BEC-TERO TV

Mistletoe (ခေါ်) ကျီးပေါင်းပင်အကြောင်း သိကောင်းစရာ

07 Dec 2018     1,957 Views


ကျီးပေါင်းပင်သည်အခြားသစ်ပင်၏ ပင်စည်နှင့် အကိုင်းအခက်များတွင်တွယ်ကပ် မှီခိုကြီးပွားရသော ချုံပင်တစ်မျိုးဖြစ်သည်။ အပင်လောကတွင်ထူးဆန်းသောအပင် တစ်မျိုးဖြစ်သည်။ ကျီးပေါင်းသီးတို့ကိုကျေးငှက်များ ကိုက်ချီစားသောက်ရင်း သစ်ပင်တစ်ပင်မှတစ်ပင်သို့ လူးလာပြန်သန်းစဉ် သစ်ကိုင်းပေါ်တွင်နှုတ်သီးမှတွယ်ကပ်ကျန်ရစ်ခဲ့သော အစေ့များမှကျီးပေါင်းပင်များ ပေါက်လာခြင်းဖြစ်သည်။ လူ၏ခန္ဓာကိုယ်တွင်တွယ်ကပ်လေ့ရှိသော သန်း၊လေး၊ သန်ကောင်၊ တုတ်ကောင်တို့သည် လူနှင့်တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်အသွေးအသားကို မှီခို၍ ကြီးပြင်းရသည်ဖြစ်သဖြင့် ယင်းတို့မှီခိုရာလူနှင့်တိရစ္ဆာန်တို့ကိုထိခိုက်စေ၏။


ထို့အတူကျီးပေါင်းပင်တို့သည်လည်း မိမိတို့ရှင်သန်ကြီးပွားဖို့အတွက်လိုအပ်သော အာဟာရဓာတ်တို့ကိုပင်မ မှီခိုရာပင်စည်စုပ်ယူမှရရှိသဖြင့် ထိုအပင်၏ကြီးပွားဖွံ့ဖြိုးမှုကို အနည်းနှင့်အများ ထိခိုက်စေသည်။


ကျီးပေါင်းပင်တို့သည် ရုက္ခဗေဒအရ “လိုသေရန်စီ” အမျိုးအစားတွင်ပါဝင်၍ မျိုးကွဲပေါင်း ၃၀ ထက်မနည်းရှိသည်ဟု ခန့်မှန်းရသည်။ မြန်မာနိုင်ငံတွင်မူ သရက်ကျီးပေါင်း၊ မကျီး ကျီးပေါင်း၊ ထနောင်းကျီးပေါင်း၊ ဆီးကျီးပေါင်းစသည်ဖြင့် မှီခိုခံရသော အပင်ကိုမူတည်ကာ ခေါ်ဝေါ်လေ့ရှိကြသည်။သရက်ကျီးပေါင်း စသောကျီးပေါင်းအချို့ကို တချို့သောမြန်မာတောသူတောင်သားများ ဆေးတံလုပ်လေ့ရှိကြသည်။


ကျီးပေါင်းတို့သည် ငယ်ရွယ်သော ခြုံပင်ငယ်အမျိုးအစားဖြစ်သဖြင့် သူတို့ကိုနယ်နယ်ရရ အသုံးချ၍မရပေ။ သို့ရာတွင် သာမန်အပင်ကဲ့သို့ မြေပြင်မှာ မပေါက်ပဲ အပင်မြင့်ထက်ပေါက်သည်ဖြစ်ရာ အများထက်မြင့်မြတ်သည်ဟု ကမ္ဘာအရပ်ရပ်က ယုံကြည်ချက်ရှိကြသည်။ (မြန်မာနိုင်ငံတွင်လဲ တော်ဝင်သဇင်ပန်းကို မြတ်တနိုး တန်ဖိုးထားကြသကဲ့သို့)ကျီးပေါင်းများမှ ပီယဆေးဖော်ထုတ်နိုင်သည်ဟု မြန်မာနိုင်ငံရှိရှေးလူကြီးများပြောကြခြင်းမှာထိုအယူအဆကြောင့်ဖြစ်ဟန်တူ၏။


အင်္ဂလန်၊ အမေရိကန် နှင့်အနောက်ဥရောပနိုင်ငံများတွင် မစ္စတယ်တိုးဟုခေါ်သော ကျီးပေါင်းပင်တစ်ချို့မှာ ရှေးခေတ်မှစ၍ အလွန်ထင်ရှားရုံသာမက ယခုခေတ်တိုင်အောင် ပွဲလမ်းသဘင်များအခမ်းအနားများတွင် အထူးသဖြင့် ခရစ်စမတ်ပွဲတော်တွင် အမြတ်တနိုးတန်ဖိုးထားအသုံးပြုလာကြသည်။ မြေသို့မခသေးသော ကျီးပေါင်းပင်သည်ချမ်းသာသုခကိုပေးသည်ဟူ၍လည်းကောင်း၊ ဘေးအန္တရာယ် ကင်းဝေးစေသည်ဟူ၍လည်းကောင်း၊ လာဘ်လာဘ ရွှင်လန်းစေသည် ဟူ၍လည်းကောင်း ယုံကြည်ကြသည်။


မစ္စတယ်တိုးပင်သည် သမပိုင်းဒေသတွင် ပန်းသီးပင်ပေါ်မှာပေါက်နိုင်၏။ ဝက်သစ်ချပင်ပေါ်တွင်အပေါက်နည်းသဖြင့် ဝက်သစ်ချပေါ်မှတွေ့ရသော မစ္စတယ်တိုးကို သာ၍ပင်မြင့်မြတ်သေးသည်ယူဆကြသေးသည်။ မြန်မာနိုင်ငံတွင်မြင့်မားသော မုတ္တမနယ်ရှိတောတောင်ဒေသများတွင် မစ္စတယ်တိုးကိုတွေ့ရှိရဖူးသည်။


မစ္စတယ်တိုးနှင့် စပ်လျဉ်း၍ထူးဆန်းသောအလေ့အထတစ်ခုမှာ ခရစ်စမတ်ပွဲတော်အခါတွင် မစ္စတယ်တိုးပင်ဆွဲချိတ်ထားသည့် အပင်အောင်တွင် အမျိုးသမီးတစ်ယောက်ကိုနမ်းမိသော် အပြစ်မရှိဟူသတတ်။


သို့သော်ငြား ကျီးပေါင်းပင်တို့ကိုမြင့်မြတ်သည်ဟုယူဆလင့်ကစား၊ ထိုအပင်တို့သည် ပင်မမှီခိုတွယ်ကပ်ရာ ပင်စည်တို့ကိုမှီခိုတွယ်ကပ်နှိပ်စက်တတ်သည့်သဘောရှိသောကြောင့် ကပ်ပါးရပ်ပါး လူစားမျိုးကို ကျီးပေါင်းနှင့်နှိုင်းပြလေ့ရှိကြသည်။

Source- wikipedia


07 Dec 2018     1,957 Views




RELATED

Most Popular of Special or Others

Most Popular of Life Style