BEC-TERO TV

ရင်သားကင်ဆာကို ကျော်ဖြတ်နိုင်ခဲ့သူတွေကိုယ်တိုင် ပြောပြတဲ့ မတူညီတဲ့ လက္ခဏာ ၅ ရပ်

26 Feb 2019     1,939 Views


ရင်သားကင်ဆာ ရောဂါဆိုးကြီးကနေ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သူတွေ ကိုယ်တိုင်ပြောပြထားတဲ့ လုံးဝမတူညီတဲ့ ရင်သားကင်ဆာရဲ့ ရောဂါလက္ခဏာ ၅ ရပ်ကို မြန်မာအမျိုးသမီးတို့ သတိထားနိုင်စေဖို့ ဝေမျှပေးလိုက်ပါတယ်။ 
 
လူသိများ ထင်ရှားတဲ့ ရင်သားကင်ဆာရဲ့ တူညီတဲ့ ရှေ့ပြေးလက္ခဏာတစ်ခုကတော့ ရင်သားပေါ်မှာ အဖု အသေးလေးတွေ ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးမဖြစ်လို့ ကိုယ့်မှာ ရင်သားကင်ဆာနဲ့ ပက်သက်ပြီး သံသယဝင်စရာမရှိဘေူးလို့ တစ်ထစ်ချ ယုံကြည်လို့တော့ မရသေးဘူးဆိုတာ သူတို့ပြောပြတဲ့ အခြေအနေတွေအရ သတိထားစရာကောင်းနေပြန်ပါတယ်။
 
ရင်သာကင်ဆာရဲ့ လက္ခဏာဟာ အမျိုးမျိုးရှိတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူးဆိုတာကိုလည်း ပျိုမေတို့အနေနဲ့ သတိထားဖို့လိုပါတယ်။ နောက်တစ်ခုကတော့ ရင်သားကင်ဆာဟာ အမျိုးသားတွေမှာလည်း ဖြစ်နိုင်တယ်ဆိုတာပါပဲ။ သူတို့ပြောပြတဲ့ တစ်ဦးချင်းအလိုက် ရင်သားကင်ဆာရဲ့ မတူညီတဲ့လက္ခဏာရပ် (၅)မျိုးတို့ကတော့ - 
 
၁။ ရင်သားပေါ်မှာ ဆံချည်မျှင် သွေးကြောတွေ တွေ့လာရခြင်း
 
 
“တစ်ရက်တော့ ကျမအဝတ်အစားလဲတုန်း ဘယ်ဘက်ရင်သားပေါ်မှာ အပြာရောင်သန်းတဲ့ သွေးကြောလေးတွေ ပေါ်နေတာ အမှတ်မထင်တွေ့လိုက်ရတယ်။ ဒါပေမယ့် ဘာမှ မဟုတ်ပါဘူးလေလို့ပဲ သဘောထားမိခဲ့တယ်။ 
 
နောက်ရက်တွေမှာလည်း သွေးကြောလေးတွေ ပေါ်နေတုန်းပဲ၊ နာတော့မနာဘူး။ ကျမ နဲနဲတော့ စိတ်ပူသွားမိတယ် ဒါပေမယ့် ငါဘာမှမဖြစ်ပါဘူးလေ လို့ပဲ ကိုယ့်ကိုကို အားပေးလိုက်တယ် ဘာလို့လဲဆိုတော့ ရင်သားနာကျင်တာတွေ၊ အဖုလေးတွေ ပေါက်လာတာတွေ ဘာမှမရှိဘူးလေ။ ဒါနဲ့ ကျမ အမျိုးသားကို ပြောပြတော့ သူက စိတ်ထဲသန့်သွားအောင် ဆရာဝန်နဲ့ သွားစစ်ဆေးဖို့ တိုက်တွန်းတယ်။
 
တိုတိုပြောရရင်တော့ စစ်ဆေးပြီးတဲ့အခါ အဖြေက ရင်သားကင်ဆာ သေချာတယ်တဲ့” လို့ အသက် ၃၇ နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးက သူမရဲ့ ကိုယ်တွေ့အဖြစ်ကို ပြောပြခဲ့ပါတယ်။
 
ရုတ်တရက် ရင်သားမှာ အပြာရောင်သမ်းတဲ့ သွေးကြောမျှင်လေးတွေ ပေါ်လာတာဟာ ရင်သားထဲက အဖုအကျိတ်တွေဆီကို သွေးစီးနှုန်းမြင့်လာလို့ပဲဖြစ်ပါတယ်။ ဒီလို သွေးကြောမျှင်တွေက ရက်အနည်းငယ်အတွင်းမှာ ပြန်မပျောက်သွားဘူးဆိုရင် ရင်သားကင်ဆာ ဖြစ်ဖို့ များနေတဲ့အတွက် ဆရာဝန်နဲ့ ချက်ခြင်းစစ်ဆေးဖို့ လိုပါတယ်။
 
၂။ ရုတ်တရက်  ရင်သားပေါ်မှာ အနီကွက်ထ ယားယံခြင်း
 
 
“အစကတော့ ရင်သားတစ်ခါတစ်ရံယားတာပါ၊ ရင်သားဆိုတာလည်း ယားတတ်တာမျိုးမဟုတ်လား ဒီတော့ အမှတ်တမဲ့ပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ ယားလာတဲ့ အကြိမ်က စိပ်လာတယ် ကြာလာတော့ ခဏခဏကုတ်ရလို့ စိတ်တောင်ရှုပ်လာတယ်။ အဲဒီလိုဆက်တိုက်ယားပြီး တစ်ပတ် နှစ်ပတ်လောက်အကြာမှာပဲ ရင်းသားပေါ်မှာ နှင်းခူကွက်လို အနီကွက်လေးတွေ ဖြစ်လာတယ်။ အနီကွက်လေးတွေက ရဲလာပြီး ကုတ်လွန်းလို့ အရေပြားတောင်ကွာတယ်။ ယားနာပျောက်ဆေးတွေနဲ့လည်း မပျောက်ဘူး” လို့ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးကြီးက သူမရဲ့ ရင်သားကင်ဆာ စဖြစ်ပုံအတွေ့အကြုံကို ပြောပြပါတယ်။
 
အခုလို အရေးပြားပေါ်မှာ အနီကွက်ဖြစ်တာမျိုးက ဖြစ်ခဲပေမယ့် ရင်သားကင်ဆာဖြစ်ဖို့ အစပျိုးနေတာဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်တာကို နှင်းခူနာနဲ့ မှားပြီး ကုသနေတတ်ပါတယ်၊ ဒီလက္ခဏာဟာ နို့သီးခေါင်းထဲမှာ ကင်ဆာထစ်ရှုး ရှိနေပြီဆိုတဲ့ အခြေနေမျိုး ဖြစ်တတ်ပါတယ်။
 
၃။ နို့သီးခေါင်းသိမ်သွားခြင်း (သို့) ရုတ်တရက်ပုံသဏ္ဍန်ပြောင်းခြင်း
 
 
“ကျမရေချိုးပြီး အဝတ်အစားဝတ်ဖို့ မှန်ရှေ့ရပ်လိုက်တဲ့အခါ မှန်ထဲမှာ ကျမရဲ့ညာဘက် နို့သီးခေါင်းက ပုံမှန်မဟုတ်တာကို သတိထားမိလိုက်တယ်။ နို့သီးခေါင်းက အထဲကို မသိမသာလေးဝင်နေသလိုမျိုး၊ အရမ်းကြီးသိသာတာမျိုးမဟုတ်ပေမယ့် ဘယ်ဘက်အခြမ်းနဲ့ ပုံစံမတူတာတော့ သေချာတယ်” ဟု အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း သူမရဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
 
အခုလိုမျိုး ရင်သား ဒါမှမဟုတ် ရင်သားထိပ်ဖျား(နိုးသီးခေါင်း) ရဲ့ ပုံစံပြောင်းလဲလာတာ အရေးကြီးတဲ့အတွက် အထူးသတိထားဖို့လိုပါတယ်။ နို့သီးခေါင်း အထဲကိုဝင်သွားတာ ဒါမှမဟုတ် အပြင်ကို စူထွက်လာတာဟာ နို့သီးခေါင်းရဲ့ နောက်ထဲမှာ တည်နေတဲ့ ကင်ဆာအကျိတ်ကြောင့် ဖြစ်တတ်ပါတယ်။
 
၄။ ရင်းသားအရေပြား လိမ္မော်သီးအခွံလို ဖြစ်လာခြင်း
 
 
“ကျမ ရင်သားရဲ့ အသားအရေက အရင်ကပုံမှန်ပဲ ချောမွတ်နေပါတယ် ဒါပေမယ့် တစ်ရက်မှာ အတွင်းခံဝတ်ဖို့ ပြင်နေတုန်း တစ်ခုခုပုံမှန်မဟုတ်သလို ခံစားလိုက်ရတယ်၊ ရင်းသားအပေါ်မှာ လိမ္မောသီးခွံပေါ်ကလို အဖုလေးတွေ ဖြစ်နေတာတွေ့ရတယ်၊ ကြည့်ရတာ အသဲတောင်ယားတယ်။ နှစ်ပတ်လောက်ထိ ဒီတိုင်းပဲ မပျောက်တာနဲ့ ဆရာဝန်နဲ့ ပြကြည့်တဲ့အခါ ကျမမှာ ရောင်ရမ်း ရင်သားကင်ဆာဖြစ်နေပြီဆိုတာ သိလိုက်ရပါတယ်” ဟု ၄၅ နှစ်အရွယ်အမျိုးသမီးက သူမရင်သားကင်ဆာ စဖြစ်တာကို သိလိုက်ရပုံကို ပြန်လည်ဝေမျှခဲ့ပါတယ်။
 
ဒီလို ရောင်ရမ်းရင်သားကင်ဆာမျိုးဟာ အရေပြားထဲမှာရှိတဲ့ သွေးဖြူဥတွေကို ပိတ်ဆို့တဲ့အတွက် အရေပြားဟာ လိမ္မောသီးခွံလို ဖုထစ်လေးတွေ ဖြစ်လာခြင်းဖြစ်ပါတယ်။ တစ်ခါတစ်ရံ ရင်သားနှစ်ဖက်စလုံး တစ်ပြိုင်တည်း အခုလိုမျိုးဖြစ်လာရင် စိတ်ပူစရာ သိပ်မကောင်းပေမယ့် တစ်ဖက်ထဲမှာပဲ ဖြစ်နေရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးသွားပြဖို့ တိုက်တွန်းပါရစေ။
 
၅။ မည်သည့် လက္ခဏာမျှ မပေါ်ခြင်း
 
 
ရင်သားကင်ဆာဟာ တစ်ခါတစ်ရံ ရှေ့ပြေးလက္ခဏာတွေ ဘာမှမပေါ်ပဲနဲ့လည်း အထဲမှာ ကြိတ်ပြီး ဖြစ်နေတတ်တာကို အမျိုးသမီးတစ်ဦးက သူမရဲ့ အတွေ့ကြုံ ပြောပြခဲ့ပါတယ်။
 
“၂၀၁၃ လောက်က ကျမဆရာဝန်နဲ့ ဆေးစစ်ဖို့ ရက်ချိန်ယူထားတာကြောင့် ဆေးရုံသွားပြီး ဆေးစစ်ခဲ့ပါတယ်။ အဲဒီမှာ ရင်သားကင်ဆာအတွက် မန်မိုဂရမ်စစဆေးတာလဲပါတာပေါ့။ ကျမအရင်ကလည်း ရင်သားကင်ဆာဖြစ်မှာကြောက်လို့ စစ်ဆေးခဲ့ဖူးပါတယ်။ အဲဒီအဖြေရလဒ်မှာ ရင်သားကင်ဆာ မရှိ ရှင်းလင်းပါတယ်။ ကျမမှာ ရင်သားကင်ဆာ မျိုးရိုးလည်း မရှိဘူး၊ လက်တလောမှာလည်း ဘာမှ ထူးထူးခြားခြားခံစားရတာ မရှိဘူးဆိုတော့ စိတ်ချလက်ချပဲနေလိုက်တယ်။ 
 
ဒါပေမယ့် ၂ ရက်လောက်အကြာမှာ ကျမကို ဆေးရုံက ဖုန်းဆက်ပြီး ရင်သားမှာ မသင်္ကာစရာတွေ့ရလို့ တစ်ခေါက်လာပြန်စစ်ဖို့ ပြောလာပါတယ်။ ဒါနဲ့ ထပ်ပြီးသွားစစ်တဲ့အခါ လိုအပ်တာတွေ စစ်ဆေးတဲ့အပြင် အာရ်ထရာဆောင်း ပါရိုက်ကြည့်တယ်။ ရလာတဲ့အဖြေက ကျမမှာ ရင်သားကင်ဆာ အဆင့် ၂ ဖြစ်နေတယ်လို့ သိလိုက်ရပါတယ်။ ကျမကိုယ်တိုင် ဘာမှမခံစားရပေမယ့် ရင်သားမှာ အဖုလေး တစ်ဖုရှိနေခဲ့တာကို ဆေးစစ်တော့ သူတို့တွေ့ခဲ့တာပါ” ဟု ဆိုပါတယ်။
 
ဒါကြောင့်မို့ ရင်သားကင်ဆာဟာ ကိုယ်ဆီကို ပုံစံမျိုးစုံနဲ့ ရောက်လာနိုင်ပြီး ရောဂါရဲ့ ရှေးပြေးလက္ခဏာအချို့ကို ပုံသေကားချပ်အနေနဲ့ မှတ်ထားလို့ မရပါဘူး။ အကယ်၍ ရင်သားကင်ဆာနဲ့ ပက်သက်ပြီး ဖော်ပြပါ အချက်တွေကို မသိသေးဘူးဆိုရင်တော့ ထပ်မံမှတ်သားထားကြဖို့ အကြံပြုလိုပါတယ်။ ရင်သားကင်ဆာဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးများကြား အဖြစ်အများဆုံး ရောဂါလည်း ဖြစ်တာကြောင့် မကြာခဏဆိုသလို ပုံမှန်ဆေးစစ်ကြဖို့ တိုက်တွန်းပါရစေ။
 
(ပိုပိုလေး)
 
** ဆက်စပ်သတင်း **
 

26 Feb 2019     1,939 Views




RELATED

Most Popular of Health Fix

Most Popular of Life Style