပေမယ့် အလွန်အကျွံသောက်တဲ့ အရည်ဟာ အယ်လ်ကိုဟော ဖြစ်နေမယ်ဆိုရင်တော့ ဆီး အရောင်ကတော့ ကြည်ကြည်လင်လင်ပဲ သွားနေပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မှာ မဟုတ်ပါဘူး။
 
နောက်ထပ်စိုးရိမ်စရာ အခြေအနေတစ်ခုကတော့ ရေကိုလည်း လုံလောက်အောင် သောက်တာမျိုးလည်းမဟုတ်ပဲ ဆီးသွားတဲ့အခါ ဆီးတွေက ကြည်လင်နေမယ်ဆိုရင်တော့ ဒါဟာ ဆီးချိုဖြစ်နိုင်တဲ့ လက္ခဏာဖြစ်နိုင်လို့ စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
 
ဖော်ပြပါ ဆီးရဲ့ အရောင်တွေအလိုက် နံနက်စောစော ဖြစ်စေ မိမိရဲ့ ဆီးအရောင်ကို ဆီးစွန့်တဲ့ အချိန်တွေမှာ သတိထားကြည့်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို မပြတ်စောင့်ကြည့်နိုင်ကြပါစေ။
 
 
(ဆောင်းပါးအား ခရက်ဒစ်ပေးပြီး လွပ်လပ်စွာ ဝေမျှနိုင်ပါတယ်)
 
ပိုပိုလေး

16 Nov 2018     5,101 Views




RELATED

Most Popular of Health Fix

Most Popular of NEWS