BEC-TERO TV

ဘူးသီးတောင်မြို ့နယ် ပစ်ခတ်မှုများကြောင့် ဗုန်းခိုကျင်းအောင်းသူ ၆ ဦးသေဆုံး

22 Mar 2019     1,273 Views


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာတွင် မတ်လ ၂၁ ရက်နေ့ ည ၉ နာရီဝန်းကျင်က ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် ဗုန်းခိုကျင်းတွင် ပုန်းအောင်းနေသူ ကျေးရွာသား ၆ ဦး သေဆုံးသွားခဲ့ပါတယ်။
 
အဆိုပါ ညက ပစ်ခတ်မှုများရှိခဲ့ရာ ကျေးရွာဒေသခံများမှာ ဗုံးခိုကျင်းများတွင် ဝင်ရောက် ခိုလှုံနေကြရပြီး မိသားစုတစ်ခု ခိုအောင်းနေသည့် တွင်းသို့ လက်နက်ကြီးကျရောက်၍ ပေါက်ကွဲကာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးသွားပြီး ထိုအနီးနားတွင်ရှိသည့် အမျိုးသမီး တစ်ဦးမှာလည်း ကျည် ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း  ကျေးရွာသားတစ်ဦးက ပြောပါတယ်။

ထိုပစ်ခတ်မှုအတွင်း ကျေးရွာသား ၄ ဦးမှာ ဒဏ်ရာရရှိသွားသည့်အတွက် ဘူးသီးတောင်ဆေးရုံသို့ တင်ဆောင်သွားရာ ဆေးရုံတွင် ၁ ဦး ဆုံးသွားကြောင်း ဆိုသည်။ ထို့ကြောင့် ပထမ သေဆုံးသူ ၅ ဦးနှင့် ဆေးရုံသို့သွားရာတွင် သေဆုံးသူ ၁ ဦး စုစုပေါင်း သေဆုံးသူမှာ ထိုပစ်ခတ်မှုအတွင်း ၆ ဦးထိ ရှိလာခဲ့ပြီးဖြစ်ပါတယ်။
 
ပစ်ခတ်မှုများနှင့် ပတ်သတ်၍ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “ဘယ်လိုဖြစ်သွားတယ် ဆိုတာကိုတော့ ရွာသားတွေကို မေးရမယ်။ သေတာက ဗုန်းခိုကျင်းထဲမှာ သေတာလို့ ကြားတယ်။ ဒေသခံပြည်သူလူထုက သေကြေ ပျက်စီးသွားတယ်ဆိုတော့ မကောင်းဘူးပေါ့လေ။ အဓိကဖြစ်နေတာက ပြည်သူလူထု သေကြေပျက်စီးတယ်ဆိုတော့ မကောင်းတဲ့ လက္ခဏာလောက်ပဲ ပြောလို့ရတယ်။” လို့ပြောပါတယ်။
 
ထိုကျေးရွာတွင် လူဦးရေ ၃၀၀ ခန့်ရှိပြီး ပစ်ခတ်မှုများဖြစ်ပြီးနောက် ရသေ့တောင်မြို့နယ် ဆင်ခုံတိုင်ကျေးရွာသို့ ရွာလုံးကျွတ် တိမ်းရှောင် ခိုလှုံနေကြပါတယ်။

22 Mar 2019     1,273 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS