BEC-TERO TV

နှလုံးရောဂါဖြစ်လာတော့မည့် ရှေးပြေးလက္ခဏာ(၁၀)ရပ်

02 Jan 2019     3,008 Views


နှလုံးရောဂါနဲ့ နှလုံးဖောက်မှုတွေကြောင့် နေ့စဉ်လူပေါင်း ထောင်နဲ့ချီ သေဆုံးလျှက်ရှိနေပါတယ်။ ရောဂါဗေဒထိန်းချုပ်ရေးနဲ့ တားမြစ်ရေးစင်တာ၏ အဆိုအရ အမေရိကန်နိုင်ငံ တစ်ခုထဲမှာပင် တစ်နှစ်လျှင် နှလုံးရောဂါနဲ့ သေဆုံးနေရသူပေါင်း ၆ သိန်း ၁ သောင်းကျော်ရှိတယ်လို့ ဖော်ပြထားတဲ့အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဘယ်လောက်တောင် များပြားမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
 
နှလုံးရောဂါဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်ပွားတတ်ပြီး ယခုဆိုရင် မှားယွင်းတဲ့ ဖြစ်သလိုနေထိုင်မှုပုံစံတွေကြောင့် အသက်ငယ်ပိုင်းတွေမှာပါ ဖြစ်ပွားနှုန်း တိုးလာတာကို တွေ့ရှိရပါတယ်။ မည်သို့ပင်ဆိုစေကာမူ ရောဂါဘယတိုင်းမှာ ဖြစ်ပွားတော့မယ်ဆိုတာကို မဖြစ်ခင် ကြိုတင်သတိပေးတတ်တဲ့ ရှေ့ပြေးလက္ခဏာတွေကို ဦးစွာ ခံစားစေလေ့ရှိပါတယ်။ ဒါကြောင့်မို့ ရှေးပြေးလက္ခဏာတွေကို ပေါ့ပေါ့ဆဆနဲ့ လစ်လျူမရှုပဲ သတိပြုသင့်ပါတယ်။
 
လူအတော်များများဟာ ဒီလက္ခဏာတွေကို ဂရုမစိုက်ကြပဲ နေမြဲအတိုင်းနေထိုင်သွားကြတာကြောင့် ရောဂါတစ်ကယ်ဖြစ်လာတဲ့အခါ အကြီးအကျယ် ဒုက္ခရောက် ခံစားရတတ်ကြပါတယ်။ နှလုံးရောဂါဖြစ်ဖို့ အကြောင်းရင်းပေါင်းများစွာရှိနေပေမယ့် ကိုယ်ရဲ့နေထိုင်စားသောက်မှုပုံစံကသာလျှင် ရောဂါဖြစ်ရတဲ့ အဓိကအချက်ဖြစ်နေပါတယ်။
 
ဒါကြောင့်မို့ ကိုယ့်ရဲ့နှလုံး အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူးဆိုရင် ဘယ်လိုဝေဒနာတ္ပေ စတင်ခံစားလာရမလဲဆိုတာ သတိပြုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
 
 
၁။ ရင်ဘတ်ပိုင်းနဲ့ လက်မောင်းအောင့်ခြင်း
 
ပုံမှန်မဟုတ်ပဲ ကိုယ့်ရဲ့ ဘယ်ဖက်လက်မောင်း အောင့်နေတတ်တယ်ဆိုရင်တော့ အခြေခံအားဖြင့် နှလုံးအမောဖောက်မယ့် လက္ခဏာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမျိုးသားတွေအနေနဲ့ ဘယ်ဖက်လက်မောင်းသာ နာကျင်တတ်ပေမယ့် အမျိုးသမီးတွေအတွက်တော့ လက်မောင်း နှစ်ဖက်လုံးအပြင် တံတောင်ဆစ်တွေပါ နာကျင်တတ်ပါတယ်။
 
အကယ်၍ ဘယ်ဖက်ရင်အုံကစပြီး လက်မောင်းတစ်လျှောက် နာကျင်မှုကို ပုံမှန်ခံစားနေရပြီဆိုရင်တော့ လျစ်လျူမရှူသင့်တော့ပဲ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။
 
 
၂။ ချောင်းမှန်မှန်ဆိုးနေခြင်း
 
ချောင်းဆိုး ဝေဒနာ ဆိုတာကတော့ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သလိပ်မှာ သွေးစလေးတွေပါတာ ဒါမှမဟုတ် အရောင်ပြောင်းနေတယ်ဆိုရင်တော့ သတိထားပါ၊ နှလုံးပုံမှန်အလုပ်မလုပ်တော့ဘူးဆိုတဲ့ လက်က္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။
 
ပုံမှန်ချောင်းဆိုးလို့ ထွက်လာတဲ့ ချွဲသလိပ်က ထူးဆန်းတဲ့အရောင်တွေ ရှိမနေပါဘူး။ ဒီလိုအရောင်တွေပါလာပြီဆိုရင်တော့ နှလုံး ဒါမှမဟုတ် အဆုတ်မှာ ပြဿနာရှိနေပြီဆိုတဲ့ လက္ခဏာ ဖြစ်တာကြောင့် မပေါ့ဆသင့်ပါ။
 
