BEC-TERO TV

အိမ်ရှင်ကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ အိမ်အကူအမျိုးသမီး စိတ္တဇလူသတ်သမား

24 Apr 2019     1,337 Views


စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်ခဲ့သော အင်ဒိုနီးရှား အမျိုးသမီးတစ်ဦးဟာ အိမ်ကိုလွမ်းတဲ့စိတ်ကြီးစိုးပြီး အိမ်ရှင်မိသားစုကို သတ်ဖြတ်ရန် စနစ်တကျကြံစည်ခဲ့ပြီး အိမ်ရှင်စင်ကာပူအမျိုးသမီးကို စိတ္တဇဆန်ဆန် လည်ပင်းလှီးကာဓါးဖြင့် ၉၈ ချက် ထိုးသတ်ခဲ့မှုနဲ့ သေဒဏ်အပြစ်ပေးခံရဖွယ်ရာ ရှိနေပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
Daryati အသက် ၂၆ နှစ်ဟာ ၂၀၁၆ ခုနှစ် ဧပြီ ၁၃ ရက်နေ့မှာ စင်ကာပူနိုင်ငံ Talok Kurau ရပ်ကွက်ရှိ နေအိမ်မှာ အိမ်အကူအဖြစ် စတင်အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်ဝင်ပြီး တစ်လခန့် အကြာမှာပဲ အိမ်ကိုလွမ်းတဲ့စိတ်၊ ဟောင်ကောင်မှာ ရှိတဲ့ သူမရဲ့ ရည်းစားကို လွမ်းတဲ့စိတ်တို့နဲ့ ပြည့်နှက်မွန်းကြပ်လာခဲ့ပါတယ်။
 
စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကြတဲ့ အိမ်အကူတွေရဲ့ နိုင်ငံကူးလက်မှတ်ကို ဥပဒေအရ အိမ်ရှင်တွေက တာဝန်ယူသိမ်းဆည်းထားကြရပါတယ်။ Daryati ဟာ အင်ဒိုနီးရှားကို ပြန်ပြေးဖို့အတွက် အိမ်ရှင်သိမ်းထာတဲ့ သူမရဲ့ နိုင်ငံကူးလက်မှတ်ရယူဖို့က အရေးကြီးလာပါတယ်။
 
အဆိုပါနေအိမ်မှာ၊ အသတ်ခံခဲ့ရတဲ့ အသက် ၅၉ နှစ်အရွယ် Madam Seow ဆိုသူအမျိုးသမီးကြီးနဲ့အတူ သူမရဲ့ခင်ပွန်း၊ အရွယ်ရောက်နေတဲ့ သားနှစ်ယောက်၊ ချွေးမ၊ မြေးနှစ်ယောက်တို့နဲ့အတူ သုံးထပ်ဆောင် အိမ်ကြီးမှာ အတူတူနေထိုင်ကြပါတယ်။ အိမ်ကြီးပေါ်မှာ Daryati အပြင် အခြားအင်ဒိုနီးရှား အိမ်အကူ တစ်ယောက်လည်း ရှိပါတယ်။
 
 
နိုင်ငံကူးလက်မှတ်တွေကို အိမ်ရှင်လင်မယားအိပ်တဲ့ မာစတာအိပ်ခန်းထဲက မီးခံသေတ္တာထဲမှာ သိမ်းထားပြီး သော့က အိမ်ရှင်လင်မယား နှစ်ယောက်ဆီမှာပဲ ရှိပါတယ်။ ဒီသော့ကိုလည်း Madam Seow က အိမ်ရဲ့ပထမထပ်မှာရှိတဲ့ ပိုက်ဆံသေတ္တာထဲမှာ သိမ်းထားပါတယ်။  သူမရဲ့အကြံစဉ်ကတော့ မေလ ၁၂ ရက်နေ့မှာ Madam Seow ကို သတ်ပြီး ပိုက်ဆံတွေနဲ့ နိုင်ငံကူးလက်မှတ်ယူကာ အင်ဒိုနီးရှားကို ပြန်ပြေးဖို့ ဖြစ်ပါတယ်။
 
“ဒီအစီစဉ်ကို ငါမြန်မြန် အကောင်ထည်ဖော်မှဖြစ်မယ်။ ငါ ဒါကိုလုပ်ဖို့အတွက် ရဲရင့်ဖို့လို့တယ်၊ ဖြစ်လာမဲ့ အကျိုးဆက်တွေအားလုံး ဘာတွေပဲလာလာ ငါရင်ဆိုင်ဖို့အသင့်ပဲ။ ငါ့ရဲ့အစီစဉ် ချေချောမွေ့မွေ့နဲ့ အောင်မြင်ပါစေလို့ မျှော်လင့်ပါတယ်။ အိမ်ရှင်မိသားစု သေဖို့က ငါ့ရဲ့အဓိက ပစ်မှတ်ပဲ” လို့ သူမရဲ့ နေ့စဉ်ဒိုင်ယာရီမှတ်တမ်းမှာ ရေးသားထားတာကို ရဲတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဇွန်လ ၂ ရက် နေ့စွဲနဲ့ ဒိုင်ယာရီစာမျက်နှာထဲမှာ အိမ်တစ်ခုလုံးရဲ့ မြေပုံဆွဲထားပြီး လမ်းကြောင်းတွေကို စနစ်တကျမှတ်သားထားတာကိုလည်း တွေ့ခဲ့ရပါတယ်။
 
သူမက အခြား အင်ဒိုနီးရှားအိမ်အကူဖြစ်တဲ့ Ms Don Hayati ကိုလည်း သူမရဲ့အကြံအစည်ကို ပြောပြီး ပိုက်ဆံတွေခိုးကာ အတူတူပြေးမယ်လို့ စည်းရုံးထားပါတယ်။ ဒါပေမယ့် အိမ်ရှင်ကို သတ်မယ့်အကြောင်းကိုတော့ မပြောထားဖူးလို့ဆိုပါတယ်။
 
Madam Seow ကို မသတ်ခင် တစ်ရက်အလိုမှာ ဓါးကို ဒုတိယထပ်မှာ ဝှက်ထားခဲ့ကြောင်း ထွက်ဆိုပါတယ်။ မာစတာအိပ်ခန်းလျှောက်လမ်းမှာရှိတဲ့ ဘီရိုထဲမှာ ဓါးကိုဝှက်ထားပြီး စာကြည့်စားပွဲမှာ သံရိုက်တူကို ဝှက်ထားပါတယ်၊ ဒါ့အပြင် ဓါးတိုလေးတစ်ချောင်းကို မာစတာအိပ်ခန်း သန့်စင်ခန်းထဲက လက်ဆေးကန်အောက်မှာ ကြိုတင် ဝှက်ထားခဲ့ပါတယ်။
 
ဓါးကတော့ Madam Seow ကို တိုက်ခိုက်ဖို့ဖြစ်ပြီး သံရိုက်တူကတော့ အကယ်၍ သုံးလွှာမှာနေတဲ့ ချွေးမဖြစ်သူ Rowena Yeo ဆင်းလာတဲ့အခါ ထုသတ်ဖို့ တစ်ရက်ကြိုတင် ပြင်ဆင်ထားခဲ့တာပါ။
 
 
ဇွန်လ ၂ ရက်နေ့မှာ အိမ်ရှင်ရဲ့ ချွေးမဖြစ်သူနဲ့ ကလေးနှစ်ယောက်တို့ ၃ လွှာကို တက်သွားကြချိန်၊ သားနှစ်ယောက်နဲ့ မောင်ဖြစ်သူတို့လည်း အိမ်ကနေ ထွက်သွားချိန်မှာ စတင်လှုပ်ရှားခဲ့ပါတယ်။ ဓါးတစ်ချောင်းကို သူ့ရဲ့ အဝတ်အစားထဲမှာဝှက်ပြီး Madam Seow အတွက် မီးပူတိုက်ထားတဲ့ အဝတ်တစ်စုံကို ယူကာ မာစတာအိပ်ခန်းဆီသို့ တက်သွားခဲ့ပါတယ်။ လမ်းမှာလည်း အခြားအိမ်အကူကို အပြင်ကနေ စောင့်ကြည့်ပြီး လူလာရင် အချက်ပေးဖို့ မှာကြားခဲ့ပါတယ်။
 
အဲဒီနောက် အခန်းထဲဝင်သွားပြီး အဝတ်ထဲဝှက်လာတဲ့ ဓါးကိုထုတ်ပြီး Madam Seow ကို သူမရဲ့ နိုင်ငံကူးလက်မှတ်ပြန်ပေးဖို့ ခြိမ်းခြောက်ပြီး တောင်းပါတယ်။ Madam Seow က အော်တဲ့အခါမှာ အိမ်သာခန်းထဲဆွဲသွင်းကာ တံခါးပိတ်ပြီး ဓါးနဲ့လည်ပင်းကိုထိုးကာ ဦးခေါင်းနဲ့ မျက်နှာကို အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ သေချာအောင် လက်ဆေးကန်အောက်မှာ အသင့်ဝှက်ထားတဲ့ ဓါးနဲ့ လည်ပင်းကို မလှုပ်မယှက်ဖြစ်တဲ့ထိ ထပ်မံထိုးခဲ့ပါတယ်။
 
အဲဒီအချိန်မှာ Madam Seow ရဲ့ခင်ပွန်း Mr Ong အိပ်ခန်းထဲဝင်လာပြီး သူမိန်းမကို ခေါ်ပေမယ့် ဘာသံမှမကြားတာကြောင့် ဖွင့်မရတဲ့ အိမ်သာတံခါးကို ဝက်အူလှည့်နဲ့ ရစ်ပြီး ဖွင့်ခဲ့ပါတယ်။ တံခါးပွင့်လာတဲ့အချိန်မှာတော့ အထဲကနေ Daryati က Mr Ong ရဲ့ လည်ပင်းကို ဓါးနဲ့ထိုးပြီး တိုက်ခိုက်လိုက်ပါတယ်။ Mr Ong က သူလက်ကနေ ဓါးလွတ်ကျအောင် လုပ်နိုင်ခဲ့ပေမယ့် သူ့ဇနီးကို သွားကြည့်ချိန်မှာ Daryati က ဓါးပြန်ကောက်ပြီး လည်းပင်းကို နောက်တစ်ကြိမ် ဓါးနဲ့ထိုးခဲ့ပါတယ်။
 
Mr Ong
 
ဒါပေမယ့် နောက်ဆုံးမှာ Mr Ong က Daryati ကို ချုပ်နိုင်ခဲ့ပြီး ဝါယာကြိုးတွေနဲ့ တုတ်နှောင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အိမ်အပြင်ဘက် ဝင်းတံခါးနားကို ဆွဲထုတ်ပြီး လမ်းမှာ ဖြတ်သွားတဲ့ လူ ၃ ယောက်ကို Daryati လွတ်မသွားအောင် ကြည့်ထားပေးဖို့ အကူညီတောင်းပြီး ဇနီးသည်ထံ ပြန်ပြေးသွားခဲ့ပါတယ်။
 
ချွေးမဖြစ်သူက အရေးပေါ် ကယ်ဆယ်ရေးကို ည ၈ နာရီ ၅၀ အချိန်မှာ ဖုန်းဆက်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ရောက်လာကာ စစ်ဆေးခဲ့ပြီးနောက် ၉ နာရီ ၅ မိနစ်မှာ သေဆုံးပြီလို့ အတည်ပြုခဲ့ပါတယ်။
 
 
အမှုကို ၃ နှစ်နီးပါး အဆင့်ဆင့် စစ်ဆေးခဲ့ပြီးနောက် Daryati ဟာ သွေးအေးအေးဖြင့် ကြိုတင်ကြံစည်ကာ သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားပြီး သူမရဲ့ရှေ့နေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းမှုရှိနေကြောင်း ကာကွယ်ပြောဆိုပေမယ့် ဒုတိယတန်းစား လူသတ်မှုအဖြစ် သတ်မှတ်ထားပြီး သေဒဏ်ကျခံရဖို့ ရှိနေပါတယ်။
 
 
ကျန်တဲ့အိမ်အကူ Ms Don Hayati ကိုတော့ အမှုမှာ ပါဝင်ပက်သက်မှုမရှိဘူးလို့ ဆုံးဖြတ်ပြီး တရားစွဲဆိုထားခြင်း မရှိကြောင်း သိရှိရသည်။

24 Apr 2019     1,337 Views




RELATED

Most Popular of Special or Others

Most Popular of NEWS