BEC-TERO TV

ကလေးလေးတွေဟာ မေမေတွေဆီကထက် ဖေဖေ့အသံကနေ စကားပြောသင်

11 Dec 2018     1,465 Views


မိခင်တိုင်းက ကိုယ်ဝန်ဆောင်ချိန်မှာထဲက ဗိုက်ထဲက ကလေးလေးကို စကားတွေ မကြာခဏ ပြောနေတတ်ပါတယ်။ ဆေးသိပ္ပံသုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်အရ ကိုယ်ဝန်ဆောင်ကာလရဲ့ နောက်ဆုံး ၃ လောက်အပိုင်းအခြားလောက်မှာ ဗိုက်ထဲက ကလေးတွေဟာ အသံတွေကို မှတ်မိနေတတ်ပြီလို့ဆိုပါတယ်။ ကလေးလေးတွေဟာ တခြားသူစိမ်းတွေရဲ့ အသံထက် မိခင်ရဲ့ အသံကိုကြားရတာ ပိုပြီးနှစ်သက်တတ်ကြပါတယ်။


တရုပ်နိုင်ငံ ဖူဒန်တက္ကသိုလ်ရဲ့ မနုဿဗေဒပညာရှင် ဓါတ်ခွဲခန်းမှ လတ်တလော ထပ်မံလေ့လာတွေ့ရှိချက်မှာတော့ ကလေးတွေဟာ စကားပြောတတ်လာဖို့ ဘာသာဗေဒဆိုင်ရာ အတတ်ပညာကိုတော့ မိခင်တွေဆီကထက် ဖခင်တွေရဲ့ အသံကနေ ပိုပြီး သင်ယူကြတယ်လို့ ဆိုပါတယ်။
 
ကလေးလေးတွေဟာ စကားပြောနိုင်လာဖို့ ဘာသာစကားစွမ်းရည်ကို မိဘနှစ်ဦးစလုံးဆီကနေ သင်ယူရင်း တတ်မြောက်လာကြတယ်ဆိုသော်ငြားလည်း မိခင်ရဲ့ အသံကို သူတို့က သဘောကျနှစ်သက်တတ်ပြီး ဖခင်ရဲ့ အသံကိုနားထောင်ပြီး စကားပြောတတ်လာဖို့ သင်ယူကြတယ်လို့ လေ့လာစမ်းစစ်ရေးအဖွဲ့ခေါင်းဆောင် ‘မန်ဟန်ကျန်း’ က ဆိုပါတယ်။

အသုံးချစိတ်ပညာ ဖွံ့ဖြိုးရေးဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ၂၀၀၆ ခုနှစ်က လေ့လာတွေ့ရှိချက်မှာလည်း ကလေးငယ်တွေဟာ အသက် ၂ နှစ်ကနေ ၃ နှစ်အတွင်းမှာ ဖခင်တွေရဲ့ အကူအညီနဲ့ ဘာသာစကားစွမ်းရည်ဖွံ့ဖြိုးလာတယ်လို့ ရေးသားထားပါတယ်။
 
မြောက်ပိုင်းကယ်ရိုလိုင်းနား တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ မိဘစုံတွဲ နှစ်တွဲကို သူတို့သားသမီးတွေနဲ့ ကစားနေကြတဲ့အချိန်ကို ရုပ်သံရိုက်ကူးကာ စနစ်တကျ လေ့လာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဖခင်တွေဟာ မိခင်တွေထက် မကြာခဏဆိုသလို ကလေးတွေကို စကားအဆန်းလေးတွေနဲ့ ပြောဆိုတတ်တာကို သတိထား တွေ့ခဲ့ရပါတယ်။ တစ်နှစ်အကြာမှာတော့ ဖခင်နဲ့စကားပြောတာ ပိုအချိန်ပေးခံရတဲ့ ကလေးရဲ့ စကားပြောစွမ်းရည်က ပိုသာနေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့်မို့ ကလေးလေးတွေရဲ့ စကားမြန်မြန်ပြောတတ်ပြီး စကားပြောစွမ်းရည် တိုးတက်လာဖို့ဆိုရင် ဖေဖေတွေအနေနဲ့ ကလေးတွေကို အချိန်ပေးပြီး စကားတွေပြောပေးဖို့လိုပါတယ်။ မည်သို့ပင် ဖြစ်စေကာမူ ကလေးတွေကို စကားပြောသင်တဲ့ တာဝန်ဟာ တစ်ဦးတစ်ယောက်ထဲရဲ့ တာဝန်မဟုတ်ပဲ မိဘနှစ်ပါးလုံးက ကလေးတွေကို အချိန်ပေးပြီး စကားတွေ ပြောတတ်လာအောင် သင်ပေးဖို့လိုပါတယ်။
 
 
(ပိုပိုလေး)

11 Dec 2018     1,465 Views




RELATED

Most Popular of Special or Others

Most Popular of Life Style