BEC-TERO TV

သမီးအရင်းကို အဓ္ဓမပြုကျင့်တဲ့ ဖခင်အား အပြစ်မရှိဟု တရားရုံးဆုံးဖြတ်ကာ တရားသေလွတ်

14 Jun 2019     2,751 Views


အသက်မပြေည့်သေးတဲ့ သမီးအရင်းကို အကြိမ်ကြိမ်စော်ကား အဓ္ဓမပြုကျင့်ခဲ့တဲ့ ဖခင်အား အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး အမှုမှ တရားသေ လွှတ်ပေးခဲ့တာကြောင့် ဂျပန်နိုင်ငံတွင် ရာပေါင်းများစွာသော လူများက လမ်းမပေါ်ထွက်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
 
 
ပြီးခဲ့တဲ့ မတ်လတွင်းက နာဂိုယာမြို့ရဲ့ ဗဟိုတရားရုံးတွင် ၁၉ နှစ်အရွယ် သမီးကို အဓ္ဓမပြုကျင့်ခဲ့သူ၊ ယခင်ကလည်း လိင်ပိုင်ဆိုင်ရာ အကြိမ်ကြိမ် စော်ကားခဲ့ဖူးတဲ့ အမျိုးသား(ဖခင်)ကို ရုံးတော်က အပြစ်မရှိကြောင်း ဆုံးဖြတ်ပြီး တရားသေ လွတ်ပေးခဲ့ပါတယ်။
 
တရားရုံးအနေနဲ့ အမျိုးသမီးငယ်ဟာ သူမရဲ့ဆန္ဒမပါပဲ ၂၀၁၇ ခုနှစ်တုန်းက ဖခင်ဖြစ်သူရဲ့ အဓ္ဓမကျူးလွန်ခြင်းကို ခံခဲ့ရကြောင်း အသိအမှတ်ပြုခဲ့သော်လည်း သူမအနေနဲ့ ပြန်လည်တွန်းလှန် ငြင်းဆန်မည် ဆိုပါကလည်း အဓ္ဓမပြုကျင့်မခံရအောင် တွန်းလှန်နိုင်တဲ့ အခြေအနေရှိကြောင်း ကောက်ချက်ချခဲ့ပါတယ်။
 
သမီးဖြစ်သူဟာ သူမ အသက် ၁၃ နှစ် ဒါမှမဟုတ် ၁၄ နှစ်အရွယ် အထက်တန်းကျောင်းသူဘဝမှာထဲက ဖခင်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရတယ်ဆိုတာ တရားရုံးတော်က အသိမှတ်ပြုထားပေမယ့်လည်း ဖခင်ဖြစ်သူကို အမှုမှ တရားသေလွှတ်ပေးခဲ့တာဖြစ်ပါတယ်။
 
 
ဖခင်ဖြစ်သူရဲ့ အကြိမ်ကြိမ် အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်ခံရမှုတွေကြောင့် ဒီလိုမတရားပြုကျင့်တဲ့အပေါ် သမီးအနေနဲ့ တားဆီးကာကွယ်နိုင်ခြင်းမရှိခဲ့ပါဘူးလို့ တရားလိုရှေ့နေက ပြောဆိုပါတယ်။
 
တရားသူကြီးကလည်း သမီးဖြစ်သူဟာ နှစ်ပေါင်းများစွာ ဖခင်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ်ကျူးလွန်ခဲ့တာရယ်၊ အခြားကျူးလွန်မှုတွေ ခံထားရတာကြောင့် ဖခင်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ လုံးဝရှိနေနိုင်တယ်လို့ ကနဦးကပြောဆိုပါတယ်။ 
ဒါပေမယ့်လည်း ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ပြီး နောက်ပိုင်းမှာတော့ သမီးဖြစ်သူဟာ ဖခင်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ လုံးဝရှိနေခဲ့တာ မဟုတ်ကြောင်း ထင်ရှားတယ်လို့ ဆိုပါတယ်။
 
အဲဒါကြောင့် သမီးဖြစ်သူအနေနဲ့ လုံးဝတားဆီးကာကွယ်နိုင်ခြင်း မရှိတာလားဆိုတာ သံသယဖြစ်စရာရှိလာတယ်လို့ မှတ်ချက်ချပြီး ဖခင်ဖြစ်သူကို အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
 
ဒီအမှုဟာ ဂျပန်နိုင်ငံ မြို့ကြီးတွေဖြစ်တဲ့ Sapporo, Sendai, Tokyo, Nagoya, Osaka, Kobe, Yamaguchi, Fukuoka နဲ့ Kagoshima တို့မှာ ဖြစ်ပွားခဲ့တဲ့ အလားတူအမှုတွေထဲက လက်တလောအမှုတစ်ခုဖြစ်ပြီး အခုလို ဆုံးဖြတ်ခဲ့မှုအတွက် လူရာပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
 
 
အလားတူအဖြစ်မျိုး ကြုံတွေ့ခဲ့ရသူတွေက #MeToo #WithYou စတဲ့ စာသားလေးတွေပါတဲ့ ပိုစ့်ကတ်လေးတွေနဲ့ ပန်းလေးတွေကိုင်းရင် ပြီးခဲ့တဲ့ အင်္ဂါနေ့ ညနေပိုင်းမှာ စုရုံးပြီး သူတို့ကြုံခဲ့ရတဲ့ ခါးသီးတဲ့အဖြစ်ပျက်တွေကို ပြန်လည် ပြောပြကြပါတယ်။
 
 
အခုလို လုပ်ရတယ်ဆိုတာ အဓ္ဓမကျူးလွန်းခံရသူတွေအတွက် တရားမျှတမှုမရှိတဲ့ တရားဥပဒေဆုံးဖြတ်ချက်တွေကို မလိုလားတာရယ် ဒီလိုဆုံးဖြတ်ခဲ့တဲ့အတွက် နောက်ထပ် အလားတူအဖြစ်မျိုးတွေ မဖြစ်လာစေရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။
 
ကျွန်မတို့ရဲ့ အသံတွေကိုမြှင့်ပြီး ဒီလိုမျိုး အကြမ်းဖက်မှုတွေကို မလိုလားဘူးလို့ အော်နေကြတာဟာ တရားမျှတမှုမရှိတဲ့ ဥပဒေကို ပြင်ဆင်စေချင်လို့ပါ” လို့ Misa Iwata ဆိုသူ အမျိုးသမီးက ပြောပါတယ်။ သူမဟာ အသက် ၁၆ နှစ်အရွယ်မှာ လူတွေရှုပ်ထွေးများပြားလှတဲ့ တိုကျိုမြို့ဘူတာရုံအနီးမှာ လူတစ်စုရဲ့ ဝိုင်းဝန်း အဓ္ဓမပြုကျင့်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။
 
 
ဥပဒေရေးဆွဲသူတွေက ဂျပန်နိုင်ငံရဲ့ ရာစုနှစ်နဲ့ချီနေတဲ့ အဓ္ဓမပြုကျင့်မှုဆိုင်ရာ ဥပဒေဟောင်းကို ၂၀၁၇ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ခဲ့ပြီး အဲဒီဥပဒေထဲမှာ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေအပြင် အခြားအချက်လက်တွေကိုလည်း ထည့်သွင်းပြင်ဆင်ခဲ့ပါတယ်။
 
မည်သို့ပင် ပြင်ဆင်ရေးဆွဲထားသော်ငြားလည်း တရားလိုရှေ့နေတွေအနေနဲ့ ကျူးလွန်ခြင်းခံရသူဟာ ပြန်လည်ခုခံကာကွယ်နိုင်တဲ့ အခြေအနေရှိ၊ မရှိ ဆိုတာကို ခိုင်လုံတဲ့ သက်သေပြနိုင်ဖို့ လိုနေသေးတယ်ဆိုတဲ့ အချက်က အငြင်းပွားစရာတစ်ခုအနေနဲ့ ကျန်ရှိနေပါသေးတယ်။

14 Jun 2019     2,751 Views




RELATED

Most Popular of International News

Most Popular of NEWS