BEC-TERO TV

၅ နှစ် သမီးလေး မိခင်မျက်စိရှေ့မှာတင် ဓါတ်လိုက်ကာ လဲကျ (ရုပ်သံ)

24 Jun 2019     1,324 Views


အရမ်းကြေကွဲစရာကောင်းတဲ့ မြင်ကွင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာရှိတဲ့ စျေးဝယ်စင်တာတစ်ခုမှာ အလှဆင်ထားတဲ့ စတီးတိုင်တွေကို ကိုင်မီပြီး အသက် ၅ နှစ်အရွယ် မိန်းကလေး မိခင်ရဲ့ မျက်စိရှေ့မှာတင် ဓါတ်လိုက်ပြီး ကြမ်းပြင်ပေါ် တုံးကနဲ လဲကျသွားခဲ့ပါတယ်။ 
 
ဇွန်လ ၁ ရက်နေ့က ဘေကျင်းရှိ Parkview Green Shopping Mall မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရုပ်သံမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးက အလှဆင်ထားတဲ့ စတီးတိုင်လေးကို ကိုင်ရင်း ကစားနေပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့မိခင်ဖြစ်သူက သူ့ရဲ့ ညီမလေးကို ဗီဒီယိုရိုက်ပေးနေပါတယ်။
 
ကလေးမလေးဟာ စတီးတိုင်တစ်တိုင်ကနေ နောက်တစ်တိုင်ကို ကိုင်မိတဲ့အချိန်မှာတော့ တစ်ကိုယ်လုံး နတ်ပူးသလို ဆတ်ဆတ်တုန်နေပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ ညီမလေးက သူ့ကိုကြောင်ပြီးကြည့်နေပါတယ်။ စတီးတိုင်ကို ကိုင်ထားလျက်ကနေ ကြမ်းပြင်ပေါ်ကို ဖုတ်ကနဲ လဲကျသွားတဲ့ အချိန်မှာတော့ ကလေးက စပြီး အော်ငိုတော့တာပါပဲ။ ဒီအချိန်ကျမှ မိခင်ဖြစ်သူလည်း လန့်သွားကာ သမီးလေးဆီကိုလာပြီး ပွေ့ချီလိုက်ပါတယ်။ ဘေးနားက လူတွေလည်း ဝိုင်းလာပါတယ်။
 
 
“အစတုန်းကတော့ ကျွန်မက သူတို့ကစားနေတယ်ပဲထင်တာ နောက်ကျတော့မှ သမီးလေး ဓာတ်လိုက်ခံလိုက်ရတယ်ဆိုတာ သတိထားမိသွားတယ်” လို့ ‘ရှီ’ ဟုသာ ဖော်ပြထားတဲ့ ကလေးရဲ့ မိခင်က ဆိုပါတယ်။
 
သူ့သမီးလေးဟာ နှုတ်ခမ်းတွေ ခရမ်းရောင်သမ်းလာပြီး လက်သည်းတွေလည်း မဲလာသလို ကလေးရဲ့ ဆံပင်တွေကလည်း ညှော်နံ့ရလာတယ်လို့ ဆိုပါတယ်။
ချက်ခြင်းဆိုသလို ဆေးရုံခေါ်သွားခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ စစ်ဆေးစမ်းသပ်ချက်အပြီးမှာတော့ ကလေးမှာ အတွင်းဒဏ်ရာမရခဲ့ပါဘူး။ 
 
ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ ဓါတ်လိုက်ခံထားရတဲ့ ဒဏ်ရာအသေးအဖွဲလေးတွေတော့ ရခဲ့ပါတယ်။ ကံကောင်းထောက်မပြီး ကလေးက အသက်ရှင်ခဲ့ပါတယ်။ ဆရာဝန်တွေက ကလေးကို အိမ်ပြန်ခေါ်သွားခွင့်ပြုခဲ့ပေမယ့် တစ်ခုခု ထူးခြားတာနဲ့ ချက်ခြင်း ဆေးရုံလာပြန်လာပြဖို့ မိခင်ကို မှာကြားလိုက်ပါတယ်။
 
ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး နှစ်ပတ်ကျော်ကြာတဲ့ထိ စျေးဝယ်စင်တာနဲ့ ပက်သက်ပြီး ကလေးရဲ့ မိခင်ဖြစ်တဲ့ ‘ရှီ’ မှာ မေးခွန်းတွေ များစွာကျန်နေပါသေးတယ်။
Parkview Green Shopping Mall က ဇွန်လ ၁၇ ရက်နေ့မှာ ဖြစ်စဉ်နဲ့ ပက်သက်ပြီး ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။  အခုလို ဖြစ်ရတာဟာ အလှဆင်လုပ်ငန်းအတွက် တာဝန်ပေးထားတဲ့ ကန်ထရိုက်တာရဲ့ ပေါ့လျော့မှုကြောင့်ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ သူတို့အနေနဲ့ ဒီကိစ္စအပေါ် တာဝန်ယူဖို့ ကန်ထရိုက်တာနဲ့ ဆွေးနွေးနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။
 
Mall မှာ ဆင်ထားတဲ့ အလှမီးတိုင်တွေ အန္တရာယ် ကင်း၊ မကင်းဆိုတာကို မေလတုန်းက စစ်ဆေးခံခဲ့ပြီး အောင်မြင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ဓါတ်လိုက်မှုဖြစ်ခဲ့ပြီး ပြန်လည်စစ်ဆေးကြည့်ခဲ့ရာ မြေစိုက်ဝါယာ(အတ်ကြိုး) မထည့်ထားမိတာကို တွေ့ခဲ့ရပါတယ်။
 
 
မိခင်ဖြစ်သူ “ရှီ” က တရားဥပဒေအရ ဖြေရှင်းသွားဖို့ ပြင်ဆင်ထားပြီး နစ်နာကြေး တရုတ်ယွမ်ငွေ ၃၀,၀၀၀ (ကျပ် ၆၆ သိန်းကျော်) နဲ့အတူ လျှပ်စစ်ဆိုင်ရာ စစ်ဆေးခံထားကြောင်း အစီရင်ခံစာတို့ကို သက်သေအဖြစ် ပြသရန် တောင်းဆိုထားပါတယ်။
 
အခုလို ဘေးကင်းပါတယ်လို့ အတည်ပြုပေးထားတဲ့ အစီရင်ခံစာ တောင်းဆိုရတာ သူ့သမီးလေးရဲ့ ဖြစ်စဉ်တစ်ခုအတွက်ကြောင့်ပဲ မဟုတ်ပဲ နေရာတိုင်းမှာ ဘေးကင်းလုံခြုံမှု တစ်ကယ်ရှိရဲ့လား ဆိုတဲ့ အကြောင်း အားလုံးကို သိစေချင်လို့ တောင်းဆိုရတာဖြစ်တယ်လို့ ဆိုပါတယ်။

 


24 Jun 2019     1,324 Views




RELATED

Most Popular of Special or Others

Most Popular of NEWS