BEC-TERO TV

အိမ်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လုပ်နေတာ မကျေနပ်လို့ အိမ်ထိလိုက်သွားပြီး သေနတ်နဲ့ ပစ်သတ်

22 Mar 2019     1,307 Views


ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် နေအိမ်ရှေ့ ခေါက်တုန့်ခေါက်ပြန် ဖြတ်သွားဖြတ်လာ လုပ်သည့်ကိစ္စကို မကျေနပ်ရာက နေအိမ်အထိလိုက်သွားကာ သေနတ်ဖြင့် ပစ်သတ်ပြီးနောက် ရှောင်တိမ်းနေသော တရားခံအား ၂၀၁၉ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။
 
၂၀၁၉ မတ်လ ၁၈ ရက်နေ့ ညနေ ၅နာရီမိနစ် ၂၀ အချိန်ခန့်က ထုံးအိုင်နယ်မြေရဲစခန်း (ပ)၁၀/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုဖြင့် အလိုရှိသူအား ဖမ်းဆီးရမိရေးအတွက် ထုံးအိုင်နယ်မြေရဲစခန်းမှူး ရဲအုပ် စိုးဇော်ဇော်မှ အထက်အကြီးအကဲများ၏လမ်းညွှန်ချက်နှင့်အညီ ကရင်ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ပူးပေါင်းစုံစမ်းဖမ်းဆီးရာမှ ယမန်နေ့ ညနေ (၃)နာရီအချိန်တွင် KNU/KNLA(PC) အမှတ် (၇၇၁)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါအမှုမှာ ၂၀၁၉ မတ်လ ၉ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်မှာ ဘားအံမြို့နယ် လှိုင်ကမ္ဘာကျေးရွာအုပ်စု ကော့နန်းသာကျေးရွာနေ ဦးခွေလိုက်(ခ)ဦးညွှန့်တင်( ၆၄)နှစ် က တစ်ရွာတည်းနေ စောမြတ်ကျော်(၃၁-နှစ်)ကို အဆိုပါနေ့ ညနေ ၄ နာရီအချိန်ခန့်က ဆိုင်ကယ်ဖြင့် နေအိမ်ရှေ့တွင် (၃)ခေါက်ခန့် ခေါက်တုံ့ခေါက်ပြန် ဖြတ်သည့်ကိစ္စကို မကျေနပ်၍ သေဆုံးသူ၏ နေအိမ်သို့သွားကာ အသင့်ယူဆောင်ခဲ့သော အမျိုးအစား(စီစစ်ဆဲ) အရှည် တစ်ပေခွဲခန့်ရှိသော သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့သည်။
 
​စောမြတ်ကျော် ၏ ရင်ညွှန့်အလယ်တွင် ကျည်ဆံထိမှန် ဒဏ်ရာတစ်ချက်နှင့် ဝဲလက်ပြင်အောက်တွင် ကျည်ဆံ ထိမှန်ဒဏ်ရာတစ်ချက်တို့ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်။ သေဆုံးသူ၏ ညီမဖြစ်သူက နေအိမ်အတွင်းသို့ ဝင်ရောက်ပြီး အကိုဖြစ်သူအား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဦးခွေလိုက်(ခ)ညွှန့်တင်အား အမှုဖွင့်အရေးယူပေးရန် ထုံးအိုင်နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ခြင်းဖြစ်သည်။
 
 
အမှုနှင့်ပတ်သက်၍ ထုံးအိုင်နယ်မြေရဲစခန်းက (ပ)၁၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူမှာ အမှုမှ ထွက်ပြေးတိမ်းရှောင် သွားသဖြင့် ဖမ်းဆီးရမိရေးအတွက် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နယ်ခြား စောင့်တပ်ဖွဲ့များဖြင့်ချိတ်ဆက် ဆောင်ရွက်ခဲ့သဖြင့် ပြန်လည် ဖမ်းဆီးရမိခဲ့သည်။ အမှုမှတရားခံအား တရားစွဲတင်ပို့နိုင်ရေးအတွက် ဆက်လက် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
 
သတင်းရင်းမြစ် - ဘားအံသတင်း
 

22 Mar 2019     1,307 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS