BEC-TERO TV

အကြွေးဆပ်ရန် ငွေလိုလို့ ကိုယ်ဝန်ဆောင်ဇနီးသည်ကို ချောက်ကမ်းပါးပေါ်မှ တွန်းချ

21 Jun 2019     1,330 Views


ထိုင်းနိုင်ငံမြောက်ပိုင်းက ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာနေရာ အမျိုးသားပန်းခြံရှိ တောင်ထိပ်ပေါ်မှ ကိုယ်ဆောင်ထားသည့် ဇနီးသည်အား တွန်းချခဲ့မှုဖြင့် တရုပ်အမျိုးသားတစ်ဦးအား ထိုင်းရဲအဖွဲ့က ဖမ်းဆီးခဲ့သည်။
 
 
‘ဝမ်နန်’ အမည်ရှိတဲ့ အမျိုးသမီးဟာ ကိုယ်ဝန် သုံးလလွယ်ထားရပြီး ဖထန်းအမျိုးသားပန်းခြံထဲရှိ ချောက်ကမ်းပါးပေါ်မှာ အနက် ပေ ၁၁၀ ကို ပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ မိခင်ရော၊ ကလေးပါ အသက်ရှင်ခဲ့ကြောင်း စပါးဆစ်ပရာဆောင် ဆေးရုံမှ အတည်ပြုပေးခဲ့ပါတယ်။
 
ကနဦးမှာတော့ ဒီအဖြစ်ပျက်ဟာ မတော်တဆမှုလို့ ယူဆခဲ့ကြပေမယ့် လူနာသတိပြန်လည်လာတဲ့အချိန်မှာတော့ သူမရဲ့ခင်ပွန်းက ရည်ရွဘ်ချက်ဖြင့် တမင်တွန်းချခဲ့တာဖြစ်ကြောင်း ဇနီးက ရဲကိုတိုင်ကြားခဲ့ပါတယ်။
 
ဖြစ်စဉ်အတွက် ‘ဝမ်နန်’ ရဲ့ ခင်ပွန်းဖြစ်သူ ‘ယုရှိုဒေါင်း’ ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူတို့လင်မယားဟာ တရုပ်နိုင်ငံ ဂျန်ဆူးစီရင်စုမှ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြောင်းရွေ့ကာ ဘန်ကောက်မြို့မှာ နေထိုင်ခဲ့ကြပါတယ်။ ‘ယုရှိုဒေါင်း’ ဟာ သွင်းကုန် ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်ကြောင်း ရဲမှတ်တမ်းများအရ သိရပါတယ်။
 
ဇနီးမောင်နှံ နှစ်ဦးဟာ ဇွန်လ ၉ ရက်နေ့မှာ အမျိုးသားပန်းခြံကို လာရောက်လည်ပတ်ခဲ့ပြီး နေထွက်လာတာကို ကြည့်ရန် ကမ်းပါးထိပ်သို့ တက်ခဲ့ကြပါတယ်။ အဲဒီနောက် ခင်ပွန်းက သူမကို မြင်ကွင်းကောင်းကောင်း ကြည့်ဖို့ဆိုကာ အခြားခရီးသွားဧည့်သည်တွေ ပြတ်တဲ့ ချောက်ကမ်းပါးနေရာကို ခေါ်သွားခဲ့ပါတယ်။ အဲဒီနေရာမှာ နှစ်ပေါင်း ၃၀၀၀ လောက်ရှိပြီဖြစ်တဲ့ ဂူနံရံပန်းချီတွေရှိတယ်လို့ ဖြားယောင်းပြီးခေါ်သွားပါတယ်။
 
ဒါပေမယ့် တစ်ကယ်တော့ ဘာပန်းချီမှ မရှိပါဘူး၊ အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူက မြင်ကွင်းကောင်းကောင်းကြည့်ချင်ရင် အရှေ့နဲနဲတိုး ဟုဆိုကာ ဇနီးကို ချောက်ကမ်းပါး အစွန်းနားရောက်အောင် ပို့ခဲ့ပါတယ်။ အဲဒီနောက် နောက်ကနေ သူမကို သိုင်းဖက်ကာ အနမ်းပေးပြီး နောက်ကျောကနေ သာသာလေး ဖိတွန်းလိုက်တာကြောင့် ချောက်ထဲကို ပြုတ်ကျသွားခဲ့ပါတယ်။
 
အောက်မှာရှိတဲ့ သစ်ပင်တွေ ခြုံပုတ်တွေပေါ် တစ်လွှာပြီးတစ်လွှာ ပြုတ်ကျခဲ့ပြီး နောက်ဆုံးမှာ ကျောက်ဆုံးတစ်တုံးပေါ် တင်သွားခဲ့ပါတယ်။ မိနစ် ၂၀ လောက် သတိလစ်နေခဲ့ပြီးမှ အော်ဟစ်ကာ အကူညီတောင်းခဲ့ရပါတယ်။ အရိုးတွေ ကျိုးကြေခဲ့ပေမယ့် သေလောက်တဲ့ ဒဏ်ရာမရခဲ့တာ ကံကောင်းပါတယ်။
 
 
အဲဒီနောက် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ကယ်တင်ခဲ့ပြီးမှ သူမရဲ့ ခင်ပွန်းနဲ့ ပြန်ဆုံတွေ့ချိန်မှာ သူမဟာ တွန်းချခံခဲ့ရကြောင်း ခင်ပွန်းဖြစ်သူကို စွပ်စွဲခဲ့ပါတယ်။ အဲဒီအချိန်မှာ ခင်ပွန်းက “မင်းဘာတွေလျှောက်ပြောနေတာလဲ၊ ဘယ်တွေလျှောက်သွားနေတာလဲ” လို့ ပြန်မေးခဲ့ပါတယ်။
 
‘ဝမ်နန်’ ဟာ အတန်အသင့် ချမ်းသာတဲ့ မိသားစုကလာပြီး သူတို့လင်မယားရဲ့ ပိုင်ဆိုင်မှုအားလုံးဟာ သူမရဲ့နာမည်အောက်မှာပဲရှိနေပါတယ်။ ခင်ပွန်းဖြစ်တဲ့ ‘ယုရှိုဒေါင်း’ ဟာ အကြွေးပင်လယ်ဝေနေပြီး သူ့အကြွေးတွေရဲ့ တစ်ဝက်ကိုပဲ ဆပ်ပေးမယ်လို့ ဇနီးက ပြောတဲ့အတွက် မကျေမချမ်းဖြစ်နေသူလည်းဖြစ်ပါတယ်။
 
ဒါကြောင့်မို့ မတော်တဆမှု ပုံစံမျိုးနဲ့ ဇနီးကို သတ်ဖို့ကြိုးစားပြီး ပိုင်ဆိုင်မှုတွေ လွှဲပြောင်းရယူရန် ကြံစည်တယ်လို့ သံသယရှိထားပါတယ်။ ‘ယုရှိုဒေါင်း’ အမှုရင်ဆိုင်ဖို့ တရားရု့းရက်ချိန်းကိုတော့ မသတ်မှတ်ရသေးကြောင်း သိရသည်။

 


21 Jun 2019     1,330 Views




RELATED

Most Popular of Special or Others

Most Popular of NEWS