BEC-TERO TV

နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့ တစ်သက်တာ ရှောင်ကျဉ်ရမယ့် အချက် (၁၀) ချက်

05 Dec 2018     1,544 Views


နည်းပညာမြင့်မားပါတယ်ဆိုတဲ့ စက်ပစ္စည်းတွေ ဥပမာ စမတ်ဖုန်း၊ ကွန်ပျူတာလို အရာမျိုးတွေတောင် မည်မျှပင် စွမ်းဆောင်ရည် ကောင်းနေစေကာမူ ဘက်ထရီအားကုန်သွားရင်တော့ ဘာမှ မလုပ်ဆောင်နိုင်တော့ပါဘူး။ လူတွေမှာလည်း ဒီလိုပါပဲ တစ်နေ့တာ ကုန်းခမ်းသွားတဲ့ အားအင်တွေကို အိပ်စက်ခြင်းနဲ့ အားပြန်သွင်းပေးရပါတယ်။
 
သက်မဲ့အရာဝတ္ထုတွေအတွက်က အချိန်တစ်ခုပေး၊ ပလပ်ထိုးပြီး လွယ်လွယ်ကူကူ အားပြန်သွင်းလို့ရပေမယ့် လူတစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်ပြီး အားအင်ပြန်ဖြည့်ဖို့ဆိုတာ လွယ်ကူလှတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ညအိပ်ယာဝင်ချိန်မှာ ချက်ခြင်းအိပ်မပျော်တာမျိုး၊ ညတရေးနိုးတတ်တာမျိုးတွေက ကြီးမားတဲ့ အနှောက်အယှက်အဟန့်အတားတွေဖြစ်ပြီး ရေရှည်မှာ ကျန်းမာရေးကိုပါ တိုက်ရိုက်ထိခိုက်လာစေနိုင်ပါတယ်။
 
ဒါကြောင့်မို့ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အနှောက်အယှက်ကင်းကင်း အိပ်ပျော်ဖို့ဆိုရင် အမြဲတမ်းရှောင်းရှားသင့်တဲ့ အချက်(၁၀)ချက် ကို ဖော်ပြပေးလိုက်ပါတယ်။
 
 
၁။ ရေသောက်ခြင်း

ယျေဘုယအားဖြင့် ရေသောက်တာဟာ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုလို့ မကြာခဏရေသောက်ခြင်းဟာ ကောင်းမွန်တဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ခါနီးရေသောက်တဲ့အခါ ဆီးအိတ်ထဲမှာ ရေတွေပြည့်ပြီး အိပ်ကောင်းနေတုန်း ညလယ်မှာ နိုးလာပြီး ဆီးထသွားရပါတယ်။
 
ရေသောက်တာများရင်များသလို ခဏခဏ ထနေရတာမျိုး ဖြစ်တတ်ပါတယ်။ လူအများစုဟာ တရေးနိုးပြီးရင် ပြန်အိပ်ပျော်ဖို့ အခက်တွေ့တတ်ပါတယ်။ ဒါကြောင့်မို့ အိပ်ယာဝင်ခါနီး ရေသောက်တာကို ရှောင်ပါ။
 
 
၂။ နေ့လည်တရေးအိပ်ခြင်း

နေ့ခင်းနေ့လည် တရေးအိပ်ခြင်းဟာ တစ်ကယ်တမ်းဆိုရင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျင့်တစ်ခုပါ။ တရေးအိပ်တဲ့ အချိန်ကာလကကို မိနစ် ၂၀ ကနေ ၄၅ မိနစ်လောက်ထိပဲလို့ သတ်မှတ်တတ်ကြပါတယ်။
 
မည်သို့ပင်ဖြစ်စေ နေ့လည်တရေးအိပ်တတ်တဲ့ အကျင့်ရှိသူတွေအနေနဲ့ မိနစ် ၃၀ ထက် ပိုပြီးအိပ်စက်မိမယ် ဆိုရင်တော့ ညဘက်အိပ်ယာဝင်တဲ့အချိန်မှာ ချက်ခြင်း အိပ်မပျော်ပဲ အခက်တွေ့စေတတ်ပါတယ်။
 
ဒါကြောင့်မို့ ကျန်းမာရေးအရ အသည်းအသန် မလိုအပ်ဖူးဆိုရင် နေ့လည်ခင်း တရေးအိပ်တတ်တဲ့ အကျင့်ကို ရှောင်ကျဉ်ပါ။
 
 
၃။ အိပ်ယာမဝင်မီ အစာအဝအပြဲစားခြင်း

ဒီအချက်ကတော့ လူအတော်များများ သိနှင့်ပြီး ဖြစ်ပါလိမ့်မယ်။ အိပ်ယာမဝင်မီ ညဘက် အဝအပြဲစားသောက်တဲ့အခါ စားထားတာတွေက လူကို နည်းမျိုးစုံနဲ့ အန္တရာယ်ပေးတတ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အဟန့်အတားဖြစ်စေသလို အစာမကြေတာ၊ ရင်ပြည့်တာ စတဲ့ ခန္ဓာကိုယ်အစာခြေစနစ်ကိုပါ ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့်မို့ ညစာဆိုရင် အတော်အသင့်လောက်ပဲ စားသင့်ပါတယ်။
 
အစာစားပြီးတဲ့အခါ ချက်ခြင်း မအိပ်သင့်သလို အိပ်ခါနီးမှာလည်း အစာမစားသင့်ပါဘူး။ အိပ်ချိန်နဲ့ ကပ်ပြီး သစ်သီးစားတာတို့ ဒါမှမဟုတ် ဘာမှမစားပဲ အိပ်တာတို့က ပြဿနာမဖြစ်စေပါဘူး။ ညစာစားပြီး ၂ နာရီကနေ ၃ နာရီလောက်ခြားပြီးမှ အိပ်ယာဝင်သင့်ပါတယ်။
 
 
၄။ အိပ်ယာသက်တောင့်သက်သာမရှိခြင်း
 

အရည်အသွေးနိမ့်တဲ့ အိပ်ယာ၊ မွေ့ယာတွေကလည်း အိပ်စက်ခြင်းကို နှောက်ယှက်နိုင်ပါတယ်။ ဒါကြောင့်မို့ အိပ်ယာပစ္စည်းတွေ ဝယ်တဲ့အခါ ရေရှည်သုံးစွဲရမှာလို့ သဘောပိုက်ပြီး သင့်တင့်တဲ့ အရည်အသွေးရှိတဲ့ ပစ္စည်းတွေကို ရေရှည်အတွက် အရင်းအနှီးတစ်ခုလို သဘောထားပြီး ဝယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။
 
 
၅။ အလင်းစူးတဲ့ နှိုးစက်နာရီ

အလင်းရောင်ဟာလည်း နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အချို့လူတွေ မီးထွန်းပြီး အိပ်တတ်ကြတာလည်း တွေ့ဖူးမြင်ဖူးပါတယ်။ ဒါပေမယ့် လူ့သဘာဝအရ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို အလင်းအလွန်နည်းတဲ့ အမှောင်ထဲမှာ အိပ်စက်ခြင်းမျိုးကသာ ပေးစွမ်းနိုင်ပါလိမ့်မယ်။
 
ယခုခေတ် LED တွေ ခေတ်စားလာပြီး နေရာတစ်ကာမှာ ပါလာတတ်ပါတယ်။ ညဘက် နှိုးစက်နာရီမှာလည်း ဒီလိုအလင်းစူးတဲ့ မီးတွေပါတဲ့ နာရီမျိုးတွေက အိပ်စက်ခြင်းကို နှောက်ယှက်တတ်လို့ အသုံးမပြုသင့်ပါဘူး။
 
 
၆။ အိပ်ခန်းထဲ လျှပ်စစ်ပစ္စည်းများထားခြင်း

ယနေ့ခေတ် နေထိုင်မှုပုံစံအရ ကိုယ့်အနီးနားမှာ အားလုံးရှိနေအောင် အိပ်ခန်းထဲမှာ တီဗီ၊ ကွန်ပျူတာ၊ သီချင်းဖွင့်စက် စတာတွေ ထားတတ်ကြပါတယ်။ တစ်ကယ်တော့ အိပ်ခန်းဆိုတာ အိပ်စက်အနားယူဖို့ သီးသန့်အခန်းအဖြစ် ရှိနေရင် အကောင်းဆုံးပါ။ ဖော်ပြပါ လျှပ်စစ်ပစ္စည်းတွေမှာလည်း အလင်းစူးတဲ့ အချက်ပြမီးလေးတွေ ပါတတ်တာမို့ အဲဒီကလာတဲ့ အလင်းရောင်ဟာ အိပ်စက်မှုကို အနှောက်အယှက်ပေးပါတယ်။ (ဥပမာ ဒီဂျစ်တယ် ဂဏန်းပြ အဲယားကွန်း)
 
 
၇။ အိပ်ယာမဝင်မီ လေ့ကျင့်ခန်းလုပ်ခြင်း

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်တာဟာ ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပေမယ့် အိပ်ခါနီးမှ လုပ်တာကတော့ အချိန်လွဲတယ်လို့ ဆိုချင်ပါတယ်။ ဒါဟာ နှစ်ခြိုက်စွာ အိပ်ပျော်မှုကို ထိခိုက်စေပါတယ်။ ဒါကြောင့်မို့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အိပ်ချိန်နဲ့ ၄၊ ၅ နာရီခြားသင့်ကြောင်း အကြံပြုလိုပါတယ်။
 
 
၈။ စာဖတ်ခြင်း
 

စာဖတ်ဝါသနာပါသူအများစုက အိပ်ယာဝင်ခါနီးတိုင်း စာဖတ်တတ်ကြပါတယ်။ အိပ်ယာထဲမှာ စာဖတ်ရတာကလည်း ဘာနဲ့မှ မလဲနိုင်တဲ့ အရသာပါ။ စာဖတ်ခြင်းဟာ ကောင်းပါတယ် ဒါပေမယ့် အိပ်ယာဝင်ခါနီး စာဖတ်တာကို ရှောင်စေရသလဲဆိုရင်တော့ အဖြေက ရှင်းပါတယ်။ စာအုပ်ထဲမှာ စိတ်ဝင်စားပြီး လုံးဝမရပ်နိုင်တော့ပဲ အိပ်ချိန်ကျော်သွားတဲ့ အခြေအနေမျိုးကို မရောက်စေလိုတာကြောင့်ပါ။
 
နောက်တစ်ခုကတော့ စာအုပ်ထဲက အကြောင်းအရာတွေဟာ စိတ်စွဲလန်းမှုနဲ့အတူ အိပ်စက်တဲ့အခါ အိပ်မက်ဖြစ်လာတတ်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို ဖျက်ဆီးနိုင်နိုင်တာကြောင့်လည်း ဖြစ်ပါတယ်။
 
 
၉။ ဖုန်းပွတ်ခြင်း
အိပ်ယာဝင်ခါနီး ဖုန်းပွတ်နေတဲ့အတွက် စိတ်ဝင်စားစရာ တစ်ခုပြီးတစ်ခု၊ ဒါမှမဟုတ် ဂိမ်းဆော့နေတယ်ဆိုရင်တော့ တစ်ခန်းပြီးတစ်ခန်းကို ရပ်လို့မရအောင် ဖြစ်ပြီး အချိန်လွန်မှ အိပ်ပျော်သွားပြီး နောက်တစ်နေ့မှာ အိပ်ရေးမဝသလို စိတ်မကြည်လင်သလို အဖြစ်မျိုးနဲ့ ပြန်လည်နိုးလာတတ်တာကြောင့် အထူး ရှောင်ကျဉ်သင့်ပါတယ်။
 
 
၁၀။ ကော်ဖီ၊ ကဖင်းရှောင်ပါ

ကဖင်းဓါတ်ပါဝင်တဲ့ ကော်ဖီ လက်ဖက်ရည်တို့အပြင် အားဖြည့်အချိုရည်တို့ကလည်း နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို အကြီးအကျယ်ဟန့်တားစေတာကြောင့် အိပ်ယာဝင်ခါနီးရင် ဒါတွေကို လုံးဝ မသောက်သင့်ပါဘူး။ ပုံမှန်အားဖြင့်တော့ ည ၇ နာရီ ကျော်သွားရင် ကော်ဖီ လက်ဖက်ရည်သောက်တာမျိုးကို လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။
 
ဖော်ပြပါ အချက် ၁၀ ချက်ကတော့ နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို အဟန့်အတား ဖြစ်စေပြီး ဒီအချက်တွေကို သတိပြုဆင်ခြင်မယ်ဆိုရင်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အိပ်စက်ခြင်းတို့ကို လူတိုင်းပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။
 
(ပိုပိုလေး)
 

05 Dec 2018     1,544 Views




RELATED

Most Popular of Health Fix

Most Popular of Life Style