BEC-TERO TV

တက်သစ်စအဆိုရှင်များအနေဖြင့် မူရင်းဂီတပညာရှင်များနှင့် မူပိုင်ခွင့်ကို လေးစားကြရန် တေးရေး မြင့်မိုးအောင် ပြောကြား

20 Jun 2019     1,383 Views


သီချင်းဆိုပြိုင်ပွဲများစွာ ပေါ်ထွန်းလာသလို ပြိုင်ပွဲများမှတစ်ဆင့် ဂီတလောကသို့ ဝင်ရောက် လာနိုင်သည့် တက်သစ်စ တေးသံရှင်များလည်း အများအပြားရှိရာ အဆိုပါ တက်သစ်စ တေးသံ ရှင်များအနေဖြင့် မူရင်းအဆိုတော်ကြီးများကို လေးစားမှုရှိရန်နှင့် မူပိုင်ခွင့်ကို လေးစားရန်လိုကြောင်း တေးရေး မြင့်မိုးအောင်က တိုက်တွန်း ပြောကြားသည်။ 
 
 
သီချင်းဆိုပြိုင်ပွဲများမှတစ်ဆင့် နာမည်ရလာသော တက်သစ်စ အဆိုတော်များအနေဖြင့် အခြားအဆိုတော်များ၏ သီချင်းများကို ပြင်ပ ဖျော်ဖြေပွဲများတွင် သီဆိုနေခြင်းနှင့်ပတ်သက်၍ တေးရေး မြင့်မိုးအောင်က 
ပြိုင်ပွဲမှာကျတော့ ပွဲက စီစဉ်ပေးထားတာဆိုတော့ မူရင်းသီချင်းကို သူတို့ လွတ်လွတ်လပ်လပ် ဆိုလို့ရတာပေါ့၊ ဒါပေမယ့် အပြင်က စီးပွားဖြစ်ပွဲတွေမှာ အခကြေးငွေနဲ့ သွားပြီးတော့ ဆိုတဲ့အခါကျရင်တော့ သီချင်း အတွက် ခွင့်ပြုချက်တောင်းဖို့ လိုတာပေါ့။ သူတို့
က ခွင့်ပြုချက် တောင်းစရာမလိုဘူး။ ပြိုင်ပွဲလိုပဲ ငါတို့ လွတ်လွတ်လပ်လပ် ဆိုစားလို့ရတယ်လို့
တွေးရင်တော့ မှားသွားမှာပေါ့။ ပြိုင်ပွဲမှာတော့ ပြိုင်ပွဲတာဝန်ရှိသူတွေက စီစဉ်ပေးတယ်။ အပြင် မှာကျတော့ ကိုယ်ကိုယ်တိုင် စီစဉ်ရပြီ။ အဲဒီအခါ ကျတော့ ခွင့်ပြုချက်ကြိုယူဖို့ လိုပါတယ်၊ မူပိုင်ခွင့် ကို လေးစားကြဖို့လည်း လိုပါတယ်”ဟု ပြောကြားသည်။
 
သီချင်းဆိုပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် ဝါသနာရှင် လူငယ်များအတွက် အကြံပြု ချက်အနေဖြင့်လည်း တေးရေး မြင့်မိုးအောင်က 
ပြိုင်ပွဲဝင်အဆိုတော်တွေက ပြိုင်ပွဲပြီးသွားရင်၊ ဂီတလောကကို ရောက်ပြီဆိုရင် အဲဒီအချိန်မှာ သိသင့်သိထိုက်တာတွေကို သိအောင်ကြိုးစားဖို့ လိုသွားပြီပေါ့။ အချို့တွေကတော့ ပြိုင်ပွဲမှာသာ အောင်မြင်ရင် အောင်မြင်လာမယ်၊ တကယ် ဂီတလောကထဲကို တေ့တေ့ဆိုင်ဆိုင် ရောက်တဲ့အခါ ကျတော့ အမှားလေးတွေ လုပ်မိတာမျိုးလည်း ဖြစ်သွားနိုင်တယ်၊ အဲဒီတော့ ပြိုင်ပွဲမှာအောင်မြင် တာက အောင်မှတ်ရလိုက်တဲ့သဘောပါပဲ၊ ပြီးရင် ဂုဏ်ထူးထွက်ဖို့က ကြိုးစားဖို့ အများကြီးလိုသေး တယ်လို့ ပြောချင်ပါတယ်၊ ပြိုင်ပွဲမှာက သီချင်း အဟောင်းတွေနဲ့ပဲ ပြိုင်ရတာလေ၊ အဲဒီတော့ ကိုယ့်ကိုယ်ပိုင်သီချင်းနဲ့ သေသေချာချာ အောင်မြင် ဖို့အတွက် ထပ်ကြိုးစားဖို့ လိုပါတယ်။ ကိုယ်ပိုင် သီချင်းနဲ့မအောင်မြင်ရင် ကိုယ်က အခြားလူတွေရဲ့ သီချင်းတွေ၊ မူရင်းသီချင်းတွေကို လုပ်စားတယ် ဆိုတာမျိုးလည်း အပြောခံရတတ်တယ်၊ နောက် တစ်ခုကတော့ မူရင်းအဆိုတော်တွေထက်တောင် တစ်ခါတစ်လေ အခကြေးငွေပိုရတဲ့ အဆိုတော် တွေလည်း ဖြစ်သွားတာပေါ့။ အဲဒီအခါ အချို့ မူရင်းအဆိုတော်တွေ စိတ်ထဲမှာ ပိုပြီးတော့ ခံစားရတာမျိုးလည်း ရှိတာပေါ့နော်၊ အဲဒါကြောင့် ပိုပြီးတော့ ကျေးဇူးတရားတွေကို သိတတ်ဖို့လည်း လို ပါတယ်”ဟု ဆက်လက် အကြံပြုပြောကြားသည်။
 
သတင်း − ကိုလင်း

20 Jun 2019     1,383 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS