BEC-TERO TV

ပညာကုန်သုံးပြီး အားလုံးကို အံ့အားသင့်စေခဲ့တဲ့ ပွဲဦးထွက် KNOCKOUT

12 May 2019     1,572 Views


The Voice Myanmar ရဲ့ အသစ်စက်စက် Level တစ်ခုဖြစ်တဲ့ KNOCKOUT Round ကို ပရိသတ်တွေ ခံစားတွေ့မြင်ခဲ့ကြရတဲ့ ည တစ်ညလည်းဖြစ်ပါတယ်။ Knockout ဆိုတဲ့ အရသာက Blind Audition နဲ့လည်းမတူ Battle Round လိုလဲ မျှော်လင့်ချက်ထားလို့မရပဲ အလဲအကွဲနဲ့ ရှုံးတဲ့သူတွေက ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားကြရမှာပါ။
 
ဒီအဆင့်ဟာ ဘယ်သူ့ကိုမှ မျက်နှာသာပေးလို့ မရပဲ LIVE Show ယှဉ်ပြိုင်ဖို့ အမှန်အကန်ထိုက်တန်တဲ့သူတွေကိုသာ နည်းပြတွေက ပြတ်ပြတ်သားသား အနိုင်ပေးပြီး ရွေးချယ်သွားကြမှာဖြစ်ပါတယ်။
 
>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<
 
“ကျားပေါက်” “နီနီခင်ဇော်” “ရန်ရန်ချန်း” “အာဇာနည်” တို့ရဲ့ အသင်း(၄)သင်းမှာ အသင်းသား (၈)ယောက်စီ ရှိထားကြပါတယ်။ အဲဒီထဲကမှ အသင်းတစ်သင်းမှာ ပြိုင်ပွဲဝင် ၄ ဦးစီခွဲလိုက်ပြီး အဖွဲ့ (၂)ခု ပြန်ဖွဲ့ထားပါတယ်။
 
 
 
KNOCKOUT Round ရဲ့ ယှဉ်ပြိုင်ပုံကတော့ နည်းပြတစ်ယောက်စီရဲ့  ပြိုင်ပွဲဝင် ၄ ယောက်အဖွဲ့က စင်ပေါ်မှာ ကိုယ်သီဆိုမယ့်သီချင်းကို အလှည့်ကျ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် သီဆိုယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ပြိုင်ပွဲဝင် ၄ ဦး ထဲက ၂ ဦးသာ LIVE Show အဆင့်ကို တက်ခွင့်ရမှာဖြစ်ပြီး ၂ ဦးကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမှာဖြစ်ပါတယ်။
 
TEAM YC
KNOCKOUT Round ရဲ့ ပထမဦးဆုံး သီဆိုယှဉ်ပြိုင်ရမယ့် အဖွဲ့ကတော့ ‘ရန်ရန်ချန်း’ ရဲ့ အဖွဲ့ဖြစ်ပါတယ်။ (ဟိန်းဇော်လင်း၊ Grin Go၊ ဇင်မာမိုးစက်၊ ယမုံဇင်ဦး) တို့ကို တွဲပေးထားပါတယ်။ သူတို့ ၄ ယောက်လုံး သီဆိုယှဉ်ပြိုင်ဖို့ စင်ပေါ်မှာ နေရာယူထားကြပါပြီ။ 
 
 
‘ဟိန်းဇော်လင်း’ က မောင့်မူပိုင်ရှင် ရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတ်ဝင်တေးအဖြစ် ဒွေး(ကိုသာကြီး) သီဆိုထားခဲ့ပြီး တေးရေး စောခူဆဲ ရဲ့လက်ရာ “မူပိုင်ရှင်မကြီး မမခိုင်” သီချင်းနဲ့ ပထမဦးဆုံး ယှဉ်ပြိုင်ခဲ့ပါတယ်။
 
 
အသံအေးအေးလေးနဲ့ တည်တည်ငြိမ်ငြိမ် သီဆိုတတ်တဲ့ ‘Grin Go’ က သူနဲ့အလိုက်ဖက်ဆုံးဖြစ်မယ့် “အလွမ်းရဲ့ည” ကို ဆွေးဆွေးလေး သီဆိုပြသွားခဲ့ပါတယ်။ ဒီသီချင်းကို တေးရေး/ဆို “မောင်မောင်ဇော်လတ်” က ရေးစပ်ထားတာပါ။
 
 
‘ဇင်မာမိုးစက်’ က လူကြိုက်များ နာမည်ကြီးနေဆဲ အဆိုတော်သာဒီးလူ ရဲ့ ရင်တွင်းဖြစ် “ရန်သူတော်ခြောက်ပါး” နဲ့ ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။
 
 
YC ရဲ့အဖွဲ့ထဲမှာ ရှားရှားပါးပါး ကျန်ရစ်ခဲ့တဲ့ ဟစ်ဟော့ပ်အဆိုရှင်လေး ‘ယမုံဇင်ဦး’ က တေးရေး X-Boxin ရဲ့ “အသည်းကွဲမနေနဲ့” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ The Voice Myanmar စတူဒီယိုကြီးတစ်ခုလုံး မြူးကြွလှုပ်ခပ်သွားစေခဲ့ပါတယ်။
 
 
‘ရန်ရန်ချန်း’ ရဲ့ အဖွဲ့ဝင် (၄)ယောက်လုံး သီဆိုယှဉ်ပြိုင်မှုအပြီးမှာတော့ “ဟိန်းဇော်လင်း” နဲ့ “ယမုံဇင်ဦး” တို့က LIVE Show ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲဝင်နှစ်ဦးကရော ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူဖြစ်ပါရဲ့လား..?
 
 
 
TEAM KyarPauk
‘ကျားပေါက်’ ကလည်း သူ့အဖွဲ့အတွက် လက်ရွေးစဉ် ပြိုင်ပွဲဝင် ၄ ဦး ဖြစ်တဲ့ (အေးသဇင်မောင်၊ Kim Kim၊ C Ko၊ နိုဗန်ထူး) တို့ကို ပွဲထုတ်လာပါတယ်။ ဒီ ၄ ဦးစလုံးက ပြိုင်ပွဲတစ်လျှောက် ပရိသတ်အားပေးမှုကိုယ်စီရထားတဲ့ သူတွေဖြစ်ပါတယ်။
 
 
‘အေးသဇင်မောင်’ နဲ့ KNOCKOUT စတင်လိုက်ပါတယ်။ 
တေးရေး စတုန်း ရဲ့ “နေဝင်သွားသောနံနက်ခင်းများ” က ‘အေးသဇင်မောင်ရဲ့ သီဆိုမှု အရစ်အဝဲလေးတွေအောက်မှာ လှလှပပနဲ့ အဆုံးသတ်သွားနိုင်ခဲ့ပါတယ်။
 
 
ချင်းတိုင်းရင်းသူလေး “Kim Kim” မျက်နှာချိုသလောက် အသံလေးက စွာပြီး ကီးအချိန်တွေမှာ မြှင့်ပြီး လိုက်ဆိုသွားတာက ‘နီနီခင်ဇော်’ ကိုတောင် အံ့သြစေနိုင်ခဲ့ပါတယ်။ ‘Kim Kim’ က တေးရေး မင်းချစ်သူရဲ့ “အဘယ်ကြောင့်ဆိုသော်” သီချင်းကို ‘ဖြူဖြူကျော်သိန်း’ နဲ့လည်း မတူတဲ့ စတိုင်နဲ့ ဆိုပြသွားနိုင်ခဲ့ပါတယ်။
 
 
Battle Round မှာ ယောက်ျားလေးများလားလို့ ပရိသတ်တွေ မျက်စိမှားခဲ့ကြရတဲ့ “C Ko” က KNOCKOUT မှာလည်း ရော့ခ်အသံ ပီပီသသကြီးနဲ့ တေးရေး ရွှေဂျော်ဂျော်ရဲ့ “အမှောင်ထဲကသူစိမ်းများအကြောင်း” ကို ပြိုင်ပွဲဝင်နေတယ်ဆိုတာထက် ပရိသတ်တွေကို ဖျော်ဖြေနေတဲ့ ပုံစံအပြည့်နဲ့ သီဆိုပြခဲ့ပါတယ်။
 
 
အခြားပြိုင်ပွဲဝင်တွေ သီဆိုနေချိန် မီးအမှောင်အောက်မှာ လှုပ်တုပ်လှုပ်တုတ်နဲ့ အားယူနေတဲ့ သူက The Voice Myanmar Season 2 ရဲ့ အထူးခြားဆုံး ပြိုင်ပွဲဝင် “နိုဗန်ထူး” ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကရင်ရိုးရာအင်္ကျီဝတ်ဆင်လာတာမို့ ‘ရန်ရန်ချန်း’ ကတောင် ဖိုးခွားဖြစ်သွားပြီလို့ ကျီစယ်လိုက်ပါတယ်။
‘နိုဗန်ထူး’ ကတော့ သူ့ရဲ့ ထုံးစံအတိုင်း Linkin Park ရဲ့ “Faint” ကို အသားကုန်ဟစ်သွားခဲ့ပြီး ပရိသတ်တွေနဲ့ နည်းပြတွေကို ရသအသစ်တစ်ခု ပေးနိုင်ခဲ့ပါတယ်။
 
 
ပြိုင်ပွဲဝင် ၄ ဦးစလုံးဟာ ခက်ခဲတဲ့သီချင်းတွေ၊ ပညာသားပါတဲ့သီချင်းတွေကို ခံစားသက်ဝင်မှုအပြည့်နဲ့ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပေမယ့် နည်းပြ ‘ကျားပေါက်’ ရဲ့ အဆုံးအဖြတ်က အရေးပါနေဆဲ ဖြစ်ပါတယ်။ 
LIVE Show အတွက် ရွေးချယ်ခံလိုက်ရသူတွေက “နိုဗန်ထူး” နဲ့ “C Ko” တို့ဆိုရင် ပရိသတ်တွေ အံ့သြသွားကြမလားပဲနော်..?
 
 
 
TEAM NiNi
ဒီနေ့ညမှာ ယှဉ်ပြိုင်သွားခဲ့တဲ့ ‘နီနီခင်ဇော်’ ရဲ့ အဖွဲ့သား ၄ ဦးက ပရိသတ်တွေရဲ့ အချစ်ကို သိမ်းကြုံးယူသွားခဲ့တယ်လို့ ဆိုရင်လည်း မမှားပါဘူး။ “Aဒေး” ၊ “Twin Stars” ၊ “ခွန်းဝတီပြည့်” ၊ “စိုင်းသိင်္ခအောင်” တို့ ဖြစ်ပါတယ်။
 
 
Battle Round တုန်းက ‘နီနီခင်ဇော်’ က STEAL လုပ်လိုက်ချိန်မှာ နောက်အဆင့်တွေမှာ အစွမ်းကုန် ကြိုးစားသွားပါမယ်လို့ ကတိပေးခဲ့တဲ့ “A ဒေး” ပထမဦးဆုံး သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ မြင့်မိုးအောင် ရေးစပ်ပြီး ထူးအိမ်သင် သီဆိုခဲ့တဲ့ “နောက်ထပ်မရှိ” သီချင်းကို ရော့ခ်အသံတွေ ဖြည့်စွက်ပြီး မူရင်းအဆိုရှင်နဲ့ လုံးဝမတူ ကွဲပြားအောင် သီဆိုသွားနိုင်ခဲ့ပါတယ်။
 
 
အိန္ဒိယက ကချေသည်လေးတွေအလား တူညီဝတ်စုံလေး ဝတ်ဆင်ထားတဲ့ “Twin Stars” ညီအစ်မနှစ်ယောက်ကလည်း သံစဉ်လေးတွေနဲ့ လိုက်ဖက်အောင် အကအလှလေးတွေနဲ့ပါ သီဆိုသွားခဲ့ပါတယ်။ တေးရေး မင်းချစ်သူ ရဲ့ “တီထွင်ဖန်ဆင်းရင်တွင်းမှာ” သီချင်းကို နှစ်ယောက်သား အပေးအယူမျှမျှနဲ့ သီဆိုသွားခဲ့တာကြောင့် ပရိသတ်တွေသာမက အခြားနည်းပြတွေပါ အရမ်းအံ့သြခဲ့ရပါတယ်။
 
 
မော်ဒယ်လ်ကိုယ်လုံးလေးနဲ့ ဆက်ဆီကျကျ သီဆိုယှဉ်ပြိုင်ခဲ့သူက “ခွန်းဝတီပြည့်” ပါ။ လဇွန်တွဲဝါ ရေးစပ်ခဲ့ပြီး အယ်လ်ခွန်းရီ သီဆိုခဲ့တဲ့ “လေယာဉ်ပျံ ၂” သီချင်းလေးနဲ့ စင်ပေါ်မှာ လွင့်မျောနေတာဟာ ပြိုင်ပွဲနဲ့ မတူပဲ စတိတ်ရှိုးတစ်ခုကို ကြည့်နေရသလို ပြီးပြည့်စုံနေပါတယ်။
 
 
“စိုင်းသိင်္ခအောင်” ကတော့ စင်ပေါ်မှာ ရှိသမျှပြိုင်ပွဲဝင်တွေအားလုံးကို မွှေနှောက်ပြီး ယှဉ်ပြိုင်သီဆိုသွားခဲ့ပါတယ်။ သူ့ရဲ့သီချင်းကလည်း တွဲဆိုလို့ကောင်းတဲ့ သီချင်းဖြစ်နေတာကြောင့် တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲပြီး ဖျော်ဖြေယှဉ်ပြိုင်ခဲ့ပါတယ်။ တေးရေး ညိုဝင်းသန်း ရဲ့ “မောင်ခေါ်ရာလိုက်မှာလား” က ဒီနေ့ညမှာတော့ သူ့အတွက်ဖြစ်သွားခဲ့ပါတယ်။
 
 
‘နီနီခင်ဇော်’ က အားလုံးကို အံ့သြသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ နည်းပြတွေအချင်းချင်းတောင် မနာလိုစရာကောင်းလောက်အောင် သူ့ရဲ့ပြိုင်ပွဲဝင်တွေကို အရောင်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ KNOCKOUT Round ယှဉ်ပြိုင်မှုတွေ ပြီးသွားပြန်တော့ စိတ်လှုပ်ရှားရမယ့် အချိန်ကိုရောက်လာပြန်ပါပြီ..။ 
 
‘နီနီခင်ဇော်’ ရဲ့ အဆုံးအဖြတ်က ပရိသတ်တွေနဲ့ ပြိုင်ပွဲဝင်တွေကို ရှော့ခ်ဖြစ်သွားစေလောက်အောင် အံ့သြသွားခဲ့ရပါတယ်။ သူကိုယ်တိုင်လည်း အချိန်တိုလေးအတွင်းမှာ ခပ်မြန်မြန် ဆုံးဖြတ်လိုက်ရတာမို့ အရမ်းကို စိတ်လှုပ်ရှားနေတာ တွေ့ခဲ့ရပါတယ်။ 
LIVE Show အဆင့်အတွက် “A ဒေး” နဲ့ “TwinStars” တို့ကို ရွေးချယ်ခဲ့ပါတယ်။
 
 
 
TEAM R Zarni
သီချင်းဟောင်း သီချင်းကောင်းလေးတွေကို ရွေးထုတ်ပေးတတ်တဲ့ နည်းပြ ‘အာဇာနည်’ က KNOCKOUT ပထမနေ့အတွက် “ဂျူဂျူး” ၊ “ဟာဆေးလာ” ၊ “ပန်ပန်ကြေးမုံ” ၊ “ဒေးဗစ်ထူး” ဆိုတဲ့ သူရဲကောင်းလေးဦးနဲ့ ပွဲထွက်ခဲ့ပါတယ်။
 
 
ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး ‘တာရာ’ ရဲ့ မျိုးဆက်သစ် “ဂျူဂျူး” ကို သူ့ရဲ့ဖခင် သီဆိုအောင်မြင်ခဲ့တဲ့ သီချင်းဖြစ်တဲ့ “အသည်းကွဲညနေခင်း” ကို ရွေးချယ်ပေးလိုက်တာက အဓိပ္ပါယ်ပြည့်ဝပြီး လှပလွန်းပါတယ်။ 
“ဂျူဂျူး” က ဖခင်ရဲ့ သီဆိုဟန်ကနေ ခွဲထွက်ပြီး ပုံစံသစ်နဲ့ ခံစားချက်အပြည့် သီဆိုယှဉ်ပြိုင်သွားခဲ့ပါတယ်။ စကားလုံး ဝင်းမင်းထွေး ရေးဖွဲ့ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။
 
 
အဆိုတော်တွေ အတော်များများ ပြန်လည်သီဆိုထားပေမယ့် နားထောင်ရတာ ဘယ်သောအခါမှ ရိုးသွားသည်မရှိတဲ့ “လောကဟင်းလင်းပြင်” သီချင်းက “ဟာဆေးလာ” ရဲ့ ပညာရှင်ဆန်တဲ့ သီဆိုမှုအောက်မှာ အလိုက်သင့်လေး ပါနေပါတယ်။ တေးရေး သုခမိန်လှိုင် ရဲ့ လက်ရာ ဒီသီချင်းလေးက ၄၀ ကျော်တွေကို လွမ်းမောတွေးဆွေးသွားစေပါတယ်။
 
 
“ပန်ပန်ကြေးမုံ” စွန်းစားလွန်းပါတယ်။ ဆိုရတာ အရမ်းခက်ခဲပြီး လုံးဝအမှားမခံတဲ့ သီချင်းတစ်ပုဒ်ကို ပျော်ပျော်ကြီး ဆိုပြသွားနိုင်ခဲ့ပါတယ်။ တေးရေး ဝင်းမင်းထွေ တစ်ခွေလုံး ရေးစပ်ထားပြီး ထူးအိမ်သင် ရဲ့  တစ်ကိုယ်တော် “အရင်အတိုင်း” စီးရီးထဲက “ဒုက္ခမြစ်များ” ဆိုတဲ့ သီချင်းကို ဗားရှင်းအသစ်တစ်မျိုးနဲ့ ထိထိမိမိ သီဆိုသွားနိုင်ခဲ့ပါတယ်။
 
 
အရှေ့က သုံးယောက်က နူးနူးညံ့ညံ့အချစ်သီချင်းလေးတွေ သီဆိုသွားခဲ့ပြီး “ဒေဗစ်ထူး” ရဲ့ အလှည့်မှာတော့ အော်လ်တာနေးတစ်ဂီတလမ်းကြောင်းကို မြန်မာပရိသတ်ကြားထဲ ထိုးဖောက်ချပြခဲ့တဲ့ ပုရွက်ဆိတ်ကလေးများ အဖွဲ့သားထဲက တေးရေး/ဆို အယ်ဖြူ ရဲ့ “နှံကောင်လေးအတွက်” ဆိုတဲ့ သီချင်းနဲ့ မြူးမြူးကြွကြွလေး သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။
 
 
ဆုံးဖြတ်ရခက်တဲ့ ပြိုင်ပွဲဝင်တွေထဲက ဘယ်သူတွေကို လက်တွဲခေါ်ပြီး နောက်တစ်ဆင့် သွားရမလဲဆိုတာ အာဇာနည် ရဲ့ ကိုယ်စား ဆုံးဖြတ်ပေးရမယ် ဆိုရင်တောင် မစဉ်းစားတတ်တော့ပါဘူး။ ဒါပေမယ့် သေချာပါတယ် နှစ်ယောက်ပဲ ရွေးချယ်ရမှာပါ.. 
 
LIVE Show အတွက် အာဇာနည် ဆက်လက် လက်တွဲခေါ်ခဲ့သူနှစ်ဦးက “ပန်ပန်ကြေးမုံ” နဲ့ “ဒေးဗစ်ထူး” တို့ ဖြစ်ပါတယ်။
 
 
ဒီနေ့ညမှာ အာဇာနည် စီစဉ်ခဲ့တဲ့ သီချင်းကောင်းကောင်းလေးတွေက ပရိသတ်တွေ အိပ်ယာဝင်တဲ့ထိ လိုက်ပါသွားနေဦးမှာ သေချာပါတယ်။ တစ်ပတ်ထက်တစ်ပတ် ပြိုင်ဆိုင်မှုတွေ ပြင်းထန်၊ တင်ဆက်မှုတွေ ပိုအားကောင်းလာတဲ့ The Voice Myanmar ရဲ့ KNOCKOUT ဒုတိယနေ့ကို လာမယ့် တနင်္ဂနွေနေ့ည ၉ နာရီမှာ MRTV 4 ရုပ်သံကနေစောင့်ကြည့်ကြပါဦး။ 
 
The Voice Myanmar ရဲ့ သတင်းတွေကို အစောဆုံးဖော်ပြပေးနေတဲ့ Popolay Facebook Page ကိုလည်း Like & See First လုပ်ထားဖို့ မမေ့ပါနဲ့နော်။
 

12 May 2019     1,572 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment