BEC-TERO TV

ပွဲကြပ်တဲ့ Blind Audition ပဉ္စမညမှာ နည်းပြတွေက ခပ်ချေချေပဲ

24 Mar 2019     1,350 Views


Blind Audition စတုတ္ထပတ်မှာ သဘောတွေကောင်းလွန်းပြီး တဒိုင်းဒိုင်း ခလုပ်တွေနှိပ်ခဲ့တဲ့ နည်းပြ ၄ ဦးစလုံးဟာ ဒီနေ့တော့ ထူးထူးခြားခြား စက်ခလုပ်ကို ဆန္ဒစောပြီး လွယ်လွယ်နဲ့မနှိပ်တာ တွေ့ရပါတယ်။ ဒီနေ့ညမှာတော့ ဘယ်ပြိုင်ပွဲဝင် တစ်ယောက်ကမှ နည်းပြတွေရဲ့ ရွေးချယ်မှုကို သာသာလေးနဲ့ မရခဲ့ကြပါဘူး။
 
ပွဲကြပ်တယ်လို့ ပြောရမယ့် Blind Audition နေ့ပါပဲ။ Blind Audition ရဲ့ ခရီးစဉ်ဟာလည်း ပြီးဆုံးတော့မှာမို့ လက်ရှိစုဆောင်းထားပြီးသားသူတွေနဲ့ လုံးဝမတူညီ ကွဲပြားတဲ့ ပုံစံသစ်နဲ့ သီဆိုနိုင်တဲ့ ပြိုင်ပွဲဝင်တွေကိုသာ အာရုံစိုက် ရွေးချယ်သွားတော့မယ်လို့ ဆုံးဖြတ်ထားကြပုံရပါတယ်။
 
 
 ၅ ရက်မြောက် Blind Audition မှာ ပထမဦးဆုံး သီဆိုယှဉ်ပြိုင်ခဲ့သူက “ဒေးဗစ်ထူး(David Htoo)” ဖြစ်ပါတယ်။ ဧရာဝတီတိုင်းသားလေးက ဂီတနဲ့ပက်သက်ပြီး အတွေ့အကြုံ တော်တော်များများ ရှိနှင့်ပြီးသားလည်းဖြစ်ပါတယ်။
 
The Voice Myanmar Season 1 တုန်းက ညီဖြစ်သူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အတူလိုက်လာအားပေးရင်းနဲ့ The Voice ရဲ့ ပြိုင်ပွဲအစီစဉ်ကို သဘောကျပြီး Season 2 ကျရင် ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ 
 
 
ကေအေတီ ရေးစပ်ပြီး မျိုးကြီးသီဆိုထားတဲ့ “လွမ်းတဲ့စိတ်” သီချင်းနဲ့ ယှဉ်ပြိုင်သွားပါတယ်။ အရမ်းအောင်မြင်ခဲ့တဲ့ ဒီသီချင်းကို မျိုးကြီးရဲ့ ဆိုဟန်ဆိုပေါက်ကနေ ကွဲထွက်အောင် “ဒေးဗစ်ထူး” ဘယ်လို သီဆိုသွားခဲ့လဲဆိုတာ ခံစားနားဆင်ကြည့်ပါဦး။
 
 
 
အင်္ဂလိပ်သီချင်း ဆိုသံကြားရင် အရမ်းစိတ်လှုပ်ရှားတတ်တဲ့ နည်းပြတွေကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့သူက “လျှမ်းဝေမြတ်” ဖြစ်ပါတယ်။ အသက် ၁၆ နှစ်သာရှိသေးပြီး Info Myanmar College က ပထမနှစ် နည်းပညာကျောင်းသား ဖြစ်ပါတယ်။ 
 
 
ဆော့ဖ်ဝဲ အင်ဂျင်နီယာ ဖြစ်ချင်စိတ်နဲ့အတူ အဆိုတော်ပါ ဖြစ်ချင်တဲ့ စိတ်တို့ ယှဉ်တွဲနေတာကြောင့် The Voice Myanmar ကို လာရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ “Shawn Mendes” ရဲ့ “There’s Nothing Holdin’ Me Back” သီချင်းကို သီဆိုပြသွားခဲ့ပါတယ်။ နည်းပြတွေ ရွေးချယ်ရလောက်တဲ့ ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်ရဲ့လားဆိုတာ ကိုယ်တိုင် အားပေးပါဦး။
 
 
 
ကျမရဲ့ဘဝက ရိုးရှင်းပါတယ်လို့ အင်တာဗျူးမှာ ဖြေကြားခဲ့တာကတော့ ထူးထူးဆန်းဆန်း နာမည်လေးနဲ့ “Oram” ဖြစ်ပါတယ်။ အဆိုတော်ဖြစ်ချင်တာက သူမရဲ့ အိမ်မက်ဖြစ်ပြီး The Voice Myanmar က ဒါကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
 
 
The Voice Myanmar မှာ လာပြိုင်တဲ့သူတွေက အစွမ်းအစမသေးဘူးဆိုတာကို သိထားပေမယ့် ကိုယ့်ကိုကိုယ်လည်း ရာနှုန်းပြည့် ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။ တေးရေး ဖိုးဇော် ရေးသားပြီး မျိုးကြီး ရဲ့ “ကျောက်စာများ” နဲ့ သီဆိုခဲ့ပါတယ်။ ကိုယ့်အသံကို ကိုယ်ယုံကြည်တဲ့ “Oram”၊ နည်းပြတွေရဲ့ ရင်ကို မော်ကွန်းကျောက်စာ ရေးထိုးနိုင်ပါ့မလားဆိုတာ ရင်ခုန်စေချင်လို့ မပြောပြတော့ဘူးနော်။
 
 
 
ဒီတစ်ခါ.. မြန်မာပြည်မှာ ဟင်းချက်ကောင်းတဲ့ အဆိုတော်တစ်ယောက် ဖြစ်ချင်တယ်လို့ ပြောသူက ကချင်ပြည်နယ် မြစ်ကြီးနား က လာရောက်ယှဉ်ပြိုင်တဲ့ စားဖိုမှူးလေး “ဖုန်းဖုန်” ပါ။ စားဖိုမှူးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေပေမယ့် အခွင့်အရေးရရင်ရသလို စင်မြင့်ဖျော်ဖြေပွဲတွေမှာ သီချင်းဆိုတတ်သူ ဖြစ်ပါတယ်။
 
 
The Voice Myanmar ကနေတစ်ဆင့် ပြည်သူကလက်ခံတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်အောင် တက်လှမ်းဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာသူဖြစ်ပါတယ်။ တေးရေး/တေးဆို ထွဏ်းခမ် ရဲ့ “အချစ်စွမ်းအား” သီချင်းနဲ့ သူ့ရဲ့အသံကို ချပြသွားခဲ့ပါတယ်။ ဒီသီချင်းဟာ ‘ဂရေဟမ်’ လည်း သီဆိုခဲ့ပြီး အင်မတန် အောင်မြင်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ဒီတစ်ခါ “ဖုန်းဖုန်” ရဲ့ ဗားရှင်း “အချစ်စွမ်းအား” ကို ခံစားနားဆင်ကြည့်ပါဦး။
 
 
 
ဒီတစ်ယောက်အကြောင်းမပြောခင် အရင်ဆုံး သူသီဆိုတာကို ကြည့်ရင်းနဲ့ ပရိသတ်တွေ မချင့်မရဲ၊ စိတ်မထိန်းနိုင်တာတွေ ဖြစ်လာလိမ့်မယ်လို့ ဦးစွာကြိုတင် အသိပေးပါရစေ။ 
“အာကာအောင်ခင်ဝင်း” ဖြစ်ပါတယ်။ တေးရေး၊ တေးဆို အဖြစ် ကြိုးစားရပ်တည်နေပြီး ဂီတလမ်းကြောင်းထဲမှာ ပရိသတ်တွေ လက်ခံလာတဲ့အထိ အကြိမ်ကြိမ်ပြန်လည် ကြိုးစားနေသူလည်းဖြစ်ပါတယ်။
 
 
နည်းပြလေးဦးမှာ သူတစ်ကယ်ခိုက်တာက ‘ကျားပေါက်’ ပါ။ 
အော်လ်တာနေးတစ်ဂုရုကြီး “ဒိုးလုံး” ရဲ့ “ငါတမ်းတနေမှာ” သီချင်းကို ခံစားမှုအပြည့်နဲ့ သီဆိုသွားတာဟာ သီချင်းဆိုပြိုင်တာထက် ဖျော်ဖြေရေး အစီစဉ်တစ်ခုကို ကြည့်နေရသလို စိတ်လှုပ်ရှားမိပါတယ်။ 
“အာကာအောင်ခင်ဝင်း” ကို ဘယ်နည်းပြတွေက လက်ကမ်းကြိုနေမလဲ..? သူအရမ်းကြိုက်တဲ့ ‘ကျားပေါက်’ ရဲ့ တုံ့ပြန်မှုကရော..?
 
 
 
အရုပ်မကြည့်ပဲ အသံပဲနားထောင်လိုက်ရင် ဒါ ‘Mary’ လို့ပဲ ကျိမ်းသေပေါက် ထင်သွားမယ့် အသံပိုင်ရှင်က “Ronnie Su” ဖြစ်ပါတယ်။ အချိန်ပိုင်းဆရာမအလုပ်နဲ့ Creative Designer အလုပ်နှစ်ခုကို တွဲလုပ်နေတဲ့ ‘Ronnie’ က သူမအတွက် ပရိသတ်အများကြီးမရှိရင်နေပါစေ သူမရဲ့ခံစားချက်တွေကို အတူတူစီးမျောပေးနိုင်တဲ့ ပရိသတ်တွေကြားမှာပဲ အောင်မြင်တဲ့ အဆိုတော်ဖြစ်ချင်တယ်လို့ ဆိုပါတယ်။
 
 
“I Don’t Wanna Be You Anymore” သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ရာမှာ နည်းပြတွေ အတော်လေး လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ အသံကာလာကြိုက်တယ်လို့ နီနီခင်ဇော် က ချီးမွမ်းခဲ့ပေမယ့် စက်ခလုပ်နှိပ်ပြီး လှည့်သွားဖို့ကိုတော့ စဉ်းစားတွေဝေနေဆဲဖြစ်ပါတယ်။ ကဲ.. ဘာဆက်ဖြစ်ဦးမလဲ..?
 
 
 
ဓနုဖြူသားလေး “အောင်ကောင်းခန့်” ရဲ့ သီချင်းဆိုတဲ့ ဝါသနာကို မိခင်ဖြစ်သူကိုယ်တိုင်က လှိုက်လှိုက်လှဲလှဲအားပေးပါတယ်။ အသက် ၁၈ နှစ်ရှိပြီး သီချင်းဆိုပြိုင်ပွဲ အတွေ့အကြုံလည်း ရှိထားသူပါ။ ဂီတလမ်းကြောင်းမှာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လိုတာကြောင့် လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။
 
 
ရွှေဂျော်ဂျော် ရေးသားပြီး လူတိုင်းပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ အောင်ထက်ရဲ့ “သဘာဝနဲ့တွေ့ဆုံခြင်း” ကို အသံအားကောင်းကောင်းနဲ့ သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။ ဒီသီချင်းဟာ အဆိုပညာ အင်မတန်ပြလို့ ကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်လို့ “အောင်ကောင်းခန့်” နည်းပြတွေကို ဘာတွေလုပ်ပြသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။
 
 
 
အခုတစ်ခါ ယှဉ်ပြိုင်ဖို့ အလှည့်ကျသူကတော့ တန်ခိုးရှိတယ်လို့ ပြောရမလား ကုသိုလ်ထူးတယ်လို့ ဆိုရမလားဆိုတာ ပရိသတ်တွေ ကိုယ်တိုင်ကြည့်ပြီးသာ ဆုံးဖြတ်ကြပါတော့လို့ ကြိုပြောလိုက်ပါရစေ။ သူကတော့ မိခင်သီချင်းဆိုရာနောက် တကောက်ကောက်လိုက်ရင်း ဂီတဝါသနာပိုး ကူးစက်ခံလိုက်ရတဲ့ နေပြည်တော်မြို့က “ဖြိုးထက်ကို” ဖြစ်ပါတယ်။
 
 
သာဒီးလူ ရဲ့ “ပြည့်တန်ဆာ” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။ The Voice ရဲ့ ရာဇဝင်မှာ တစ်ခါမှမဖြစ်ဖူးတဲ့ အဖြစ်မျိုး သူ့အလှည့်မှာ ကြုံခဲ့ရပါတယ်။ ကိုယ်တိုင်ကြည့်ပြီးမှ ပြောတာကို ယုံပါနော်။
 
 
 
The Voice Myanmar ကို ဝင်ရောက်ယှဉ်ပြိုင်ကြသူ အများစုက ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေအများကြီး မရကြသေးပေမယ့် တစိုက်မှတ်မှတ် ရပ်တည်နေကြသူတွေဖြစ်ပါတယ်။ သူတို့လက်ရှိရောက်နေတဲ့ နေရာကနေ ရှေ့ခရီးဆက်ဖို့ အမြဲအားထုတ်နေကြသူတွေပါ။ 
“ဇင်မာမိုးစက်” ကလည်း သူတို့တွေထဲက တစ်ယောက်ဆိုရင် မမှားပါဘူး။
 
 
သီချင်းဆိုတဲ့ အတွေ့အကြုံ ဝါနဲ့သဘာကို သူမသီဆိုယှဉ်ပြိုင်သွားခဲ့တဲ့ “တမ်းတတဲ့ည” သီချင်းမှာ အပြည့်အဝခံစားလိုက်ရပါတယ်။ ဒီသီချင်းကို ဇဝါက ရေးဖွဲ့ခဲ့ပြီး ‘မဒီ’ သီဆိုထားခဲ့တဲ့ သီးချင်းဟောင်း သီချင်းကောင်းနဲ့ သီချင်းအခက် တစ်ပုဒ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ “ဇင်မာမိုးစက်” အတွက် နည်းပြတွေတွေရဲ့ ဆုံးဖြတ်ချက်က ဘာဖြစ်လာမလဲ..?
 
 
 
ယနေ့ နည်းပြအားလုံးနဲ့အတူ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေကို တသောသောနဲ့ ပျော်ရွှင်စေခဲ့သူတော့ ပြည်မြို့က လာရောက်ယှဉ်ပြိုင်တဲ့ “လင်းခက်” ဖြစ်ပါတယ်။ သီချင်းသီဆိုတဲ့နေရာမှာ ခံစားသက်ဝင်မှု၊ တင်ဆက်မှုအပြည့်နဲ့ ယှဉ်ပြိုင်ခဲ့တာမို့ မကြည့်လိုက်ရတဲ့ နည်းပြတွေက နောက်တစ်ခေါက်ပြန်လည် ဆိုပြဖို့တောင်းဆိုရတဲ့ထိကို ဘက်စုံတော်တဲ့သူဖြစ်ပါတယ်။
 
 
ထူးအိမ်သင် ရေးစပ် သီဆိုထားတဲ့ “ညီမလေး” သီချင်းကို လက်ညိုးတစ်ထောင်ထောင်နဲ့ သီဆိုပြသွားခဲ့တဲ့ “လင်းခက်” ရဲ့ ယှဉ်ပြိုင်မှုကို မကြည့်ဖြစ်လိုက်ရင်တော့ နောင်တရသွားမယ်လို့သာ ပြောချင်ပါတော့တယ်။
 
 
 
The Voice Myanmar Audition ရဲ့ ပဉ္စမမြောက်ညကတော့ ဒီနေရာမှာတင် အဆုံးသတ်သွားခဲ့ပါပြီ။ ဒီနေ့ညမှာတော့ နည်းပြ နီနီခင်ဇော်က ပြိုင်ပွဲဝင် (၁)ယောက် ထပ်မံရရှိခဲ့ပြီး စုစုပေါင်း အဖွဲ့ဝင်(၁၀)ယောက်၊ ကျားပေါက် က (၂) ယောက် ထပ်မံရရှိခဲ့ပြီး စုစုပေါင်း (၁၀)ယောက်၊ ရန်ရန်ချန်း က (၃)ယောက်ရခဲ့ပြီး စုစုပေါင်း (၁၀)ယောက် နဲ့ အာဇာနည် ကလည်း (၃)ယောက် ထပ်မံရရှိခဲ့ပြီး စုစုပေါင်း (၁၀)ယောက် အသီးသီးရရှိထားကြပြီ ဖြစ်ပါတယ်။
 
အသင်းတစ်သင်းမှာ အဖွဲ့သား (၁၂) ယောက်သာ လက်ခံရမှာဖြစ်လို့ နည်းပြတစ်ဦးချင်းစီအတွက် အားကိုးရမယ့် အကောင်းစားပြိုင်ပွဲဝင် နောက်ထပ် (၂)ယောက်စီ လိုနေပါသေးတယ်။ ဒါကြောင့် နောက်တစ်ပတ် Blind Audition နောက်ဆုံးရက်မှာ ဘယ်သူတွေက ထပ်မံရွေးချယ်ခံရဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ Blind Audition ရဲ့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်မယ့် အပတ်ဖြစ်လာမလားဆိုတာ နောက်တစ်ပတ် (၃၁.၃.၂၀၁၉)တနင်္ဂနွေနေ့ ည ၉ နာရီမှာ MRTV4 ချန်နယ်ကနေ ဆက်ဆက်စောင့်မျှော်ကြည့်ရှုကြပါဦး။
 
The Voice Myanmar ရဲ့ သတင်းတွေကို အစေားဆုံးနဲ့ အမြန်ဆုံး ဆက်တိုက်တင်ဆက်ပေးနေတဲ့ ပိုပိုလေး Facebook Page ဖြစ်တဲ့ Popolay ကို Like & See First လုပ်ထားဖို့လည်း မမေ့နဲ့နော်..။ အားလုံးပဲ နောက်တစ်ပတ်မှာ ပြန်ဆုံကြမယ်။
 
(ပိုပိုလေး)

24 Mar 2019     1,350 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS