BEC-TERO TV

ကိုလာသောက်ပြီး တစ်နာရီအကြာ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်ကုန်လဲ..?

22 Mar 2019     1,620 Views


ကိုလာ အေးအေးလေး သောက်လိုက်ရမှ အမောပြေသွားတတ်သူတွေ ကိုကာကိုလာ သောက်ပြီး တစ်နာရီအကြာမှာ မိမိရဲ့ ခန္ဓာကိုယ်မှာ ဘာတွေဘယ်လို အစွမ်းပြပြီး အပြောင်းအလဲတွေ ဖြစ်သွားလဲဆိုတာ သိထားသင့်ပါတယ်။
 
‘ဝ’လာမှာစိုးရိမ်လို့ ကိုယ်အရမ်းကြိုက်တဲ့ အဆီအဆိမ့်တွေ ရှောင်နေတဲ့ ကြားထဲက တစ်နေ့တစ်ခြား ‘ဝ’လာတာကို ကြုံဖူးကြမှာ (အထူးသဖြင့် ကိုလာ လို အချိုရည်တွေကြိုက်သူတွေပေါ့)။ ကိုယ်အလေးချိန်တိုးပြီး ‘ဝ’လာတယ်ဆိုတာ အဆီအဆိမ့်စားတာ အဓိကအချက်ပဲလို့ သင်ထင်နေရင် မှားသွားပါလိမ့်မယ်။  
လူရဲ့ခန္ဓာကိုယ်ဟာ အချိုဓာတ်နဲ့ ဂလူးကိုစ့်လို့ခေါ်တဲ့ သကြားဓာတ်တို့ကို အရမ်းကြိုက်ပါတယ်။ ခန္ဓာကိုယ်ဟာ ဘယ်လောက်တောင် အချိုကြိုက်လဲဆိုရင် အချိုဓာတ်ပါတဲ့ တစ်ခုခုကို စားလိုက်တာနဲ့ ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်လုပ်ငန်းတွေ ချက်ခြင်းတုံ့ပြန်လှုပ်ရှားပြီး အဲဒီအတွက် လိုအပ်တာတွေကို သွေးဆဲလ်လေးတွေကအစ ထောက်ပံ့ကူညီပါတယ်။
 
ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်စဉ်တွေကို လုပ်ဆောင်တဲ့ တစ်ခုထဲသော ကိုယ်တွင်းကလီစာက အသည်းဖြစ်ပါတယ်။ အရက်သောက်ရင် အသည်းကို ထိခိုက်နိုင်တယ်ဆိုတာ အားလုံးသိကြမှာပါ ထိုနည်းတူစွာ သကြားဓာတ်ကလည်း အသည်းကို လှုံ့ဆော်ပြီး အန္တရာယ်ရှိတဲ့ အဆီပိုတွေကို ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ထုတ်ပေးလိုက်ပါတယ်။ ဒါကြောင့် အခြေခံအားဖြင့် ကိုလာကဲ့သို့ အချိုရည် တစ်ဗူးပဲ သောက်မယ်ဆိုရင်တောင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ 
 
လေ့လာစမ်းစစ်မှုတွေအရ ကမ္ဘာတစ်ဝှမ်းလုံးအတိုင်းအတာနဲ့ တစ်ရက်မှာ ကိုလာ သောက်သုံးသူ ၁.၆ ဘီလီယံနီးပါးရှိပါတယ်။ ကမ္ဘာ့လူဦးရေ ၁၃% က ကိုလာကို နေ့စဉ်ပုံမှန်သောက်သူတွေဖြစ်ပြီး ၅၅% က ရံဖန်ရံခါမှ သောက်တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ကိုလာ တစ်ဗူးသောက်ပြီးလို့ တစ်နာရီကြာတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေ အပြောင်းလဲ ဖြစ်သွားလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
 
၁။ ကိုလာသောက်ပြီး ၁၀ မိနစ်အကြာ
ပထမဦးစွာ သိထားသင့်တာကတော့ ကိုလာတစ်ဗူးသောက်တိုင်း သကြား လက်ဖက်ရည်ဇွန်း (၁၀)ဇွန်း စားလိုက်တာနဲ့ ညီမျှတယ် ဆိုတာကိုပါပဲ။ သကြားတွေ ဒီလောက်အများကြီး စားမိသလိုဖြစ်ပေမယ့် ပြန်အန်မထွက်တာကတော့ အချိုရည်ထဲမှာ ရောစပ်ထားတဲ့ အက်ဆစ်နဲ့ ဖော့စဖိုရစ်ဓါတ်တို့က သကြားနဲ့ အချဉ်ဓာတ်ကို အချိုးညီစွာပေါင်းစပ်ပေးထားတာကြောင့် အန်ချင်စိတ်ကို မဖြစ်စေတာ ဖြစ်ပါတယ်။
 
၂။ မိနစ် ၂၀ အကြာ
သင့်ခန္ဓာကိုယ်ထဲက အင်ဆူလင်နဲ့ သွေးထဲမှာ သကြားပါဝင်နှုန်းက မြင့်တက်လာပါပြီ။ ဒါကြောင့်မို့ အသည်းကနေ အဆီတွေ ခန္ဓာကိုယ်အနှံ့ စတင် ထုတ်လွှတ်ပါတယ်။ အချိုဓာတ်ကိုရတာနဲ့ အဆီကိုထုတ်တဲ့နေရာမှာ အသည်းဟာ အဓိက လက်သည်ပဲဆိုတာကို သုတေသီတွေက တိရိစ္ဆာန်မျိုးစုံနဲ့ စမ်းသပ်ခဲ့လို့ အတည်ပြုထားနိုင်ခဲ့ပါတယ်။
 
၃။ မိနစ် ၄၀ အကြာ
အခုဆိုရင်တော့ ခန္ဓာကိုယ်မှာ ကဖင်းဓာတ် တွေလည်း အချိုးမမျှမတနဲ့ နေရာယူထားပါပြီ။ သကြားဓါတ်အတော်များများလည်း သွေးဆဲလ်တွေထဲ ဝင်ပြီး သွေးထဲမှာ သကြားပါဝင်နှုန်းလည်း တိုးလို့နေပါပြီ။
 
၄။ ၄၅ မိနစ်အကြာ
ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွက် အရေးပါတဲ့ ဇီဝဓါတ် ‘ဒိုပါမင်း’ မြင့်တက်လာပြီး ဦးနှောက်ကို အကြိမ်ကြိမ်တိုးမိလို့ စိတ်ရွှင်လန်းလာသလို ခံစားရလာပါလိမ့်မယ်။ ဒါဟာ မူးယစ်ဆေးသုံးပြီးနောက် စိတ်ရွှင်လန်းလာတဲ့ ပုံစံမျိုး ဆင်တူပါတယ်။
 
၅။ မိနစ် ၅၀ အကြာ
ကိုယ်တွင်း ဇီဝဖြစ်ပျက်မှု မြင့်တက်လာပြီးနောက် အခြားဒြပ်ပေါင်းတွေဖြစ်တဲ့ ဇင့်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ် စတာတွေနဲ့ ပေါင်းစပ်မိသွားပါတယ်။ အဲဒီအချိန်မှာ ဆီးသွားချင်စိတ် ပေါက်လာပါလိမ့်မယ်။ ကိုလာ မှာပါဝင်တဲ့ သကြားအတုရဲ့ ဓာတ်သဘောက ချက်ခြင်းဆီးသွားချင်စိတ်ဖြစ်အောင် ဆီးလမ်းကြောင်းကို လှုံ့ဆော်တာဖြစ်ပါတယ်။
 
၆။ မိနစ် ၆၀ (တစ်နာရီ ကြာပြီးနောက်)
ခန္ဓာကိုယ်ထဲမှာရှိတဲ့ လိုအပ်တဲ့ အဟာရတွေအားလုံး ပျောက်ဆုံးသွားပြီး နေရထိုင်ရ မအီမသာသလို ထိုင်းမှိုင်းသလို ခံစားလာရပါတယ်။ အဟာရဓာတ်တွေဖြစ်တဲ့ ဇင့်၊ မဂ္ဂနီစီယမ်၊ ကယ်လ်စီယမ် စတာတွေဟာ အရိုးနဲ့သွားတွေအတွက် အရေးကြီးတဲ့ သက်စောင့်ဓာတ်တွေဖြစ်ပါတယ်။ ကိုလာကို စွဲသောက်တဲ့သူတွေရဲ့ သွားတွေ ဝါထိန်နေတာကိုကြည့်ဖြင်းဖြင့် သွားကျန်းမာရေး ကျဆင်းနေတာကို တွေ့ကြရမှာပါ။
 
အချုပ်အားဖြင့်ဆိုရသော် ကိုလာ တစ်ဗူးမှာ ကဖင်းဓာတ် နဲ့ ဆား တို့ များပြားစွာပါဝင်ပြီး ဒါတွေက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ နေ့စဉ် ကိုလာပုံမှန်သောက်သုံးခြင်းဖြင့် နှလုံးနဲ့ပက်သက်တဲ့ ရောဂါတွေ၊ အဝလွန်ရောဂါတွေနဲ့ ဆီးချိုရောဂါတွေ ဖြစ်ပေါ်စေပါတယ်။
 
 
ဟားဘတ်တက္ကသိုလ်က သုတေသီတွေရဲ့ အဆိုရ အမြုတ်ထတဲ့ အချိုရည်တွေ သောက်သုံးခြင်းအားဖြင့် နှလုံးသွေးကြောနဲ့ သက်ဆိုင်တဲ့ ရောဂါဖြစ်ပွားနိုင်ချေ ၂၀% ပိုမြင့်မားတယ်လို့ဆိုပါတယ်။
 
ဒါ့အပြင် ကိုယ်ခံအားစနစ်၊ အစာချေစနစ် စတာတွေကို ပျက်ဆီးစေပြီး ဆီးချိုအမျိုးအစားနံပါတ် ၂ ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးတွေ လူငယ်တွေအနေနဲ့ ကိုလာအချိုရည်တွေကို အတိုင်းထက်အလွန် စွဲလန်းစွာ မသောက်သုံးသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

 


22 Mar 2019     1,620 Views




RELATED

Most Popular of Health Fix

Most Popular of Life Style