BEC-TERO TV

သီချင်းတစ်ပုဒ်နားထောင်လျှင် စိုးရိမ်ကြောင့်ကြမှု ၆၅ ရာခိုင်နှုန်းလျော့ကျနိုင်စွမ်းတွေ့ရှိ

28 Nov 2018     1,745 Views


သီချင်းသံစဉ်တွေကိုနားထောင်ခြင်းဟာ ကျွန်တော်တို့ရဲ့ Stress တွေကိ်ုလျော့ချ စေနိုင် ပါတယ်။ တခါတလေကျ ဒီလိုအချိန်လေးတွေရှိကြတယ်မလား။ သာယာ ငြိမ့်ညောင်းတဲ့ သီချင်းတွေနားထောင်လိုက်ရင် စိတ်ကအလိုလိုနူးညံ့သွားတာမျိုး၊ လွမ်းမောဆွေးမြေ့ ဖွယ်ကောင်းတဲ့ သီချင်းမျိုးနားထောင်လိုက်ရင် တစ်စုံတစ်ရာကို လွမ်းမောသွားတတ်တာမျိုး ဖြစ်ဖူးကြတယ်မဟုတ်ပါလား။ စိတ်ဓာတ်ကျနေတဲ့ အချိန်မျိုးမှာ အားတက်စရာကောင်းတဲ့ စာသားတွေနဲ့ မြူးမြူးကြွကြွသီချင်းမျိုးတွေနား ထောင်လိုက်ရင် အားရှိသွားသလိုခံစားရတာမျိုးတွေ ဖြစ်လေ့ရှိကြပါတယ်။


အင်္ဂလန်နိုင်ငံမှာရှိတဲ့ စိတ်ကျရောဂါ သုတေသီများက လူတစ်ယောက်ရဲ့ ကြောင့်ကြစိတ်ကို လျော့ချနိုင်ဖို့ သီချင်းများကို နားထောင်ခြင်းအားဖြင့် ကုသ နိုင်တယ်လို့ ပြောထားပါတယ်။
 
ဒါဆို stress  လို့ခေါ်တဲ့ဖိအားတွေနဲ့ anxiety လို့ခေါ်တဲ့ ကြောင့်ကြမှုတွေကို လျော့ချနိုင်ဖို့အတွက် ဘယ်လိုသီချင်းတွေကိုနားထောင်သင့်တယ်လို့ထင်ပါသလဲ?
 
UK မှာရှိတဲ့စိတ်ကျရောဂါအကြောင်းကိုလေ့လာစမ်းသပ်တဲ့ သုတေသီများက ဂီတသံစဉ် နဲ့ကုလို့ရတဲ့ရောဂါကုထုံးကိုရှာဖွေတွေ့ရှိပြီးနောက် ဂီတနဲ့ သီချင်းများအကြောင်းကို နက်နက်နဲနဲလေ့လာခဲ့ကြပါတယ်။ သူတို့ဟာ မတူညီတဲ့ ဂီတအမျိုးအစား၊ မတူညီတဲ့ သီချင်းပေါင်းများစွာကိုနားထောင်ပြီး ဘယ်လိုသီချင်းအမျိူးအစားက stress တွေကိုလျော့ချ စေနိုင်မလဲဆိုတာ စူးစမ်းရှာဖွေခဲ့ကြပါတယ်။ သီချင်းတစ်ပုဒ်ချင်းစီကိုနားထောင်တိုင်းမှာ ဖြစ်ပေါ်လာတဲ့ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း နဲ့သွေးဖိအားတို့ကို အတိအကျတိုင်းတာပြီး ဘယ်လို ဂီတသံစဉ်အမျိုးအစားက အသင့်တော်ဆုံးလဲဆိုတာ လက်တွေ့စမ်းသပ်ခဲ့ကြပါတယ်။
 
ထိုစမ်းသပ်ချက်၏ ဦးဆောင်သူ ဒေါက်တာ ဒေးဗစ်ဟော့န်ဆန် ရဲ့ပြောကြားချက်အရ စိတ်ရဲ့ ဖြေလျော့မှုကို အများဆုံးရရှိစေတဲ့ သီချင်းကတော့ Marconi Union ရဲ့ Weightless ဖြစ်ပါတယ်။ ဒီသီချင်းလေးကိုပရိတ်သတ်ကြီး နားထောင်လို့ရအောင် ဒီပို့စ် ရဲ့နောက်ဆုံးမှာတင်ပေးထားပါတယ်။
 
ဒီသီချင်းကိုနားထောင်ခြင်းအားဖြင့် လူတစ်ယောက်မှာရှိတဲ့စိုးရိမ်ကြောင့်ကြမှု ၆၅ ရာခိုင်နှုန်းကို လျော့နည်းစေပြီး ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းအချို့ရဲ့ လှုပ်ရှားမှု ၃၅ ရာခိုင်နှုန်းကို လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ ထို သီချင်းဟာဂီတသံစဉ် သာပါဝင်ပြီး သီချင်းစာသားများမပါဝင်ပါဘူး။
 
ထိုသံစဉ်ကိုနားထောင်ကြည့်ခြင်းအားဖြင့် သင့်ဦးနှောက်ဟာ အလိုအလျောက်ထို သံစဉ်နောက်ကိုပဲစီးမျောလိုက်ပါသွားပြီး တခြား ဘာကိုမှ မစဉ်းစားမိတော့ပဲ လုံးဝ ဗလာ ဖြစ်သွားပါတယ်။ ဒါကြောင့်လဲ စိုးရိမ်ကြောင့်ကြမှုတွေကိုလျော့ချပေးနိုင်တယ်လို့ဆိုတာပါ။

ဒီသီချင်းရဲ့ ဂီတသံစဉ်တွေထဲမှာ ဂစ်တာ၊ စန္ဒယား အစရှိတဲ့သဘာဝ သံစဉ်တွေနဲ့သာ တီးခတ်ထားတာဖြစ်ပါတယ်။ ပြောရမယ်ဆိုဒီသီချင်းဟာ မဟာယန ဗုဒ္ဓဘာသာတွေ တရားကျင့်ကြံတဲ့အခါမှာ ဖွင့်တဲ့ ဗုဒ္ဓသံစဉ်တေးသွားလေးတွေလို သာသာယာယာငြိမ့်ငြိမ့်ညောင်းညောင်းလေးပါပဲ။

မှော်ဆန်တဲ့ ဂီတသံစဉ်ဖြစ်ပေါ်လာမှု

Weightless ကိုရေးသားတီးခတ်ခဲ့တဲ့ Marconi Union ဆိုတာ Band တစ်ခုဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဂီတသံစဉ်ကုထုံးပညာရှင်တွေနဲ့ ပေါင်းစပ်ပြီး ဒီသီချင်းကို လူတွေရဲ့ စိတ်ဖိအားတွေကိုလျော့ ချစေနိုင်ဖို့ရည်ရွယ်ချက် အဓိကထားကာ ရေးသားတီးခတ်ခဲ့ကြတာဖြစ်ပါတယ်။ ဟာမိုနီ၊ ရစ်သန် နဲ့ ဘေ့စ်လိုင်းတွေကိုလဲ အသေအချာ slow version အနေနဲ့နှေးကွေးအောင်တီးခတ်ပြီး နားဆင်သူတို့ရဲ့ နှလုံးခုန်နှုန်း၊ သွေးဖိအားတို့ကိုလျော့ကျစေကာ stress ကိုဖြစ်ပေါ်လာစေတဲ့ ဟော်မုန်းဓာတ်ကို တဖြည်းဖြည်းပျောက်ကွယ်သွားနိုင်အောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။
 
ဗြိတိန်နိုင်ငံ သံစဉ်ကုထုံးအကယ်ဒမီကို တည်ထောင်သူ လစ်ဇ်ကူးပါး ကဒီလိုပြောထားပါတယ်။ “သီချင်းက စစချင်းနားထောင်ရင်တော့ သာမန်ပေမဲ့ နားထောင်ရင်းနဲ့ စိတ်ကိုဖြေလျော့သွားစေတဲ့ အကျိုးသက်ရောက်မှုမျိုးရအောင် ကျွန်တော်တို့ ပြုလုပ်ထားပါတယ်။” လို့ပြောကြားထားပါတယ်။ Marconi Union ပြီးရင် ဒီလိုသီချင်းမျိုးတွေကို အများဆုံးတီးခတ်ထုတ်လုပ်ပေးနေတာကတော့ လစ်ဇ်ကူးပါး ရဲ့ သံစဉ်ကုထုံးအကယ်ဒမီလို့ပြောရမှာပါပဲ။
 
ပြီးတော့ ကူးပါးဟာဒီသီချင်းကို နားထောင်လိုက်ရုံနဲ့ ဘာကြောင့်စိတ်သက်သာရာရတယ်ဆိုတဲ့အကြောင်းကိုရှင်းပြထားပါတယ်။ သီချင်းထဲမှာ ပါဝင်တဲ့ substain လို့ခေါ်တဲ့ ဆွဲအားပါတဲ့ ဂီတသံစဉ်တွေဟာ တစ်မိနစ်မှာ beat ပေါင်း ၆၀ ပါရှိပြီး ဖြည်းဖြည်းချင်း beat ပေါင်း ၅၀ ဖြစ်အောင် လျော့ချပစ်လိုက်ပါတယ်။ ဒါကြောင့်သီချင်းက ၈ မိနစ်ခန့်ကြာသွားတာဖြစ်ပါတယ်။ အမှန်တကယ်တော့ Weightless ကိုစတင်ရေးသားတီးခတ်စဉ်အခါကတည်းက ၅မိနစ် ခန့် အချိန်ကြာဖို့လောက်ပဲလျာထားခဲ့တာဖြစ်ပါတယ်။
 
ဒေါက်တာ ဒေးဗစ် ဟော့န်ဆန်ကလဲ နူးနူးညံံ့ညံ့ဂီတသံစဉ်တွေကိုနားထောင်ခြင်း ဟာ ဦးနှောက်ကို အတွေးလွန်တာတွေ စိုးရိမ်ကြောင့်ကြမှု တွေကို ဖြစ်ပေါ်လာစေခြင်းမှ သိသိသာသာ လျော့ချပေးနိုင်တာတွေ့ရတယ်လို့ပြောထားပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေဟာ သူနားထောင်တဲ့သီချင်းတွေနဲ့ အများကြီးသက်ဆိုင်တယ် လို့လဲ ဒေါက်တာဒေးဗစ်ကပြောကြားထားပါတယ်။

ဒါကတော့ စိတ်ဖိအားတွေကိုအကောင်းဆုံးဖြေလျော့ပေးပြီးစိတ်သက်သာရာရရှိစေမယ့် Marconi Union ရဲ့ Weightless ပဲဖြစ်ပါတယ်။ ခံစားနားဆင်ကြည့်လိုက်ကြပါဦး။



28 Nov 2018     1,745 Views




RELATED

Most Popular of Health Fix

Most Popular of Life Style