BEC-TERO TV

အိုမင်းရင့်ရော်စေတဲ့ မျက်ဝန်းတစ်ဝိုက်က ကျီးကန်းခြေရာတွေ ရှင်းပစ်ရအောင်

09 Apr 2019     1,812 Views


“ကျီးကန်းခြေရာ” လို့ သိထားကြတဲ့ မျက်ဝန်းအစပ်ကနေ နားထင်ရှိ ပေါ်နေတတ်တဲ့ အရေးအကြောင်းတွေဟာ ရှိရင်းစွဲအသက်ထက် ပိုပြီး လူကို အိုရုပ်ပေါက်စေပါတယ်။ 
 
ကျီးကန်းခြေရာ လိုပုံစံရှိတဲ့ အရေးအကြောင်းဟာ အသက်အရွယ်ကြောင့် ပေါ်လာတာဖြစ်ပြီး အသက် ၃၀ ကျော်ရင် ရေးရေးလေး စပေါ်လာပါတယ်။ အသက် အရွယ်အရ အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် နဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ဓာတ် ထုတ်လုပ်နိုင်စွမ်းကျဆင်းလာတောကြောင့် အရေးအကြောင်းတွေ ပေါ်လာတာဖြစ်ပါတယ်။ 
 
ကျီးကန်းခြေရာလိုပဲ အသက်အရွယ်အရ လျော့ရဲလာတာကတော့ ရင်သား၊ ပါးရေနားရေ နဲ့ အညိုရောင် အစက်အပျောက်တွေပဲ ဖြစ်ပါတယ်။
 
 
ဒါ့အပြင် အသက်အရွယ်ကြောင့်မဟုတ်ပဲ နေလောင်ဒဏ်ခံရလွန်းတာ၊ ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်းမှု၊ မျက်စောင်း ခဏခဏထိုးခြင်း၊ မျက်မှောင်ကြုတ်ခြင်းနဲ့ တစ်ချိန်လုံး ပြုံးနေတာကြောင့်လည်း ကျီးကန်းခြေရာ ဖြစ်တတ်ပါတယ်။
 
အကယ်၍ ကျီးကန်းခြေရာတွေ ရှိနေပြီဆိုရင်တော့ စိတ်မပူပါနဲ့ သဘာဝနည်းလမ်းအတိုင်း ငွေကြေးအကုန်အကျ သက်သာစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ အားလုံးဟာ ကိုယ့်ရဲ့ လက်တစ်ကမ်းမှာပဲ ရှိနေတာမို့ အလွယ်ဆုံး ကုစားနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေမယ့် နည်းကို ရွေးချယ်အသုံးပြုနိုင်ကြပါတယ်။
 
၁။ ကြက်ဥအကာ
 
ကြက်ဥအကာဟာ အသားအရေပြုပြင်ထိန်းသိမ်းရေးမှာ များစွာ အသုံးတည့်ပါတယ်။  ကြက်ဥတစ်လုံးကို ဖောက်ပြီး အနှစ်ကိုဖယ် အကာ(အကြည်) ကိုပဲ ယူပြီး ပုဂံလုံးထဲမှာ သမအောင် ရိုက်ပါ။ ကျီးကန်းခြေရာရှိတဲ့ မျက်ဝန်းတစ်ဝိုက်ကနေ ပါးရိုးတစ်လျှောက် သုတ်လိမ်းပါ။ ၁၀ မိနစ်ခန့်ထားပြီးနောက် ရေအေးကို ဂွမ်းစနဲ့ယူပြီး သန့်စင်အောင် ဆေးပါ။ တစ်ပတ်လျှင် နှစ်ကြိမ် လုပ်ပါ။
 
နောက်ထပ် အလားတူ နည်းလမ်းကတော့ မျက်နှာကို ဆပ်ပြာပျော့ပျော့နဲ့ စင်အောင် သစ်ဆေးပြီး ရိုက်ထားတဲ့ ကြက်ဥအကာ တစ်ခုလုံးကို မျက်နှာမှာ သုတ်လိမ်းပြီး ခြောက်အောင်ထားပါ။ အဲဒီနောက် နောက်ထက် ကြက်ဥအကာ အလွှာတစ်ထပ် ထပ်မံ သုတ်လိမ်းပါ။ ၁၅ မိနစ်လောက် ထားပြီးရင် ရေကြက်သီးနွေးဖြင့် စင်ကြယ်အောင် မျက်နှာသစ်ပါ။ မျက်နှာကို နူးညံ့တဲ့ ပဝါနဲ့ သုတ်ပြီး မျက်နှာ အလှဆီတစ်ခုခု လိမ်းပါ။ တစ်ပတ်လျှင် တစ်ကြိမ်ကနေ နှစ်ကြိမ်ထိသာ လုပ်ပေးပါ၊ ထိုထက်ပို မလုပ်သင့်ပါ။
 
၂။ သင်္ဘောသီး
 
နေရောင်ခြည်ကြောင့် ပျက်ဆီးတဲ့ အသားအရေကို တိုက်ဖျက်နိုင်တဲ့ ဗီတာမင်စီ အပြည့်အဝပါဝင်တဲ့ အသီးဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြောင့် အသားအရေ တင်းရင်းအောင် စွမ်းဆောင်ပေးတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကိုလည်း အားကောင်းအောင် စေ့ဆော်နိုင်ပါတယ်။  သင်္ဘောသီးမှာပါဝင်တဲ့ ပါပိန်းအင်ဇိုး က အရေပြားပေါ်က ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးပြီး အသားအရေ တင်းရင်းစေပါတယ်။
 
နည်းလမ်း(၁)
သင်္ဘောသီးအစိမ်းကို အနေတော် အတုံးလေးလှီးပြီး အရေပြားပေါ် လိုက်ပွတ်ပေးပါ။ ၁၀ မိနစ်လောက် အခြောက်ခံထားပြီး ရေအေးနဲ့ ပြန်လည်ဆေးကြောပါ။ တစ်နေ့ တစ်ကြိမ်လုပ်နိုင်ပါတယ်။
 
နည်းလမ်း(၂)
နောက်တစ်နည်းကတော့ သင်္ဘောသီးကို ကြိတ်ချေပြီး အုတ်ဂျုံနဲ့ ရောသမမွှေပါ။ ရလာတဲ့ အနှစ်ကို အရေပြားပေါ် လိမ်းကျံပြီး ဖြည်းဖြည်းခြင်း နှိပ်နယ်ပေးပါ။ ၁၀ မိနစ်လောက် ထားပြီးရင် ရေအေးနဲ့ ပြန်ဆေးပါ။ တစ်ပတ်မှာ နှစ်ကြိမ်ကနေ သုံးကြိမ်လောက်ထိ လုပ်နိုင်ပါတယ်။
 
နည်းလမ်း(၃)
သင်္ဘောသီးကို ဘလန်ဒါနဲ့ဖြစ်ဖြစ် ကြိတ်ချေရာမှာ သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာထည့်ပါ။ အသားအရေပေါ်ကို လိမ်းကျံပြီး ၁၀ မိနစ်ခန့်ထားပါ၊ ပြီးမှရေအေးနဲ့ ပြန်လည်ဆေးကြောပါ။ နှစ်ရက်တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။
 
၃။ နွားနို့
 
နွားနို့က မျက်ဝန်းနားတဝိုက်က အရေးအကြောင်းတွေ လျော့ပါးအောင် ကူညီနိုင်ပါတယ်။ နွားနို့မှာပါဝင်တဲ့ ဂလီကိုလစ် အက်ဆစ်က ဆဲလ်သေတွေဖယ်ရှားပြီး ကော်လာဂျင် ထုတ်လုပ်မှုကို ပံ့ပိုးပေးပါတယ်။
 
နည်းလမ်း(၁)
နွားနို့ ပုံမှန်သောက်ပေးခြင်းဖြင့် အသားအရေ စိုပြေဝင်းပလာစေနိုင်ပါတယ်။
 
နည်းလမ်း(၂)
အဝတ်သန့်သန့်ကို နွားနို့ထဲနှစ်ပြီး အရေးအကြောင်း ပျောက်ချင်တဲ့ အရေပြားပေါ်မှာ တင်ပေးထားပါ။ ၁၀ မိနစ်ခန့်ထားပြီး ရေအေးနဲ့ ဆေးကြောပေးပါ။ တစ်ရက်လျှင် နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။
 
နည်းလမ်း(၃)
နွားနို့ ကို ပန်းကန်လုံးအကြီး တစ်လုံးထဲထည့်ပြီး အယ်လ်မွန်ဆီ တစ်စက်နှစ်စက်ရောပါ။ ပေါင်မုန့် နှစ်ချက်ကို နွားနို့ထဲနှစ်ပါ။ ပေါင်မုန့် တစ်ချပ်စီကို အဝတ်ပါးနဲ့ ပတ်ပြီး မျက်ဝန်းတစ်ဖက်စီပေါ်မှာ တင်ပေးပါ။ ၁၀ မိနစ်ကနေ မိနစ် ၂၀ ထိ ထားပြီးမှ ပြန်လည်ဆေးကြောပါ။ တစ်နေ့တစ်ကြိမ် လုပ်ပါက မကြာမီ ထူးခြားမှုရှိတာကို တွေ့မြင်ရမှာပါ။
 
၄။ ရှားစောင်းလက်ပပ်
 
အသားအရေနဲ့ ပက်သက်လာရင် ရှားစောင်းလက်ပပ် မပါမဖြစ်ပါ။ သူ့မှာပါဝင်တဲ့ အင်တီအောက်ဆီဒင့် က အရေးအကြောင်းတွေကို အစွမ်းကုန်လျော့ပါးစေပြီး အသားအရေကို တင်းရင်းစေပါတယ်။
 
နည်းလမ်း(၁)
ရှားစောင်းလက်ပပ် ဖျော်ရည်ကို တစ်ခါသောက်ရင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ တစ်နေ့ နှစ်ကြိမ်သောက်ပါ။
 
နည်းလမ်း(၂)
ရှားစောင်းလက်ပပ်ပင်ကို အပေါ်က အခွံနွှာပြီး အထဲက ဂျယ်လီထုတ်ယူပါ။ ညမအိမ်ခင် မျက်ဝန်းနားတစ်ဝိုက်ကို သုတ်လိမ်းပေးပါ။ မနက်ရောက်မှ ရေအေးနဲ့ မျက်နှာသစ်ပါ။ တစ်ပတ်လောက် နေ့စဉ်ဆက်တိုက်လုပ်ရင် အကျိုးထူးတာကို တွေ့ရမှာပါ။
 
၅။ သခွားသီး
 
 
အသားအရေကို အဟာရဖြစ်စေတဲ့ ဗီတာမင်တွေ သခွားသီးမှာ များစွာပါဝင်ပါတယ်။ မွတ်မွတ်ညက်နေတဲ့ သူ့ရဲ့အစွမ်းက အရေးအကြောင်းတွေကို လျော့ပါးအောင် ကူညီနိုင်ပါတယ်။
 
နည်းလမ်း(၁)
သခွားသီကို မွမွလေးဖြစ်အောင် ခြစ်ပြီး ရလာတဲ့အနှစ်လေးတွေကို အရေးအကြောင်းရှိတဲ့နေရာမှာ ပုံထားလိုက်ပါ။ ၁၀ မိနစ်လောက် နေရင် ရေအေးနဲ့ မျက်နှာသစ်ပါ။ တစ်ရက်မှာ နှစ်ကြိမ် သုံးကြိမ်လောက်လုပ်နိုင်ပြီး ရက်သတ္တပတ် အနည်းငယ်ခန့်ကြာလျှင် ထူးခြားတာကို တွေ့ရပါလိမ့်မယ်။
 
နည်းလမ်း(၂)
သခွားသီးကို ထူထူလှီးပြီး အရေးအကြောင်းရှိတဲ့ မျက်ဝန်းနားတဝိုက် မိနစ်အနည်းငယ်ခန့် ဖြေးညှင်းစွာ ပွတ်ပါ။ တစ်ရက်လျှင် နှစ်ကြိမ် လုပ်နိုင်ပါတယ်။
 
ဖော်ပြပါ နည်းလမ်း (၅)သွယ်ကတော့ ငွေကုန်ကြေးကျလည်း သက်သာ ကရိကဌလည်းမရှိပဲ ကိုယ့်မျက်နှာပေါ်မှာ အသက်ကြီးရုပ်ပေါက်စေတဲ့ ကျီးကန်းခြေရာတွေကို အချိန်တိုအတွင်း အပြတ်ရှင်းပစ်နိုင်ပါတယ်။ အသုံးဝင်တယ်ဆိုရင် ပြန်လည် ဝေမျှပေးဖို့ ပိုပိုလေးမှ မေတ္တာရပ်ခံပါတယ်နော်။
 
(ပိုပိုလေး)
 
 

09 Apr 2019     1,812 Views




RELATED

Most Popular of Health Fix

Most Popular of Life Style