 
၃။ ခြေဖျား၊ ခြေထောက်နဲ့ ခြေချင်းတွေ ရောင်ယမ်းခြင်း
 
နှလုံး သွေလှည့်ပတ်၊ သွေးတွန်းအား ပုံမှန်ဖြစ်နေမယ်ဆိုရင် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက နေသားတကျ အဆင်ပြေနေပေမယ့် ဒီလိုမှမဟုတ်တော့ဘူးဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ သွေးပိတ်ဆို့လာတာကြောင့် ခြေဖျားနဲ့ ခြေချင်း အနီးတစ်ဝိုက်က နာ့ဗ်ကြောလေးတွေ ထိခိုက်ပြီး ခြေဖျား၊ ခြေထောက်နဲ့ ခြေချင်းတွေ ရောင်ယမ်းတာ ဖြစ်လာပါတယ်။
 
မြေကြီးရဲ့ ဆွဲအားကြောင့် ရောင်ယမ်းတာလည်း ဖြစ်နိုင်ပါတယ်။ အခုလို ရောင်ယမ်းတာဟာ နှလုံးဖောက်ပြန်မယ့် အဓိကလက္ခဏာရပ်ကြီး မဟုတ်သော်လည်း လက္ခဏာရပ်တွေထဲက တစ်ချက်ဖြစ်တာကြောင့် စစ်ဆေးပြသသင့်ပါတယ်။
 
 
၄။ အစားအသောက်ပျက်ခြင်း နဲ့ ပျို့အန်ချင်ခြင်း
 
နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါရှိတဲ့သူတွေဟာ စားချင်သောက်ချင်စိတ် မရှိတဲ့ အခြေအနေနဲ့ ကြုံတွေရတတ်ပါတယ်။ သူတို့တွေဟာ ဗိုက်မဆာခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်းနဲ့ အစာစားရင်တောင် နည်းနည်းလေးပဲ စားတတ်ကြပါတယ်။
 
ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ အစာချေဖို့ အဓိကလုပ်ဆောင်ပေးတဲ့ အသည်း တစ်ဝိုက် သွေးအရည်ပြည့်တင်းနေတာကြောင့် အစာချေစနစ်ကို ထိခိုက်ပြီး အခုလို ဝေဒနာတွေ ခံစားရတာဖြစ်ပါတယ်။ ရံဖန်ရံခါ ဗိုက်အောင့်ဝေဒနာပင်ခံစားရတတ်ပြီး ဒီလိုလက္ခဏာတွေ ကြုံနေရပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
 
 
၅။ စိုးရိမ်သောကများလာခြင်း
 
ပုံမှန်ထက်လွန်ကဲပြီး အလွန်အမင်းစိုးရိမ်သောက တက်လာသူတွေဟာ စောစောစီးစီးနှလုံးဖောက်ပြန်တတ်ကြောင်း သုတေသနစာတမ်းတွေမှာ တူညီစွာဖော်ပြထားပါတယ်။ စိတ်ဖိစိးမှုလွန်ကဲခြင်း၊ အလုပ်ပိခြင်း၊ အစာပုံမှန်မစားခြင်းနဲ့ အခြားသော အကြောင်းရာတွေကြောင့်လည်း စိုးရိမ်သောက မြင့်တက်မှုဖြစ်စေနိုင်ပြီး နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
 
စိုးရိမ်သောက တက်လေလေ နှလုံးခုန်နှုန်းမြန်ပြီး နှလုံးက သွေးထုတ်လွှတ်မှုများလာတာကြောင့် ရေရှည်မှာ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
 
 
၆။ မူးမေ့လဲကျမလိုဖြစ်ခြင်း
 
ရုတ်တရက် လျှပ်စီးလက်လိုက်သလို ခေါင်းထဲမှာ မိုက်ကနဲဖြစ်ပြီး လဲကျချင်သလို ဖြစ်သွားတာကလည်း နှလုံးရောဂါဝေဒနာရဲ့ သတိပေးချက် လက္ခဏာရပ်ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အသက်ရှုကြပ်ချင်သလိုဖြစ်ပြီး ဘာအကြောင်းမှမရှိပဲ သတိလစ်ချင်သလိုလို ဖြစ်တာမျိုး အကြိမ်များလာရင် ဆရာဝန်နဲ့ ပြဖြစ်အောင် သွားပြဖို့ တိုက်တွန်းပါတယ်။
 
ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ သွေးကြောထဲမှာ သွေးလှည့်ပတ်မှု နှေးကွေးတာကြောင့်ဖြစ်ပြီး သွေးခဲလေးတွေ ပိတ်ဆို့တတ်တာကြောင့် အဖြစ်များပါတယ်။
 
 
၇။ အသားအရောင်ဖြူရောင်ဖျော့တော့လာခြင်း
 
မိမိရဲ့အသားအရောင်ဟာ ပုံမှန်မဟုတ်ပဲ ဖြူရော်ဖျော့တော့လာခြင်းက နှလုံးရောဂါရဲ့ ပင်မလက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ နှလုံးနဲ့ဆိုင်တဲ့ ရောဂါရလာတဲ့အခါ နှလုံးက ပုံမှန် သွေးမတွန်းနိုင်တာကြောင့် သွေးလှည့်ပတ်မှု နှေးကွေးသွားပါတယ်။ အဲဒီလိုနှေးကွေးသွားတာကြောင့် သွေးနီဥလေးတွေ လျော့ပါးသွားပြီး အသားအရောင် ပြောင်းလဲ ဖြူရော်လာခြင်းဖြစ်ပါတယ်။
 
 
၈။ အရေးပြားအစွန်းအကွက်ဖြစ်ခြင်းနဲ့ အင်ပျဉ်ထွက်ခြင်း
 
နှလုံးနဲ့ပက်သက်တဲ့ ရောဂါဝေဒနာသည်တွေမှာ အရေပြားအကွက်များထခြင်း၊ အင်ပျဉ်လိုအနီကွက်များ၊ နှင်ခူနာများ ပေါ်တတ်ကြောင်း သုတေသနစာတမ်းအတော်များများမှာ ဖော်ပြထားပါတယ်။
 
နှင်းခူနာရှိတဲ့ လူတွေဟာ နှလုံးနဲသက်ဆိုင်တဲ့ ရောဂါဖြစ်ဖို့ ၄၈% သေချာနေတယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ သွေးတိုးနဲ့ ကိုလက်စထရောလည်း များနေတတ်ပါတယ်။
 
 
၉။ ပင်ပန်းနွမ်းလျသလို ခံစားရခြင်း
 
မည်သည့်အလုပ်မှ မယ်မယ်ရရ မလုပ်ကိုင်ရသေးပဲ မောပန်းလွယ်ပြီး နွမ်းလျနေသလို ခံစားရတတ်သူများ အနေနဲ့ မိမိရဲ့ နှလုံးဟာ ပုံမှန်မဟုတ်ပဲ အားနည်းနေပြီဆိုတာ သတိရှိဖို့လိုပါတယ်။ ဒီလိုဆိုရင်တော့ အမြန်ဆုံး ဆေးစစ်ဖို့ လိုနေပါပြီ။
 
 
၁၀။ ချွေးထွက်လွန်းခြင်း
 
ပုံမှန်အတိုင်းမဟုတ်ပဲ ချွေးထွက်လွန်းနေခြင်းကလည်း နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာဖြစ်ပါတယ်။ ဖျားနာလို့၊ ရာသီဥတုကြောင့် ဒါမှမဟုတ် အခြားသော ချွေးထွက်မယ့်အလုပ်လုပ်တာကြောင့် ချွေးထွက်ခြင်းက ပြဿနာမရှိပေမယ့် ဒီလိုမဟုတ်ပဲ နှလုံးခုန်နှုန်းကလည်း အရမ်းမြန်နေပြီး သာမန်ထက်လည်း ပိုပြီး ချွေးထွက်လွန်နေတယ်ဆိုရင်တော့ သတိထားဖို့လိုပါတယ်။
 
မူးဝေတာတွေ ပျို့အန်ချင်တာတွေကိုပါ ခံစားလာရတတ်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
 
အနှစ်ချုပ်အနေနဲ့ နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းအဖြစ် နားလည်ထားဖို့လိုပါတယ်။ နှလုံးကျန်းမာမှသာ အခြားအစိတ်အပိုင်းတွေလည်း ပုံမှန်အလုပ်လုပ်ပြီး ကျန်းမာနိုင်မှာဖြစ်ပါတယ်။
 
ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာကတော့ လူအတော်များများဟာ နှလုံးကျန်းမာရေးနဲ့ဆိုင်တဲ့ ရှေ့ပြေးလက္ခဏာတွေကို ပေါ့ပေါ့တန်တန်သဘောထားပြီး နေထိုင်တတ်ကြတာဖြစ်ပါတယ်။ တစ်ကယ်တော့ ဒီလို လစ်လျူရှုထားခြင်းဟာ မိမိရဲ့အသက်အန္တရာယ်ကို အကြီးအကျယ်ခြိမ်းခြောက်နေတာပဲဖြစ်ပါတယ်။
 
ဒါကြောင့်မို့ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပို၍ထိရောက်တယ် ဆိုတဲ့စကားအတိုင်း ဖော်ပြပါ ရှေးပြေးလက္ခဏာတွေ ခံစားလာရရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ သွားရောက်စစ်ဆေးပြသပြီး ကြိုတင်ကာကွယ်ကြဖို့ အရေးကြီးကြောင်း ပိုပိုလေးမှ ရေးသားဖော်ပြလိုက်ရပါတယ်။
 
(ပိုပိုလေး)
 

 


02 Jan 2019     3,008 Views




RELATED

Most Popular of Health Fix

Most Popular of Life Style