BEC-TERO TV

ဆေးကုသခွင့်လိုင်စင်မရပဲ ဆေးကုသခြင်းကြောင့် (၇) တန်းကျောင်းသူတစ်ဦး သေဆုံး

11 Feb 2019     1,338 Views


စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ ရွှေကူတဲစုကျေးရွာ၌ တရားဝင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးထိုးအပ်ကိုင်ဆောင်၍ ကုသခြင်းကြောင့် သတ္တမတန်းကျောင်းသူတစ်ဦး အသက်ဆုံးရှုံးသွားကြောင်း သေဆုံးသူ၏ ဦးလေးတော်စပ်သူ ဦးအောင်ကျော်ထွေး ထံမှ သိရသည်။
 
 
ခင်ဦးမြို့နယ်၊ ရွှေကူတဲစုကျေးရွာနေ (ဘ)ဦးဖိုးမင်း (အမိ)ဒေါ်အေးအေးခိုင် တို့၏သမီး သတ္တမတန်းကျောင်းသူ မဖြူလုံး(ခ)မအေးကြွယ်ဖြိုး မှာ အအေးမိ၍ ကိုယ်ပူနေခြင်းကြောင့် မိဘများမှာ စိုးရိမ်၍ ရွာတွင် ဆေးကုသပေးနေသော သန်းထွန်းအောင် ၃၁ နှစ် (ဘ)ဦးစိန်ဝင်း အား ဖေဖော်ဝါရီ ၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် အိမ်သို့ပင့်၍ပြသခဲ့ရာ မအေးကြွယ်ဖြိုး အား ဆေးထိုး၍ပြန်သွားခဲ့သည်။ 
 
ဆေးထိုးပြီး ခဏအကြာတွင် မအေးကြွယ်ဖြိုး မှာ အော့အန်ကာ သတိလစ်သွားသဖြင့်
၎င်း သန်းထွန်းအောင်အား ထပ်မံခေါ်ယူပြသရာ သူက မအေးကြွယ်ဖြိုး ကို သွေးပေါင်ချိန်ကြည့်ပြီး ဆေးအရှိန်ကြောင့်ပါ ၊ ကောင်းပါတယ် ဟုပြောကာ ပြန်သွားခဲ့သည်။
 
ထိုအချိန်မှစ၍ မအေးကြွယ်ဖြိုး မှာ ဖေဖော်ဝါရီ ၆ ရက် နံနက် ၂ နာရီအချိန်ထိ သတိပြန်လည်လာခြင်းမရှိသဖြင့် မသင်္ကာဖြစ်လာပြီး ခင်ဦးပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တရာဝန်ကျဆရာဝန်မှ ဖြစ်စဉ်ကို မေးမြန်းခဲ့သည်။
 
သန်းထွန်းအောင် မှ မအေးကြွယ်ဖြိုး အား ထိုးပေးခဲ့သော ဆေးပုလင်းအခွံကို ဆရာဝန်အားပြရာ ဒီဆေးမှာ ကလေးတွေကို ထိုးမပေးရဘူး၊ ဒီဆေးကြောင့်မို့ အခုလိုဖြစ်ရတာပါဟုပြောပြီး ရွှေဘိုပြည်သူ့ဆေးရုံသို့ ကုသရန်လွှဲပြောင်းပေးခဲ့သည်။
ရွှေဘိုပြည်သူ့ဆေးရုံမှ ထပ်မံ၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းရာ နေ့ ၁၁ နာရီအချိန်ခန့် လမ်းတွင် မအေးကြွယ်ဖြိုး မှာ သေဆုံးသွားခဲ့သည်။
 
 
မအေးကြွယ်ဖြိုး သေဆုံးခဲ့ရမှုအတွက်  ဦးလေးတော်စပ်သူ ဦးအောင်ကျော်ထွေးက ဖေဖော်ဝါရီ ၈ ရက်နေ့က ခင်ဦးမြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့သည်။ တိုင်တန်းချက်အရ မြို့မရဲစခန်းမှူး ဒုရဲမှူးထွဏ်းထွဏ်းဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တရားဝင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ကျေးရွာအတွင်းလှည့်လည် ဆေးကုသနေသော ခင်ဦးမြို့နယ်၊ ရွှေကူတဲစုကျေးရွာနေ (ဘ)ဦးစိန်ဝင်၏သား သန်းထွန်းအောင် ၃၁ နှစ် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဆေးထိုးအပ်ဆိုဒ်စုံ (၃)ဗူး၊ စလိုင်းပိုက် (၁) ထုပ်၊ ဆေးမျိုးစုံ ၂၀ ဗူး တို့ကို တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။
 
 
ဖြစ်စဉ်နှင့်ပါတ်သက်၍ အစစ်ဆေးမခံဘဲထွက်ပြေးတိမ်းရှောင်နေသူ တရားဝင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးနှင့်ဆေးထိုးအပ်ကိုင်ဆောင်ကုသသော သန်းထွန်းအောင် ၃၁ နှစ် အား ခင်ဦးမြို့မရဲစခန်းမှ (ပ) ၆၈/၂၀၁၉၊ ဆေးကောင်စီဥပဒေပုဒ်မ-၅၈ နှင့် သေမှု/သေခင်းအမှတ်စဉ်- ၃ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
 
သတင်း - စံအုန်းကျော် (ခင်ဦး)
 

11 Feb 2019     1,338 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS