BEC-TERO TV

ရထားတိမ်းမှောက်မည့်အန္တရာယ်မှ အချိန်မီ ကယ်တင်နိုင်လိုက်သည့် မီးရထားဝန်ထမ်းများ

28 Jan 2019     1,745 Views


လက်ပံတန်း သာရဝေါ လမ်းပိုင်းမှ ရထားသံလမ်းအဆက်များ ဖြုတ်ခိုးခံခဲ့ရပြီး သာရဝေါမှထွက်လာသော လူစီးလော်ကယ်ရထား လမ်းချော်ကျကာ ပျက်ဆီးဆုံးရှုံး ခရီးသည်များ အသက်အန္တရာယ်ဖြစ်မည့်ဘေးမှ မီရထားဝန်ထမ်းများ အချိန်မီ ကယ်ဆယ်ပြုပြင်နိုင်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် မီးရထားလမ်း အဆက်များ ဖြုတ်ခိုးသူအား အသွင်ယူစောင့်ဆိုင်းကာ အမိအရဖမ်းဆီးနိုင်ခဲ့ကြသည်။
 
 
ဖြစ်စဉ်မှာ မြန်မာ့မီးရထားဌာန(လက်ပံတန်း)မှ အငယ်တန်းအင်ဂျင်နီယာ(၁) သည် အမှတ် ၆၉ အဆန် ကြည့်မြင်တိုင် သာရဝေါ အမြန်ရထားစက်ခေါင်းမှ လမ်းပိုင်းစစ်ဆေးရန် လိုက်ပါလာခဲ့စဉ် လက်ပံတန်း ညောင်ဝိုင်းကြားမိုင်တိုင် (၈၀/၉-၁၀) ကြားတွင် သံလမ်းဆက်ပြားများ အနေအထား မူမမှန်ဖြစ်နေသောကြောင့် သွားရောက်စစ်ဆေး ရန်ညွှန်ကြားခဲ့သည်။
 
 
ညွှန်ကြားချက်အရ အငယ်တန်းအင်ဂျင်နီယာ(၃) ဦးသိန်းဇော်ဦး သည် ဇန်နဝါရီ ၂၅ ရက်နေ့နံနက် စောစောတွင် လမ်းလျှောက်စစ်ဆေးခဲ့ရာ မိုင်တိုင်(၈၀ /၉-၁၀)အရောက်၌ သံလမ်းဆက်ပြားနှစ်စုံ ပျောက်ဆုံးနေကြောင်းတွေ့ ရှိခဲ့ရသည်။ ထိုအချိန်တွင် လူစီးလော်ကယ်ရထား ဖြတ်သန်းရန် အချိန်နီးကပ်နေပြီဖြစ်သဖြင့် ညောင်ဝိုင်းဘူတာအမှတ် ၂ လမ်းမှ သံလမ်းဆက်ပြား နှစ်စုံကို ဇာဝီလှည့်သူ ဦးစိုးမင်းအောင် အား အမြန်ဆုံးဖြုတ်ခိုင်းပြီး အဆိုပါ နေရာတွင်အမြန်ဆုံးပြန်လည် အစားထိုးတပ်ဆင်ပေးနိုင်ခဲ့သဖြင့် လူစီးရထား ဘေးအန္တရာယ်ကင်းစွာနဲ့ ဖြတ်သန်းသွားလာနိုင်ခဲ့သည်။
 
 
သို့ရာတွင် နောက်ထပ်ဖြုတ်ခိုးမှုများ ရှိလာနိုင်သေးသည့်အတွက် တရားခံကို အမိအရဖမ်းဆီးရန် အငယ်တန်းအင်ဂျင်နီယာ(၃) ဦးသိန်းဇော်ဦး၊ ဇာဝီလှည့် ဦးစိုးမင်းအောင် နှင့် နေ့စားဝန်ထမ်း ချစ်မျိုးဦးတို့ ၃ ဦး အနီးနားတဝိုက်တွင် နွားကျောင်းသားအသွင်၊ လယ်သမားအသွင်ယူကာ ချောင်းမြောင်း စောင့်ဆိုင်းနေခဲ့ကြသည်။
 
 
အဆိုပါနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် လူတစ်ဦးဆိုင်ကယ်နဲ့ ရောက်လာပြီး ရထားလမ်းနဲ့ ဆိုင်ကယ်ကြား အခေါက်ခေါက်အခါခါ မသင်္ကာဖွယ်ရာအမူယာများ တွေ့ရသဖြင့် ကင်းပုန်းဝပ်ကြည့်နေစဉ် ထိုသူသည် အသင့်ယူဆောင်လာသော ဆီပျက်ဗူးဖြင့် သံလမ်းဆက်ပြားမူလီများအား ကြေးနန်းခန်း ၅ ခန်းခန့်အား တောက်လျှောက်ဖြန်းနေသည်ကို တွေ့ရှိရသည်။
 
 
ထို့နောက် လက်ပံတန်းဘက်မှလာသော လော်ကယ်ရထား သာရဝေါဘက်မှလာသော အမြန်ရထားများ ဖြတ်သန်းပြီးချိန်တွင် ထိုသူသည် ဆီဖြန်းထားသော သံလမ်းဆက်ပြားအား စတင်ဖြုတ်ယူနေဟန် တွေ့ရသဖြင့် လက်ပံတန်းဘူတာ မီးရထားရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ မီးရထားရဲ ၅ ဦးနှင့်အတူ တာဝန်ရှိသူများ လမ်းထိပ်မှ ပူးပေါင်းစောင့်ဆိုင်းစဉ် ပြစ်မှုကျူးလွန်သူအား သက်သေခံပစ္စည်းများဖြစ်သည့် အများပြည်သူ အန္တရာယ်ကျရောက်စေနိုင်သော သံလမ်းဆက်များ၊ ၇၅ပေါင် သံလမ်းဆက်ပြား ၄ ပြား၊ ၇၅ပေါင် သံလမ်းဆက်မူလီ ၆ ချောင်း၊ ကွန်ကရစ်ဇလီဖားတုံးကလစ် ၈ ခု၊ KBK တံဆိတ်ပါမြွေရေခွံအိတ် TARYAN-110 အမျိုးအစား နံပါတ်မပါသောဆိုင်ကယ်တစ်စီး၊ ဆိုင်ကယ်သော့တစ်ချောင်း၊ Spider တံဆိတ်ပါလက်အိတ် ၁ခုနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။
 
 
 
မီးရထားသံလမ်းဆက်များခိုးယူသူ ဇင်ဇင်ထွန်း(ခ)အာပနား (၁၅)နှစ်(ဘ)ဦးမောင်မောင်သိန်း ပြည်လမ်း တာဂွ မအူကုန်းရပ်ကွက်၊ လက်ပံတန်မြို့တွင် နေထိုင်သူအား လက်ပံတန်းမြို့မရဲစခန်းတွင် (ပ)၅၇/၂၀၁၈ မီးရထားအက်ဥပဒေပုဒ်မ ၈၄ ဖြင့်တရားလိုပြုလုပ်၍တရားစွဲဆိုထားပါကြောင်းသိရသည်။
 
သတင်းကိုးကား - ယဉ်ယဉ်သိန်း(နဘား)

28 Jan 2019     1,745 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS