BEC-TERO TV

ပရိသတ်တွေ ရှော့ခ်ဖြစ်သွားအောင် Attitude နဲ့ ရွေးချယ်လိုက်တဲ့ “ကျားပေါက်”

08 Apr 2019     1,753 Views


The Voice Myanmar ရဲ့ Battle Round ပထမဦးဆုံး ညကတော့ ပရိသတ်တွေ ဆူညံပွက်လောရိုက်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Battle အတွဲတွေထဲမှာ “နိုဗန်ထူး” နဲ့ “ခိုင်ဈာန်” တို့ရဲ့ ယှဉ်ပြိုင်မှုမှာ နည်းပြ “ကျားပေါက်” ရဲ့ ဆုံးဖြတ်ရွေးချယ်ခဲ့မှုအပေါ် ပုဂ္ဂိုလ်စွဲကြောင့်လို့ စွပ်စွဲဝေဖန်မှုတွေ ပြင်းထန်နေခဲ့ပါတယ်။
 
 
Blind Audition မှာ “နိုဗန်ထူး” ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ‘ကျားပေါက်’ ကိုယ်တိုင် “ကျွန်တော်က သူ့ရဲ့ဖန်ပါ” လို့ အခြားနည်းပြတွေနဲ့ ပရိသတ်တွေကို ပြောဆိုခဲ့တဲ့အပေါ် ရုပ်သံကြည့်ပရိသတ်တွေ သံသယဝင်နေခဲ့တာပါ။ ဒီတော့ ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုနေမှုက တစ်ဖက်သတ်များဖြစ်နေလား ဆိုတာ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ “အသုံးမကျတဲ့နှင်းဆီ” သီဆိုမှုကို တစ်ခေါက်လောက် ပရိသတ်တစ်ယောက်အနေနဲ့ပဲ ပြန်လည် သုံးသပ် ကြရအောင်ပါ။
 
 
ကိုယ့်ကိုယ်ကိုယ်တော့ နောက်တစ်ဆင့်ကို တက်မယ်လို့ထင်တာပဲ၊ ကိုယ့်ကိုယ်ကိုကတော့ ၁၀၀% ယုံကြည်ပြီးသား” ဆိုတဲ့ သီချင်းဆို မပြိုင်မီ အင်တာဗျူးမှာ “ခိုင်ဈာန်” ရဲ့ ဖြေကြားမှု စကားကြောင့် စူးပြီး ရွေးချယ်မခံရတာလို့ အချို့ပရိသတ်တွေက ဝေဖန်ထားကြပါတယ်။
 
 
တစ်ကယ်တော့ ဒီရုပ်သံ အင်တာဗျူးတွေ အားလုံးကို အဲဒီအချိန်က နည်းပြတွေ လုံးဝ မသိထား၊ မကြည့်ထားကြပါဘူး။ တီဗီမှာ ထုတ်လွှင့်တော့မှ နည်းပြတွေလည်း ပရိသတ်တွေနဲ့အတူ ကြည့်ရှုရတာဖြစ်ပါတယ်။ ဒါကြောင့် အင်တာဗျူးမှာ ယုံကြည်မှုလွန်ကဲတယ်(Over Confidence) လို့ ယူဆရတဲ့ ဖြေကြားချက်ကြောင့် “ခိုင်ဈာန်” ရွေးချယ်မခံလိုက်ရတာ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။
 
သီချင်းက Rock သီချင်းဖြစ်တာကြောင့် သူတို့နှစ်ယောက်လုံး စတင် မဆိုခင်ကတည်းက “နိုဗန်ထူး” ဟာ ဆံပင်ရှည်ရှည် ဒီဇိုင်းမိုက်မိုက်နဲ့မို့ လူပုံစံနဲ့ သီချင်းနဲ့ ပိုလိုက်ဖက်သလိုဖြစ်နေလို့ မပြိုင်ရသေးဘူး ပရိသတ်တွေ အမှတ် ပေးချင်နေပါပြီ။ သူကိုယ်တိုင်ကလည်း Metal အပြင်းစားတွေ ဆိုတဲ့သူမို့ အားလုံးက သူ့ကိုပိုပြီး အာရုံစိုက် မျှော်လင့်ထားကြပါတယ်။
 
သီချင်းပထမအပိုဒ်ကို စပြောရရင် “ခိုင်ဈာန်” စဆိုပါတယ်။ အဝင်မှာ အသံက ခြောက်ကပ်ကပ်နဲ့ အနည်းငယ်တုန်ခါနေပြီး မရဲတရဲဖြစ်နေသေးတာကြောင့် သီးချင်းရဲ့ ခံစားသက်ဝင်မှု ပေါ့နေပါတယ်။ သီချင်းစာသားတွေကတော့ မှန်ပါတယ်။
ဒုတိယအပိုဒ် “နိုဗန်ထူး” စဆိုပါတယ်။ လူပုံစံဒီဇိုင်းနဲ့ သူ့ရဲ့ ပင်ကိုယ် အသံကာလာဟာ ပရိသတ်တွေ လုံးဝ ထင်မှတ်မထားလောက်အောင် လွဲချော်နေပြီး အသံက သာမန်ပလိန်းကြီးဖြစ်နေတယ်လို့ ခံစားရပါတယ်။ စာသားအဆုံးမှာတော့ သူ့ရဲ့ Metal ဆိုဟန်အတိုင်း နည်းနည်းထည့်သုံးသွားပါတယ်။ ရုပ်သံမှာ နီနီခင်ဇော်ရဲ့ အသံပါ ထပ်နေတော့ မသဲကွဲပါဘူး။
 
 
နောက်တစ်ပိုဒ် “ခိုင်ဈာန်” ပြန်ဝင်တဲ့အခါ ပထမအပိုဒ်တုန်းကထက် အသံရော mood ပါ ပိုကောင်းလာပါတယ်။ “ရို..ရို..ရို..ရိုစီ” ဆိုတဲ့နေရာမှာတော့ “နိုဗန်ထူး” က ပိုလှတယ်လို့ ခံစားမိပါတယ်။
“နိုဗန်ထူး” ဆက်ဆိုတဲ့အခါ စာသားမှားသွားလို့ တစ်ဖက်လှည့်ပြီး ရောချလိုက်ပါတယ်။ 
ဒါက သီချင်းဆိုပြိုင်ပွဲအတွက် အကြီးမားဆုံး အပြစ်လို့ ပြောလို့ရပါတယ်၊ အတော်လေးလည်း ရုပ်ပျက်ဆင်းပျက်နိုင်သွားပါတယ်။ “အာဇာနည်” ရဲ့ မျက်နှာမှာ “ဟာ ခေါက်သွားပြီ” ဆိုတဲ့ အမူယာမျိုး တွေ့လိုက်ရပါတယ်။
 
 
စာသားမှားသွားတဲ့အတွက် အသံတွေလည်း မမှန် mood လည်း ခမ်းခြောက်သွားပါတယ်။ ဒီအချိန်မှာ “ခိုင်ဈာန်” က သူဆိုရမယ့်အပိုဒ်ကို အပိုင် သီဆိုသွားနိုင်ခဲ့ပါတယ်။ နောက်ကောက်ကျနေပြီဆိုတာ သတိထားမိလိုက်တဲ့ “နိုဗန်ထူး” က နောက်ဆုံး CHO အပိုဒ်မှာ အပီလိုက်တင်ပါတယ်။ ဒါတောင်မှ “အာဟာ..ဟ” အဆိုမှာ ဘားကျိုးနေပါသေးတယ်၊ အာဇာနည် က ကျားပေါက် ကို ဘယ်လိုလဲဆိုတဲ့ အကြည့်နဲ့ တစ်ချက်လှမ်းကြည့်လိုက်ပါတယ်။
 
 
နောက်ဆုံးမှာ “နိုဗန်ထူး”က သီချင်းရဲ့ပုံစံ ဖရိန်ကနေ ခွဲထွက်ပြီး “ရိုစီ” ကို Metal သံကြီးနဲ့ တောက်လျှောက်အကြာကြီး ဆွဲချသွားခဲ့ပါတယ်။ မူးရင်းသီချင်းပုံစံအရဆိုရင် (ဗားရှင်းလည်း မပြောင်းထားပါဘူး) “ခိုင်ဈာန်” က အနားသတ် ဆင်းနေပြီ၊ “နိုဗန်ထူး” က ဗြဲသံကြီးနဲ့ အသံစွဲပြီး အတန်းလိုက်ကြီးခံထားပါတယ်၊ နောက်က တီးဝိုင်းဘယ်သူ့ဘက်လိုက်လို့ လိုက်ရမယ်မသိ၊ ပရိသတ်တွေရဲ့ နားထဲမှာလဲ အဆုံးသတ်က မလှပပဲ တစ်ယောက်တစ်ပေါက် ဆန်ပြီး ဆူညံသွားတယ်လို့ ခံစားလိုက်ရပါတယ်။
 
ခြုံကြည့်ရမယ်ဆိုရင်တော့ “ကျားပေါက်” ပြောသလို သီချင်းစာသား နှစ်ယောက်လုံးမှားတယ် ဆိုရင်တောင် “ခိုင်ဈာန်” ကို ဘယ်နေရာမှာလည်းလို့ ချက်ခြင်း ထောက်ပြနိုင်မယ်မထင်ပါဘူး။ “နိုဗန်ထူး” ကတော့ စာမေးပွဲမှာ အကြောက်ဆုံးဘာသာကိုမှ မေးခွန်းသတ်ခံလိုက်ရတဲ့ ကျောင်းသားလို အိုးနင်းခွက်နင်း ဖြစ်ခဲ့ပါတယ်။ သီချင်းဆိုပြိုင်ပွဲတွေမှာ စာသားမေ့တာကတော့ အဆိုးဆုံးပါပဲ။
 
သီချင်းအဆုံးမှာ နည်းပြတွေရဲ့ ထင်မြင်ချက် တောင်းတဲ့အခါမှာ “အာဇာနည်” ကလွဲလို့ ကျန်တဲ့ နှစ်ဦးက အားနာစိတ်(ကြည့်ရင်သိမှာပါ)နဲ့ ဘာမှသိပ်ပြီး ပြောမသွားခဲ့ပါဘူး။ “အာဇာနည်” ရဲ့ မှတ်ချက်ကတော့ “ခိုင်ဈာန်” အတွက် အလားအလာကောင်းနေပါတယ်။
 
 
 
ဘယ်သူက ဘယ်လိုမှတ်ချက်မျိုးကိုပဲ ပေးပေး နောက်ဆုံး အဖြေထုတ်ပေးရမှာက “ကျားပေါက်” ဖြစ်ပါတယ်။ “ကျားပေါက်” က “Attitude သီချင်းဆိုတော့ ကျွန်တော် Attitude ကိုပဲ အခြေခံပြီး ရွေးရမယ် ထင်ပါတယ်နော်” လို့ ပြောပြီး “နိုဗန်ထူး” ကို ရွေးချယ်ခဲ့ပါတယ်။
 
 
ဒီမှာတင် ပရိသတ်နဲ့ နည်းပြ “ကျားပေါက်” တို့ရဲ့ သဘောထား ကွဲလွဲပြီး ဝေဖန်မှုတွေ ဆူညံခဲ့တာပါ။ သူပြောခဲ့တဲ့ “Attitude” ဆိုတာ ဘာကို ဆိုလိုတာလည်း ဆိုတာကလည်း မေးခွန်းဖြစ်နေပါတယ်။
“Attitude” ကို အဘိဓ္ဓာန်မှာ ရှာကြည့်ရင် “စိတ်နေသဘောထား၊ ကိုယ်နှုတ်အမူယာ” လို့ အဓိပ္ပါယ် ဖွင့်ဆိုထားပြန်ပါတယ်။
 
 
ဒီတော့ ဒီသီချင်းယှဉ်ပြိုင်မှုမှာ “ခိုင်ဈာန်” ဘယ်လို Attitude တွေ အားနည်းခဲ့လဲ..? “နိုဗန်ထူး” စာသားမှာသွားတဲ့အချိန်မှာ ဝင်ကူမဆိုပေးခဲ့တာမျိုးလား..? ဒါမှမဟုတ် ပရိသတ်တွေ မမြင်နိုင်တဲ့ Back Stage မှာ “ခိုင်ဈာန်” ရဲ့ နေပုံထိုင်ပုံလား..? (ဒီလိုဖြစ်မယ်ဆိုရင်တောင် ပုဂ္ဂုလိကပုံစံမို့ ပြိုင်ပွဲနဲ့ မသက်ဆိုင်ပါဘူး)
 
 
ဘယ်လိုပဲဖြစ်ဖြစ် “ကျားပေါက်”ရဲ့ ရွေးချယ်မှု အပေါ်ကိုတော့ ပရိသတ်တွေ အလိုမကျခဲ့တာ အမှန်ပါပဲ။ ညစ်ညမ်းမှတ်ချက်တွေ တွေ့ရလေ့မရှိတဲ့ The Voice Myanmar ရဲ့ Facebook Page မှာတောင် ဝင်ဆဲထားတာတွေ တွေ့ရပါတယ်။ ဒါက ပရိသတ်တွေရဲ့ အမြင်နဲ့ ခံစားချက်ပါ။
 
 
“ကျားပေါက်” ဆိုတာ လူငယ်ပရိသတ်အခိုင်အမာရှိပြီးသား Artist အနုပညာရှင် တစ်ယောက်အနေနဲ့ သူမှာ ပရိသတ်မမြင်နိုင်တဲ့ အနုပညာအမြင်မျိုးတွေနဲ့ “နိုဗန်ထူး” ကို မြင်ထားပြီးသားလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကိုတော့ နောက်ထပ် အဆင့်တွေမှာ စောင့်ကြည့်ကြဖို့လိုပါတယ်။
 
 
ဒီအဖြစ်ပျက်နဲ့ တိုက်ဆိုင်စွာ The Voice Myanmar Season 1 တုန်းကလည်း ပြိုင်ပွဲဝင် “နှင်းအိနြေ္ဒရှင်” နဲ့ ပက်သက်ပြီး တစ်ကြိမ်ဝေဖန်ခံခဲ့ရဖူးပါသေးတယ်။ ဒါပေမယ့် ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်တတ်တဲ့ “ကျားပေါက်” က သူမကို Final ထိ တွန်းပို့နိုင်ခဲ့ပါတယ်။
 
 
အခုတစ်ကြိမ်မှာလည်း “နိုဗန်ထူး” နဲ့ပက်သက်ပြီး “ကျားပေါက်” ဘာတွေထပ်ပြင်ဆင်ထားလဲ၊ ဘာတွေ မျှော်လင့်ထားလဲဆိုတာ “Knock Out Round” မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 
 
 
ဒါကြောင့်မို့ “ကျားပေါက်” ပြောတဲ့ ‘Attitude’ ဆိုတာ သူ့ရဲ့ ကိုယ်ပိုင် အမူအကျင့် စိတ်နေသဘောထားအတိုင်း ဆုံးဖြတ်ပြီးရင် မပြင်ဘူး ဆိုတာမျိုးကိုများ ညွှန်းဆိုသလားဆိုတာ ပရိသတ်တစ်ယောက်အနေနဲ့ အဖြေထုတ်ဖို့ ခက်လှပါတယ်။ သေချာတာတစ်ခုကတော့ သမာသမတ်ကျစွာနဲ့ “ကျားပေါက်” ရဲ့ အဖွဲ့ထဲကနေ Season 2 WINNER ကို ပေါ်ထွက်လာစေချင်တာကတော့ “ကျာပေါက်” ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေရဲ့ စေတနာဖြစ်ပါတယ်။
 

08 Apr 2019     1,753 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment