BEC-TERO TV

အများနည်းတူ သာယာတဲ့မိသားစုဘဝလေးထူထောင်ဖို့ စိတ်ကူးတွေရှိလာပြီ ဆိုတဲ့ ဆိုဂျီဆော့ပ်

21 Mar 2019     1,452 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးမင်းသားတစ်ဦး ဆိုဂျီဆော့ပ်ဟာ လူပျိုကြီး မင်းသားဆိုပြီး နာမည်ကြီးသူပါနော်။ အသက် ၄၁ နှစ်ရှိပြီဖြစ်ပေမယ့် သူငယ်ချင်းဖြစ်သူ ဆောင်းဆန်ဟွန်း (ဂျွန်စော) နဲ့အတူ အခုထိ လူပျိုကြီးလုပ်လို့ကောင်းနေတုန်းပါပဲ။

ဆောင်းဆန်ဟွန်း၊ ဆိုဂျီဆော့ပ်နဲ့ ကွန်ဆန်ဝူးတို့ဟာ အနုပညာလောကမှာ အင်မတန်မှရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ကွန်ဆန်ဝူးကတော့ အိမ်ထောင်အရင်ကျပြီး သာယာတဲ့မိသားစုဘဝလေးကို ထူထောင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ လူပျိုကြီးတွေဟာ အင်တာဗျူးဖြေတိုင်း အိမ်ထောင်ကျပြီး မအားလပ်နိုင်တော့တဲ့ ကွန်ဆန်ဝူးရဲ့ ဘဝကို အားမကျမိဘူးလို့ ဟာသနှောပြီးပြောလေ့ရှိကြပါတယ်။ သူတို့ပုံစံဟာ ဘာမဆို လွတ်လွတ်လပ်လပ် သွားလာနေထိုင်တတ်တဲ့အကျင့်ရှိတာမို့ အိမ်ထောင်တစ်ခု တည်ထောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောဆိုလေ့ရှိကြပါတယ်။

ဒီလို အမြဲပြောလေ့ရှိတဲ့ ဆိုဂျီဆော့ပ်တစ်ယောက် အိမ်ထောင်တစ်ခု ထူထောင်လာချင်အောင်ပြောင်းလဲပေးလိုက်တဲ့အရာက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။

ဆိုဂျီဆော့ပ်ဟာ လတ်တလောမှာ ‘Be With You ’ အမည်ရတဲ့ ရုပ်ရှင်ကားတစ်ကားမှာ မင်းသမီးဆိုရယ်ဂျင်းနဲ့အတူ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ‘Be With You’ ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဟာ ရုတ်တရက်သေဆုံးသွားခဲ့ပြီး မိုးတွေရွာတဲ့ တစ်နေ့မှာ ပြန်လာမယ်လို့ ခင်ပွန်းသည်ကို ကတိပေးခဲ့ပါတယ်။ သူမကတိပေးတဲ့အတိုင်း မိုးတွေရွာတဲ့ တစ်နေ့မှာပြန်လာခဲ့ပေမယ့် သူမရဲ့ မှတ်ဥာဏ်တွေကတော့ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဇနီးဖြစ်သူ သေဆုံးသွားပြီး သားကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရတဲ့ သူအဖြစ် ဆိုဂျီဆော့ပ်က သရုပ်ဆောင်ထားပါတယ်။

“ဒီလိုခံစားချက်ကို ဖော်ပြတဲ့ရုပ်ရှင်မျိုးဟာ ကျွန်တော့်ကို ချစ်တတ်လာအောင်သင်ပေးနေသလိုပါပဲ၊ ရုပ်ရှင်တွေအများကြီးရိုက်ခဲ့ပေမယ့် အိမ်ထောင်ရေးအကြောင်းကိုတော့မစဉ်းစားမိခဲ့ဘူး၊ ဒီ Be With You ရုပ်ရှင်ကားမှာတော့ ကျွန်တော့်သားအဖြစ်သရုပ်ဆောင်တဲ့ Kim Ji Hwa ဆိုတဲ့ ကလေးကိုကြည့်ပြီး ကျွန်တော်ပြောင်းလဲသွားခဲ့တာပါပဲ။ ကျွန်တော်ထင်တာ ကျွန်တော်အခုချိန်ကစပြီး အိမ်ထောင်ပြုဖို့ကို ဦးနှောက်ထဲထည့်ထားသင့်ပြီနဲ့တူတယ်၊ ကျွန်တော်သာ အိမ်ထောင်ပြုဖြစ်ခဲ့ရင် သားသမီးထက် ဇနီးသည်ကို ပိုပြီးဦးစားပေးတဲ့ ခင်ပွန်းကောင်းဖြစ်အောင် အရင်လုပ်မှာပါ” လို့ပြောကြားထားပါတယ်။

Be With You ရုပ်ရှင်ကားမှာ ဆိုဂျီဆော့ပ်နဲ့အတူ တွဲဖက်သရုပ်ဆောင်တဲ့ မင်းသမီး ဆိုရယ်ဂျင်းကလဲ အခုထိအိမ်ထောင်မပြုရသေးတဲ့အပျိုကြီးပဲမို့ သူဘာလို့ ဒီလိုတွေပြောနေတာလဲဆိုတာ စဉ်းစားစရာပါပဲ……^^

(ပိုပိုလေး)

 

 


21 Mar 2019     1,452 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS