BEC-TERO TV

ကူညီခြင်းရဲ့ ကုသိုလ်အကျိုးကြောင့် အသက်ဘေးက ချမ်းသာရခဲ့တဲ့ ဖြစ်ရပ်မှန်

24 Apr 2019     1,349 Views


ကောင်းမွန်တဲ့ အလုပ်ကိုလုပ်ခဲ့ဖူးတဲ့ ကုသိုလ်ရဲ့အကျိုးဟာ လက်တွေ့ဘဝမှာတင် တစ်ဖန်ပြန်ပြီး အကျိုးပေးတယ်ဆိုတာ ဒီအဖြစ်ပျက်လေးက လက်တွေ့ သာဓကပြနေပါတယ်။
 
တရုပ်နိုင်ငံ စီချွမ်ပြည်နယ်က ရွာလေးမှာ ‘တမ်လင်း’ ဆိုတဲ့ မိန်းကလေးဟာ မိသားစုနဲ့အတူ ဆင်းဆင်းရဲရဲနေရပါတယ်။ ဖခင်ဖြစ်သူက မသန်မစွမ်းဖြစ်ပြီး မိခင်ကလည်း နတာရှည်ရောဂါနဲ့ အမြဲတစေ နေမကောင်းဖြစ်နေသူပါ။ ‘တမ်လင်း’ က အကြီးဆုံး သမီးဖြစ်လို့ အောက်က ညီမလေး နှစ်ယောက်ကို သူ့ကိုယ်တိုင်ပဲ စောင့်ရှောက်ရပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
ကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဆိုသလိုပဲ ဆင်းရဲနွမ်းပါးရတဲ့ကြားထဲမှာ ၂၀၀၈ ခုနှစ်က အင်အား ၇.၉ အဆင့်ရှိပြင်းအားကြီး ငလျှင် စီချွမ်းနယ်တစ်ဝိုက် လှုပ်သွားခဲ့တာကြောင့် နေအိမ်တွေပျက်ဆီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့အိမ်ကိုလည်း ပြန်ပြင်မဆောက်နိုင်တော့တာကြောင့် အိမ်နီးချင်းတွေဆီမှာပဲ လိုက်ကပ်နေခဲ့ရပါတယ်။
 
 
တစ်ရက်မှာတော့ ‘ကျန်းဟွာ’ ဆိုတဲ့ အမျိုးသားတစ်ဦး သူတို့ရွာနားကို ရောက်လာပြီး ဖြတ်သွားဖြတ်လာလုပ်ရင်း ‘တမ်လင်း’ ကိုတွေ့သွားပါတယ်။ ‘တမ်လင်း’ ကို မြင်လိုက်ရတဲ့အခါ ‘ကျန်းဟွာ’ ရဲ့ စိတ်ထဲမှာ ချက်ချင်းဆိုသလို သူ့ရဲ့ငယ်ဘဝလေးကို သတိရသွားပါတယ်။
 
‘ကျန်းဟွာ’ ကလည်း ငယ်စဉ်က လယ်သမားရဲ့ သားဖြစ်ခဲ့ပြီး အခုလိုပဲ ရွာမှာ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာခဲ့သူပါ။ ဒါကြောင့်မို့ ‘တမ်လင်း’ ကိုတွေ့လိုက်တာနဲ့ သူတို့တွေ ဘယ်လောက်တောင် ဆင်းရဲဒုက္ခရောက်ရှာမလဲဆိုတာ ကိုယ်ချင်းစာမိပြီး သနားသွားပါတယ်။ ဒါကြောင့်မို့ ကျောင်းတက်နေဆဲဖြစ်တဲ့ ‘တမ်လင်း’ ကို “သမီးအထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်တက်ချင်ရင် ဦးကို ဆက်သွယ်လိုက်” လို့ ပြောပြီး သူ့ရဲ့ ဖုန်းနံပါတ်ရေးပေးထားခဲ့ပါတယ်။
 
ဒီလိုနဲ့ အချိန်တွေကြာသွားခဲ့ပြီး တစ်ရက်မှာတော့ ‘ကျန်းဟွာ’ ဆီကို ဖုန်းဝင်လာပါတယ်။ ‘တမ်လင်း’ ရဲ့ အဖေက ဆက်သွယ်လာတာဖြစ်ပြီး သူ့သမီးလေးကို ဦးဆောင်လမ်းညွှန်ကူညီပါလို့ အကူအညီတောင်းလာခဲ့ပါတယ်။
 
ချက်ခြင်းဆိုသလိုပဲ ‘ကျန်ဟွား’ က သူ့ရဲ့ထောက်ခံချက်နဲ့အတူ ‘တမ်လင်း’ ကို စီချွမ်မြောက်ပိုင်း ဆေးကောလိပ်မှာ တက်ရောက်ဖို့ ပထမနှစ်အတွက် ပညာသင်စရိတ် (ကျပ် ၁၅ သိန်းကျော်) ပေးပြီး စာရင်းသွင်း ကျောင်းအပ်ပေးခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ‘တမ်လင်း’ ဆေးကျောင်းတက်ရင် သုံးဖို့ မုန့်ဖိုးနဲ့ ညီမလေးတွေအတွက် ပညာသင်စရိတ်အချို့ကိုလည်း ပေးပို့ခဲ့ပါတယ်။
 
ဒီလိုနဲ့ ၁၁ နှစ်ကျော်ကြာသွားတဲ့အခါ ‘တမ်လင်း’ လည်း မျက်စိဆရာဝန်မကြီးဖြစ်လာခဲ့ပါတယ်။ 
 
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ‘ကျန်းဟွာ’ တစ်ယောက် အလုပ်မှာ အစည်းအဝေးလုပ်နေရင်း မူးမေ့လဲကျသွားခဲ့တာကြောင့် အရေးပေါ် ဆေးရုံတင်ပို့ခဲ့ရပါတယ်။ စစ်ဆေးကြည့်တဲ့အခါ ဦးနှောက်သွေးကြောပေါက်သွားတယ်လို့ သိရပါတယ်။
 
“ဆရာဝန်တွေက ကျွန်တော်ရဲ့အတွင်းထဲမှာ သွေးယိုစီးနေပြီး အခြေအနေက ထိန်းဖို့ခက်နေဆဲ အသက်ဆုံးရှုံးနိုင်တယ်လို့ ပြောတယ်” လို့ ‘ကျန်းဟွာ’ က ဆိုပါတယ်။
 
‘ကျန်းဟွာ’ ရဲ့ဇနီးဟာ အခြားမြို့မှာ တာဝန်ကျနေတဲ့အတွက် ချက်ခြင်း ရောက်မလာနိုင်ချိန်မှာ ‘တမ်လင်း’ နဲ့ သူ့ရဲ့အမျိုးသားတို့ ချက်ခြင်းရောက်လာပြီး သူမတာဝန်ကျနေတဲ့ ဆေးရုံကို ပြောင်းရွေ့ဖို့ ဆေးရုံတက်ဖို့ကအစ အားလုံး ခပ်မြန်မြန်စီစဉ်ပေးပါတယ်။ နောက်တစ်နေ့ နံနက် ၄ နာရီ အရေးပေါ်ကုသမှုတွေ ပြီးတဲ့ထိ ‘ကျန်းဟွာ’ နားမှာပဲ စောင့်ရှောက်ပေးခဲ့ပါတယ်။
 
 
‘တမ်လင်း’ ရဲ့ မြန်မြန်ဆန်ဆန်စီစဉ်ပေးခဲ့မှုကြောင့် အရေးပေါ်ကုသမှုတွေ ခံယူပြီးနောက်ပိုင်းမှာ ‘ကျန်းဟွာ’ ရဲ့အခြေအနေ ပြန်လည် ကောင်းမွန်ခဲ့ပြီး ခွဲစိတ်ဖို့လည်း မလိုတော့ဘူးလို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပက်သက်ပြီး ‘ကျန်းဟွာ’ က −
 
“လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက ကျွန်တော် ဆေးကျောင်းထားပေးခဲ့တဲ့ ကောင်မလေးဟာ ဒီနေ့တော့ ကျွန်တော့်အသက်ကို ကယ်တင်လိုက်ပါပြီ။ ဒီအကြောင်းကို ကျွန်တော် ဝေမျှရတာကတော့ တစ်ပါးသူကို ကြင်နာသနားပြီး ကူညီတယ်ဆိုတာ အရမ်းမွန်မြတ်တဲ့ အလုပ်ဖြစ်လို့ ဆက်ပြီးလုပ်ကြဖို့ တိုက်တွန်းလိုတာပါ” ဟု ရေးသားခဲ့ပါတယ်။
 
တစ်ပါးသူကို ကူညီရခြင်းရဲ့ အကျိုးဆိုတာ ထိုသူဆီက တိုက်ရိုက်ပြန်မရောက်လာရင်တောင် အခြားနည်းလမ်းမျိုးစုံနဲ့ ကိုယ့်ဆီပြန်ရောက်လာတတ်တယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ရင်း မေတ္တာစိတ်နဲ့ နှောင်ကြိုးမဲ့ လက်ကမ်းမျှဝေကူညီလိုက်ကြပါစို့လား..။
 
(ပိုပိုလေး)

 


24 Apr 2019     1,349 Views




RELATED

Most Popular of Special or Others

Most Popular of Life Style