BEC-TERO TV

“ရန်ရန်ချန်း” ဂျင်းထည့်ခံလိုက်ရပြီဆိုတာ သေချာပြီလား...?

18 Mar 2019     1,476 Views


The Voice Myanmar Blind Audition လေးရက်မြောက်ညကတော့ ပွဲအဆူဆုံးည တစ်ညလို့ ပြောရမှာပါ။ နည်းပြတွေနဲ့ ပြိုင်ပွဲဝင်အချို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာကို တွေ့ရပါတယ်။ အထူးသဖြင့် Rapping ရွတ်တာကောင်းပြီး မယ်လိုဒီဆိုရာမှာ ကီးလွဲချော်သွားတဲ့ “ယမုံဇင်ဦး” နဲ့ သူမကို ရွေးချယ်လိုက်တဲ့ နည်းပြ “ရန်ရန်ချန်း” တို့ကို ဝေဖန်နေကြတာပါ။
 
 
“ယမုံဇင်ဦး” ဟာ ‘မိစန္ဒိ’ ရဲ့  “ပစ်တိုင်းထောင်” သီးချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး သူမရဲ့ သီဆိုမှုကို ပြန်လည်သုံးသပ်ကြည့်ရရင် Rap တွေနဲ့ စတဲ့ သီချင်းရဲ့ အစပိုင်းမှာ ဘာမှကိုပြောစရာမရှိအောင် ကောင်းလွန်းတာကိုတွေ့ရပါတယ်။ ဒါကြောင့်မို့ နည်းပြတွေ အားလုံးလည်း စိတ်လှုပ်ရှားခဲ့ကြပါတယ်။
 
 
နည်းပြ ၄ ဦးထဲမှာ Rap နဲ့ အနီးစပ်ဆုံးသူက Rapper ကြီး “ရန်ရန်ချန်း” ဖြစ်လို့ သူက အားလုံးထဲမှာ စိတ်အလှုပ်ရှားဆုံးဖြစ်နေမှာ သေချာပါတယ်။ The Voice Myanmar မှာ Hip Hop, Rap သီချင်းတွေနဲ့ လာရောက်ယှဉ်ပြိုင်သူတွေအနေနဲ့ အားကိုးစရာက “ရန်ရန်ချန်း” ပဲ ရှိပါတယ်။ ဂီတအမျိုးအစား မတူတဲ့အတွက် အခြားနည်းပြတွေရဲ့ ရွေးချယ်ခံရမှုက ရာခိုင်နှုန်း အင်မတန် နည်းတယ်ဆိုတာ ပြိုင်ပွဲဝင်တွေ သိသလို “ရန်ရန်ချန်း” လည်း ကောင်းကောင်းသဘောပေါက်ပါတယ်။
ဒါ့အပြင် The Voice Myanmar မှာ ဒီလိုဂီတအမျိုးအစားနဲ့ လာရောက်ယှဉ်ပြိုင်ရဲသူက ရွှေထက်ရှားတာကြောင့် ဒီလို Rap တွေ အမိုက်စား ရွတ်နေတဲ့ ပြိုင်ပွဲဝင်ကို ရွေးဖို့ ဆုံးဖြတ်မိတာလည်း ဖြစ်ပါတယ်။
 
ဒါ့အပြင် ၄ ရက်မြောက် Blind Audition ထိ ‘ရန်ရန်ချန်း’ အနေနဲ့ သူ့အသင်းမှာ Hip Hop, Rap သမား တစ်ယောက်မှ မရသေးတဲ့အတွက် စိတ်ပိုပြီး လှုပ်ရှားသွားသလို အခြားနည်းပြတွေကလည်း တိုက်တွန်းတာကြောင့် ခပ်စောစောပဲ စက်ခလုပ်နှိပ်ကာ “ယမုံဇင်ဦး” ကို ရွေးချယ်လိုက်ပါတယ်။ 
ဒါပေမယ့် ဖြစ်ချင်တော့ သူရွေးချယ်ပြီးမှ ရောက်လာတဲ့ မယ်လိုဒီအပိုဒ်မှာ “ယမုံဇင်ဦး” တစ်ယောက် လုံးဝကီးလွဲချော်သွားခဲ့ပါတယ်။ နည်းပြတွေအားလုံးကလည်း လုံးဝ မမျှော်လင့်ထားတဲ့ အဖြစ်ပျက်မို့ အံ့သြနေကြပြီး တိုက်တွန်းမိတဲ့ ‘ရန်ရန်ချန်း’ ကိုလည်း အားနည်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်မိကြတာကို တွေ့လိုက်ရပါတယ်။ 
ဒီအပေါ်မှာ ပရိသတ်အချို့ရဲ့အမြင်ကတော့ ‘ရန်ရန်ချန်း’ ဂျင်းထည့်ခံလိုက်ရတယ်လို့ ဝေဖန်တာကိုလည်း တွေ့ရပါတယ်။
 
 
ဒါပေမယ့် ‘ရန်ရန်ချန်း’ ကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှုရှိရှိနဲ့ နောက်အဆင့်တွေမှာ ဘယ်လို သီချင်းတွေစီစဉ်ပေးရမလဲဆိုတာပဲ အာရုံစိုက်ထားလိုက်ပါတယ်။ ‘ရန်ရန်ချန်း’ အနေနဲ့ Rap ဆိုတဲ့ လူတစ်ယောက်ဟာ Rap ကို သေသေချာချာ ရွတ်တတ်ဖို့ပဲလိုတယ်လို့ ခံယူထားသူဖြစ်ပါတယ်။
 
 
ပြိုင်ပွဲဝင် “ယမုံဇင်ဦး” ဘက်က ပြန်ကြည့်မယ်ဆိုရင် မယ်လိုဒီ ကို အခုလို လွဲချော်ခဲ့ရတာဟာ သူမရဲ့ မိသားစု ကိုယ်ရေးကိုယ်တာ စိတ်မကောင်းစရာ ခံစားချက်ကြောင့် မတော်တဆဖြစ်ခဲ့ရဟန် တူပါတယ်။ သူမကိုယ်တိုင်ကတော့ ဒါကြောင့်လို့ ဆင်ခြေပေး ပြောဆိုထားတာမျိုးတော့ မရှိပါဘူး။ 
 
Blind Audition ဝင်ပြိုင်ခဲ့တဲ့နေ့က တိုက်ဆိုင်စွာပင် သူ့ရဲ့ ဖခင်အသည်းအသန်ဖြစ်လို့ ဆေးရုံတင်လိုက်ရတဲ့နေ့ဖြစ်ပါတယ်။ အခြေအနေကြောင့် ဝင်မပြိုင်တော့ဘူးလို့ ဆုံဖြတ်ခဲ့ပေမယ့် ဖခင်ဖြစ်သူရဲ့ တိုက်တွန်းမှုကြောင့် နောက်ဆံတင်းစွာနဲ့ The Voice Myanmar ကို ရောက်လာခဲ့တာဖြစ်ပါတယ်။
 
 
“ယမုံဇင်ဦး” ဟာ Underground Rapper လောကမှာ (၅)နှစ်ကျော် ကျင်လည်နေခဲ့တဲ့ Rapper လည်းဖြစ်ပါတယ်။ Underground မှာတော့ သူမကို ‘Little Shawty’ လို့ လူသိများတဲ့ အမျိုးသမီး Rapper တစ်ယောက်လည်းဖြစ်ပါတယ်။ 
 
Blind Audition နေ့က ပြိုင်ပွဲဆိုတဲ့ စိတ်လှုပ်ရှားမှု၊ ဖခင်ဖြစ်သူအပေါ် နောက်ဆံတင်းမှု စတဲ့ခံစားချက်တွေ ဖိစိးနေတာကြောင့် လွဲချော်မှုဖြစ်ခဲ့ရတယ်လို့ စာရေးသူ ယူဆမိပါတယ်။ သူမရဲ့ ယှဉ်ပြိုင်မှုကို ရုပ်သံက ထုတ်လွှင့်ပြသတဲ့အချိန်မှာတော့ သမီးရဲ့ သီဆိုမှုကို ရုပ်သံကနေ အားပေးချင်တဲ့ ဖခင်ကြီး ကွယ်လွန်သွားခဲ့ရှာပြီဖြစ်ပါတယ်။
 
 
“ယမုံဇင်ဦး” ကတော့ သူအခုလို ကီးလွဲချော်သွားတာကို ဖခင်ဖြစ်သူသာ တွေ့ရင် ကောင်းကောင်း ပြောခံရမှာလို့ ဖခင်ကို လွမ်းဆွတ်တမ်းတပြီး ရေးသားခဲ့သလို နောက် အဆင့်တွေမှာ အခုလိုအမှားမျိုးမရှိအောင် သေချာကြိုးစားသွာပါ့မယ်လို့ သူ့ရဲ့ လူမှုကွန်ယက် ပေါ်ကနေ ရေးသားခဲ့တာကို တွေ့ရပါတယ်။
 
နောက်ထပ်အဆင့်တွေမှာ “ယမုံဇင်ဦး” အမှားတွေပြင်ဆင်ပြီး ဘယ်လိုအကောင်းဆုံးယှဉ်ပြိုင်သွားဦးမလဲဆိုတာ စောင့်ကြည့်ရပါဦးမည်။
 
 
(ပိုပိုလေး)
 

18 Mar 2019     1,476 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment