BEC-TERO TV

ငွေစက္ကူအတုများနဲ့ ဖမ်းဆီးခံထားရတဲ့ ဒိုက်ဦးမြို့က မိန်းကလေးကို တိုင်းရင်းသားရေးရာဝန်ကြီးနဲ့အဖွဲ့ကူညီ

10 Dec 2018     1,604 Views


စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ အပြီးပြန်လာစဉ် စင်ကာပူနိုင်ငံ၌ လဲလှယ်ခဲ့သော မြန်မာကျပ်ငွေတစ်သောင်းတန်များမှာ ငွေစက္ကူအတုများဖြစ်နေခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒိုက်ဦးမြို့မှ “နော်သော့သွဲ့ထူး” အား အမှုမှလွတ်မြောက်နိုင်ရန် ပဲခူတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တို့က အစွမ်းကုန်ကူညီနေကြောင်း သိရှိရသည်။

အဆိုပါအမှုနဲ့ ပက်သက်ပြီး စင်ကာပူနိုင်ငံမှ မသော့သွဲ့ထူး ၏ အလုပ်ရှင်များ ဖြစ်သည့် စင်္ကာပူတပ်မတော်မှ အရာရှိကလည်း မြန်မာနိုင်ငံဘက်သို့ ဆက်သွယ်လာပြီး ကူညီမှုများပေးနေကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ နော်သော့သွဲ့ထူး က စင်ကာပူနိုင်ငံသို့ အေးဂျင့်ဖြင့် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး ပထမစစချင်း (၇)လစာ လုပ်အားခကို အေးဂျင့်ကို ပေးချေခဲ့ရပြီး (၈)လမြောက်တွင် သူမရဲ့ လစာကို အပြည့်အဝခံစားခွင့်ရရှိခဲ့ပါတယ်။ သူမအလုပ်လုပ်ကိုင်သော အိမ်မှာ စင်ကာပူတပ်မတော်မှ အရာရှိကြီး တစ်ဦး၏ အိမ်ဖြစ်ပြီး မိသားစုဝင်များနဲ့ ခင်မင်ရင်းနှီး သံယောဇဉ်ရှိစွာနဲ့ အလုပ်လုပ်ကိုင်နေခဲ့ပါတယ်။

၃ နှစ်ကြာလုပ်ကိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ အပြီးပြန်ရန် ဆုံးဖြတ်ခဲ့သဖြင့် စင်ကာပူအိမ်ရှင် လင်မယားကိုယ်တိုင် သူမနဲ့အတူ ငွေလဲဌါနသို့ သွားရောက်ပြီး စင်ကာပူဒေါ်လာနဲ့ မြန်မာကျပ်ငွေများ လဲလှယ်ပေးခဲ့ကြောင်း အိမ်ရှင်ဖြစ်သူ ဗိုလ်မှူးက မြန်မာနိုင်ငံနဲ့ ဆက်သွယ်ပြီး မေးမြန်ရာမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ငွေစက္ကူအတုများ ဖြစ်နေတာကို မသိရှိခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။

ထို့ပြင် အပြစ်မရှိပဲ ထိန်းသိမ်းခံထားရသည့် မသော့သွဲထူး ကိုအမှုမှ အမြန်ဆုံးလွတ်မြောက်စေရန် မည်သို့အကူအညီများ ပေးရမည်ကိုလည်း ဆက်သွယ်စဉ် ပြောကြားခဲ့ပါတယ်။

နော်သော့သွဲ့ထူး အား အမှုမှအမြန်ဆုံး လွတ်မြောက်နိုင်ရန် ပဲခူတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး နှင့် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်တို့မှ သူမ၏ မိဘဆွေမျိုးများရှိရာ လကျမြောင်ရွာသို့ သွားရောက်ခဲ့ပြီး အားပေးစကားပြောကြားကာ အမြန်ဆုံးလွတ်မြောက်နိုင်ရန် ကြိုးစားပေးမည့်အကြောင်း ပြောကြားခဲ့ပါတယ်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်ခဲ့ပြီး တာဝန်ရှိမြို့နယ်မှူး၊ စခန်းမှူးတို့နှင့်ဆွေးနွေးတိုင်ပင်ခဲ့ကြပြီးသက်သေခံငွေစက္ကူအတုများကိုကြည့်ရှု့ခြင်း၊ နော်သော့သွဲ့ထူး အားအချုပ်ခန်းအတွင်း နေထိုင်စားသောက်ထားရှိမှုများကို ကိုယ်တိုင်မေးမြန်းခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ စီအိုင်ဒီမှ စစ်ဆေးနေချိန် ယခုအချိန်ထိ နော်သော့သွယ်ထူး အား ကောင်းမွန်စွာ စောင့်ရှောက်အကူအညီများပေးထားပြီး ငွေစက္ကူအတုများမှာ စင်္ကာပူနိုင်ငံဘက်မှဝင်ရောက်လာသော နယ်စပ်ဖြတ်ကျော်အမှုဖြစ်သည့်အတွက် ပြည်ထောင်စုအဆင့်မှ ဆက်လက်ကိုင်တွယ်ဖို့ရှိကြောင်း ပြောကြားခဲ့သည်။


ဒီဇင်ဘာလ ၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ် မှ ရဲစခန်းသို့သွားရောက်ခါ (CID)အဖွဲ့မှသော့သွဲ့ထူးအမှုကိစ္စနှင့် ပတ်သက်သည့်မေးမြန်း စစ်ဆေးချက်ရယူမှုများကို ကြည့်ရှုခဲ့ပြီး အားပေးစကားပြောကြားကာ အမှုအခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းအား မေးမြန်းချက်များအပေါ် အတပ်နိုင်ဆုံးကြိုးစား၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြောင်းသိရသည်။

နော်သော့သွဲ့ထူး ကို ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းက ငွေစက္ကူ တစ်သောင်းကျပ်တန် (၁၅၄)ရွက်ကို သူမ၏ ဒိုက်ဦးမြို့နယ် လယ်ကြားမြောင်ကျေးရွာရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။


သတင်းရင်းမြစ် - ဇာတိမာန်


10 Dec 2018     1,604 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS