BEC-TERO TV

လေးစားမှုကို ပြသပြီးမှ ပထမအချီမှာတင် လှဲသိပ်ပေးမယ့် ‘အောင်လ အန်ဆန်’(ရုပ်သံ)

30 Mar 2019     1,619 Views


လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ONE Championship က ဦးစီးတဲ့ ‘A New Era’ သိုင်းပေါင်းစုံ MMA ပြိုင်ပွဲကြီးကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်မှာဖြစ်ပြီး ဒီပွဲမှာ မြန်မာပရိသတ်တွေရဲ့ အသည်းကျော် ‘အောင်လ အန်ဆန် (မြန်မာ့စပါးအုံး)’ လည်း သူ့ရဲ့ မစ်ဒယ်လ်ဝိတ် ချံပီယံခါးပတ်ကို ကာကွယ်သွားမှာဖြစ်ပါတယ်။
 
‘အောင်လ အန်ဆန်’ ဟာ ဂျပန်နိုင်ငံကို မတ်လ ၂၄ ရက်နေ့က ရောက်ရှိခဲ့ပြီး ဂျပန်နိုင်ငံရောက် ကချင်တိုင်းရင်းသားတွေက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။ ဂျပန်နိုင်ငံမှာ ပြိုင်ပွဲအတွက် သွေးပူလေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
 
 
ဒီပွဲဟာ ONE Championship အနေနဲ့ ဂျပန်နိုင်ငံမှာ ပထမဦးဆုံး စတင်ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး ‘အောင်လ အန်ဆန်’ အနေနဲ့ ဂျပန်မြေမှာ မြန်မာ့သတ္တိနဲ့ စွမ်းရည်ကို ကမ္ဘာကသိအောင် ချပြနိုင်မှာဖြစ်လို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။
 
 
‘A New Era’ ရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ယဉ်ကျေးတဲ့ မြန်မာတစ်ယောက်အနေနဲ့ အိမ်ရှင်နိုင်ငံကို လေးစားတဲ့အနေနဲ့ ဂျပန်အမျိုးသားဝတ်စုံကို ဝတ်ဆင်ပြီးမှ ပွဲထွက်လာခဲ့တဲ့ ‘အောင်လအန်ဆန်’ ဟာ ဂျပန်ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကိုလည်း ရရှိခဲ့ပါတယ်။
 
 
‘A New Era’ ပွဲမှာ ‘အောင်လ အန်ဆန်’ ရဲ့ မစ်ဒယ်လ်ဝိတ်ချံပီယံခါးပတ်ကို ရယူဖို့ စိန်ခေါ်ခဲ့သူက ‘ကန် ဟာဆီဂါဝါ’ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံကြီးမှာ ယှဉ်ပြိုင်ခဲ့တဲ့ Sprit Of Warrior မှာ ထိုးသတ်ခဲ့ကြပြီး နောက်ဆုံး ၅ ချီမြောက်မှာ ‘အောင်လ အန်ဆန်’ က အလဲထိုး အနိုင်ယူခဲ့ပါတယ်။
 
 
ယခုတစ်ကြိမ်ဟာ သူတို့နှစ်ဦး ဆုံတွေ့မှုရဲ့ ဒုတိယအချီ မကြေပွဲလည်းဖြစ်ပါတယ်။ ‘အောင်လ အန်ဆန်’ အနေနဲ့ ဂျပန်အမျိုးသား ဝတ်စုံကို ဝတ်ဆင်ပြီး လေးစားမှုကို ပြသခဲ့ပေမယ့် ယှဉ်ပြိုင်မှုရဲ့ ထုံးစံအတိုင်း လှောင်အိမ်ထဲအရောက်မှာတော့ ‘ကန် ဟာဆီဂါဝါ’ ကို ပထမအချီမှာတင် ခပ်မြန်မြန်လေး ပွဲသိမ်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။
 
 
ဒီပွဲဟာ ဂျပန်နိုင်ငံ တိုကျိုမှာ ပြုလုပ်မှာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုအနေနဲ့ “ကန် ဟက်ဆီဂါဝါ" ဘက်က အသာရနိုင်ပေမယ့် ပထမတစ်ကြိမ် ရင်ဆိုင်ကြုံးတွေ့ဖူးသူဖြစ်လို့ သူဘာလုပ်မယ်ဆိုတာ အောင်လအန်ဆန်းအနေနဲ့ သိပြီးသားဖြစ်သလို “ကန် ဟက်ဆီဂါဝါ" ရဲ့ ပွဲတွေကိုလည်း ကြည့်ရှုလေ့လာထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
 
 
အောင်လအနေနဲ့ နိုင်ငံခြားတိုင်းပြည်များမှာ ယှဉ်ပြိုင်ဖူးတဲ့ ပွဲအတွေအကြုံ များသူတစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှု အသာစီးမရသည့်တိုင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ မြန်မာနိုင်ငံအတွက် အကောင်းဆုံး ကြိုးစားအနိုင်ယူသွားမည်ဖြစ်ကြောင်း ရုပ်သံမှတစ်ဆင့် ပရိသတ်များအား အသိပေးပြောကြားခဲ့ပါတယ်။
 
 
ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် ‘A New Era’ ပွဲကြီးကို မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ အချိန်မှာ MNTV ရုပ်သံလိုင်းကနေ တိုက်ရိုက် LIVE ထုတ်လွှင့်မှုကို အားပေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ONE ရဲ့ Mobile Application နဲ့ YouTube Channel တို့မှလည်း တိုက်ရိုက်အားပေးနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
 
(ပိုပိုလေး)
 
ဓါတ်ပုံ - အောင်လ အန်ဆန် FB
 

30 Mar 2019     1,619 Views




RELATED

Most Popular of Boxing

Most Popular of NEWS