BEC-TERO TV

လင်မယားနှစ်ဦး စကားများရာမှ ဖခင်ကို တမိသားစုလုံးက ဝိုင်းသတ်ပြီး အလောင်းဖျောက်

21 Mar 2019     1,415 Views


အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဇနီး၊ သမီးနှင့် သားမက်တို့က ဓါးဖြင့်ထိုး မသေမချင်း ဝါရင်းတုတ်ဖြင့် ရိုက်သတ်ကာ ချောင်းအတွင်း မြေမြုတ်အလောင်းဖျောက်ဖျက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
 
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာနှင့် (၃)ဖာလုံ ခန့်အကွာ စတုံချောင်းအတွင်း မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သဲမြေဖြင့်မြုပ်ထားသော လူသေအလောင်း တစ်လောင်း တွေ့ရှိခဲ့သဖြင့် မြို့နယ် ရဲတပ်ဖွဲမှူး ရဲမှူးခင်မောင်တင့်နှင့်  ဒန့်ဒလွင်ပင် နယ်မြေရဲစခန်း၊ရွှေပန်းနယ်မြေရဲကင်းတပ်ဖွဲ့ဝင်များတို့မှ ဆက်စုံစမ်း ဖေါ်ထုတ်ရာ မတ်လ ၁၉ ရက်နေ့တွင် အမှုမှန်ပေါ်ပေါက်ခဲ့သည်။
 
 
ဖြစ်စဉ်မှာ မတ်လ ၁၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဦးသောင်းမွှေးအသက် ၅၃ နှစ် (ဘ)ဦးကြန်တင် ရွှေပန်းကျေးရွာ နေထိုင်သူနှင့် ဇနီးဖြစ်သူ ဒေါ်မြကြည် အသက် ၅၂ နှစ် (ဘ)ဦးသိန်း ရွှေပန်းကျေးရွာနေထိုင်သူတို့ လင်မယားစကားများရန်ဖြစ်ရာမှ ဦးသောင်းမွှေးမှာ ၎င်းအသင့်ကိုင်ဆောင်ထားသည့် ဓါးမြှောင် အသွား (၇) လက်မ အရိုး (၄)လက်မဖြင့်ထိုးခဲ့သည်။ 
 
ဒေါ်မြကြည်မှ ဦးသောင်းမွေးကိုင်ဆောင်ထားသော ဓါးမြှောင်အားပြန်လည်လုယူပြီး ဦးသောင်းမွှေး၏ ဝဲဘက်လည်ပင်းအား လှီးဖြတ်ခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် အနီးနား၌ သမီးငယ်ဖြစ်သူ မဇင်မာဝေ အသက် ၂၆ နှစ် နှင့် သမီးကြီးဖြစ်သူ မဝေဝေခိုင်၏ ခင်ပွန်းဟောင်း ဘိုလွန်း အသက် ၃၅ နှစ် (ဘ) ဦးကြည်သောင်း ရွှေပန်းကျေးရွာ နေထိုင်သူတို့ရှိနေခဲ့သည်။
 
ဓါးဒဏ်ရာဖြင့် လဲနေသော ဦးသောင်းမွှေးအား ဇနီဖြစ်သူ ဒေါ်မြကြည်၊ သမီးဖြစ်သူ မဇင်မာဝေ နှင့် သားမက်ဖြစ်သူ ဘိုလွန်း တို့ (၃) ဦး က လှည်းဖြင့်တင်ဆောင်လာခဲ့ပြီး ရွှေပန်းကျေးရွာအရှေ့ဘက် (၃)ဖာလုံအကွာရှိ စတုံချောင်းဘက်သို့ မောင်းနှင်ခဲ့သည်။
 
ထို့နောက် မသေမရှင် ဖြစ်နေသော ဦးသောင်းမွှေးအား လှည်းပေါ်မှချ၍ ဦးခေါင်းနောက်စေ့အား လှည်းပေါ်တွင် အသင့်ပါလာ သော အလျား (၁၈)လက်မ လုံးဘက်(၆)လက်မခန့်ရှိသော ဝါးဆစ်ပိတ်တုတ်ဖြင့် ဒေါ်မြကြည် နှင့် ဘိုလွန်းတို့မှ (၁) ချက်စီ ရိုက်နှက်ခဲ့သဖြင့် ဦးသောင်းမွှေး သေဆုံးသွားခဲ့သည်။ 
 
ထိုနောက် ဝါးဆစ်တုတ်အား အနီးနားတွင် လွှင့်ပစ်ခဲ့ပြီး ဦးသောင်းမွှေး ၏ အလောင်းအား ၎င်းတို့ (၃) ဦးမှလှည်းပေါ်ပြန်တင်ကာ စတုံချောင်းမြောက်ဘက် ကိုက်(၂၀၀)ခန့်အကွာရှိ ကျောက်တစ်လုံးရေအိုင်သို့ ဆက်လက် လှည်းအားမောင်းနှင်သွားခဲ့သည်။ ကျောက်တစ်လုံးရေအိုင်သို့ ရောက်ရှိသောအခါ ဦးသောင်းမွှေး အလောင်းအား လှည်းပေါ်မှချပြီး သဲမြေတွင် မြေမြုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
 
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲဝင်များက သက်သေခံပစ္စည်းများအား ရှာဖွေသိမ်းဆည်းခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဒေါ်မြကြည်၊ ဘိုလွန်း နှင့် မဇင်မာဝေ တို့အား ဒန့်ဒလွင်ပင်ရဲစခန်း(ပ)၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ဖြင့်အမှုရေးဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး အမှုအား ရဲအုပ် အောင်တင်မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
 
သတင်း - လှိုင်ဘွား ( မြို့သစ်)
 

 


21 Mar 2019     1,415 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS