BEC-TERO TV

အချိန်ကြာကြာနို့တိုက်ခြင်းက အသည်းနဲ့ပက်သက်တဲ့ရောဂါဖြစ်ပွားမှု လျော့နည်းစေ

28 Dec 2018     1,642 Views


မိခင်များအနေနဲ့ ကလေးတွေကို ၆ လ သို့မဟုတ် ထိုထက်ပိုပြီး နို့ချိုတိုက်ကျွေးခြင်းဖြင့် ကလေးများအတွက် အဟာရအကျိုးရရှိစေသလို မိခင်ဖြစ်သူအတွက်လည်း အသည်းမှ အဆီများလျော့ကျစေပြီး အသည်းနဲ့ပက်သက်တဲ့ ရောဂါတွေဖြစ်ပွားနိုင်ခြေ နည်းပါးကြောင်း အမေရိကန် သုတေသီများက အကြံပေးပြောကြားခဲ့သည်။
 
နို့တိုက်ခြင်းကြောင့် အမျိုးသမီးများအတွက် ကျန်းမာရေး အကျိုးထူးများစွာ ရရှိတယ်ဆိုတဲ့အချက်ကို ပညာရှင်တွေ တွေ့ထားတာ ကြာခဲ့ပြီဖြစ်ပါတယ်။ အဲဒီအထဲမှာ နှလုံးနဲ့ပက်သက်တဲ့ရောဂါတွေ၊ ဆီးချိုနဲ့ ကင်ဆာရောဂါအချို့ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကနေ လျော့ကျစေတယ်ဆိုတာတွေ ပါဝင်ပါတယ်။
 
အခုလက်ရှိမှာတော့ စားသောက်နေထိုင်မှုပုံစံကြောင့် ဖြစ်ပေါ်နိုင်တဲ့ အသည်းအဆီဖုံးရောဂါတွေကိုပါ နို့တိုက်ခြင်းကြောင့် လျော့ကျစေနိုင်လား ဆိုတဲ့အပေါ် သုတေသီတွေက အာရုံစိုက်လေ့လာနေကြတာ ဖြစ်ပါတယ်။

သုတေသီတွေဟာ အမျိုးသမီး ၈၄၄ ဦးကို သူတို့ ကလေးမွေးပြီးတဲ့ အချိန်ကစတင်ပြီး ၂၅ နှစ်ကြာ တစိုက်မှတ်မှတ် လေ့လာစောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။ သူတို့တွေထဲက ၃၂ ရာခိုင်နှုန်းက ကလေးကို တစ်လဝန်းကျင်ပဲ နို့တိုက်သူတွေဖြစ်ပြီး၊ ၂၅ ရာခိုင်နှုန်းက တစ်လကနေ ၆ လ နဲ့ ၄၃ ရာခိုင်နှုန်းကတော့ ၆ လ နဲ့အထက် နို့တိုက်ကြသူတွေ ဖြစ်ပါတယ်။
 
အဆိုပါ အမျိုးသမီးတွေဟာ ပျှမ်းမ အသက် ၄၉ နှစ်ခန့် ရှိကြပြီး သုတေသနပြုလုပ်ချက်အဆုံးမှာတော့ သူတို့ထဲက ၆ ရာခိုင်နှုန်း (၅၄ ဦး) ဟာ အသည်းအဆီဖုံးတဲ့ ရောဂါတွေ ဖြစ်ပွားလာတာ တွေ့ရပါတယ်။ အနည်းဆုံး ၆ လ နို့တိုက်ခဲ့တဲ့ ၅၂ ရာခိုင်နှုန်းသော မိခင်တွေဟာ တစ်လ သို့မဟုတ် တစ်လအောက်သာ နို့တိုက်ခဲ့တဲ့ မိခင်တွေထက် အသည်းနဲ့ပက်သက်တဲ့ ရောဂါဖြစ်ပွားနိုင်မှု အင်မတန်လျော့နည်းတာကို တွေ့ရှိခဲ့ရပါတယ်လို့ သုတေသီတွေက မှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။
 
ဒါပေမယ့် နိုတိုက်တာနဲ့ အသည်းရောဂါဖြစ်ပွားမှု လျော့ကျတာဟာ ဘယ်လိုစက်ဆက်နေလည်းဆိုတာကို သိပ္ပံနည်းကျ သက်သေပြဖို့ကိုတော့ သုတေသီတွေ ဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ နို့ကြာကြာတိုက်တဲ့ မိခင်တွေက ပိုပြီးကျန်းမာတဲ့အတွက် အသည်းရောဂါဖြစ်ပွားမှု လျော့ကျစေနိုင်တာလည်း ဖြစ်နိုင်တယ်လို့ သုတေသီတစ်ဦးက ဖြေရှင်းချက်ပေးထားပါတယ်။

“မိခင်တွေအနေနဲ့ ကလေးတွေကို အနည်းဆုံး ၆ လလောက် မဖြစ်မနေ နို့တိုက်ကြဖို့ အကြံပြုထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုနို့တိုက်တာကြောင့် မိခင်တွေအတွက် ရောဂါဘယဖြစ်ပွားမှုကနေ ဘယ်အတိုင်းအတာထိ အကာအကွယ် ဖြစ်စေလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မပြောနိုင်သေးပါဘူး” လို့ နယူဂျာစီမှာရှိတဲ့ ကော့ပါးဆေးတက္ကသိုလ်က ဒေါက်တာ လော်ရီ ဖဲ့လ်မန်းဝင်းတား က ပြောကြားခဲ့ပါတယ်။
 
ဒါပေမယ့် နို့တိုက်ခြင်းကြောင့် မိခင်တွေအနေနဲ့ ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိတယ်ဆိုတဲ့ သက်သေတွေ အများကြီးရှိပါတယ်လို့ သုတေသီတစ်ဦးက ပြောကြားခဲ့ပါတယ်။
 
(ပိုပိုလေး)

28 Dec 2018     1,642 Views




RELATED

Most Popular of Health Fix

Most Popular of Life Style