BEC-TERO TV

လက်ကို ဖြတ်ပေးကြပါလို့ တောင်းဆိုနေတဲ့ “သစ်ပင်လူသား”

25 Jun 2019     1,501 Views


ရှားပါးမျိုးဗီဇရောဂါတစ်ခုကြောင့် ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ အစိုင်အခဲတွေဟာ သစ်ပင်သစ်မြစ်တွေလို တိုးထွက်လာတာကြောင့် “သစ်ပင်လူသား” လို့ တစ်ကမ္ဘာလုံးက သိထားကြတဲ့ ဘင်္ဂလားဒေ့ရှိနိုင်ငံက အမျိုးသား “အဘူးလ်ဘာဂျန်ဒါ” ဆိုသူဟာ မခံမရပ်နိုင်အောင် နာကျင်လွန်းတဲ့အတွက် သူ့ရဲ့လက်တွေကို ဖြတ်ပေးဖို့ ဆရာဝန်တွေကို ဇွန်လ ၂၄ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
 
“အဘူးလ်ဘာဂျန်ဒါ” ဟာ ၂၀၁၆ ခုနှစ်ထဲကစပြီ ခွဲစိတ်ကုသမှုပေါင်း ၂၅ ကြိမ်တိတိ ခံယူခဲ့ပြီးပါပြီ။ ဆရာဝန်တွေက ရောဂါကို အမြစ်ပြတ် ကုသနိုင်ပြီလို့ ယုံကြည်ပြီးနောက်၊ ပြီးခဲ့တဲ့နှစ် မေလက သူ့ကို ဆေးရုံက ဆင်းခွင့်ပြုခဲ့ပါတယ်။
 
ဒါပေမယ့် ယခုနှစ် ဇန်နဝါရီလမှာ ရောဂါအခြေအနေ ပြန်လည်ဆိုးရွားလာတာကြောင့် ဆေးရုံတစ်ခါပြန်တက်ခဲ့ရပါတယ်။ အခုတစ်ခါမှာတော့ ယခင်ကထက်ပိုရှည်တဲ့ သစ်မြစ်လိုအရာတွေ ထပ်ထွက်လာပါတယ်။
 
ကျွန်တော် နာကျင်တဲ့ဒဏ်ကို မခံစားနိုင်တော့ဘူး၊ ညဘက်တွေဆိုရင်လည်း နာလွန်းလို့ အိပ်လို့မရဘူး၊ ဆရာဝန်တွေကို ကျွန်တော့်လက်ကို ဖြတ်ပေးပါလို့ တောင်းဆိုထားပါတယ်၊ အနည်းဆုံးတော့ နာကျင်နေတဲ့ ဝေဒနာပျောက်သွားမယ်ထင်ပါတယ်” ဟု “အဘူးလ်ဘာဂျန်ဒါ” က ပြောပါတယ်။
 
သူ့ရဲ့မိခင်ဖြစ်တဲ့ ‘အမီနာဘီဘီ’ ကလည်း အနည်းဆုံးတော့ သူနာကျင်တဲ့ ဝေဒနာသက်သာသွားတာပေါ့ဟု သားဖြစ်သူရဲ့ ခံစားချက်ကို သိပြီး ထောက်ခံပြောဆိုခဲ့ပါတယ်။ ‘ဘဂျန်ဒါ’ ရဲ့ ဝေဒနာဟာ အလွန်ရှားပါးပြီး ဖြစ်တောင့်ဖြစ်ခဲ မျိုးဗီဇဖေါက်ပြန်တဲ့ ရောဂါဖြစ်ပြီး ‘သစ်ပင်လူသားရောဂါ” လို့ လူသိများပါတယ်။
 
 
“အဘူးလ်ဘာဂျန်ဒါ” အနေနဲ့ ဒီရောဂါကို ပြည်ပမှာ သွားရောက်ကုသဖို့ ဆန္ဒရှိနေပေမယ့် ကုန်ကျစရိတ်မတတ်နိုင်ပါဘူး။ သူနဲ့ပက်သက်တဲ့ သတင်းအကြောင်းအရာတွေ နိုင်ငံတစ်ကာမီဒီယာတွေရဲ့ သတင်းခေါင်းကြီးပိုင်းမှာ နေရာယူခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ‘ရှိတ်ခ်ဟာစီနာ’ က သူ့ရောဂါအတွက် ကုသစရိတ်အားလုံးကို နိုင်ငံတော်က အကုန်ကျခံပြီး ကုသပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
 
အဲဒါကြောင့် “အဘူးလ်ဘာဂျန်ဒါ” ဟာ ပထမအကြိမ် ကုသခံဖို့  ဆေးရုံဝန်းထဲက သီးသန့်အဆောင်မှာ နှစ်နှစ်နီးပါး နေထိုင်ပြီး ကုသခဲ့ရပါတယ်။
 
“ဆရာဝန်ကြီး ၇ ဦးပါတဲ့ ဆေးရုံဘုတ်အဖွဲ့က “အဘူးလ်ဘာဂျန်ဒါ” ရဲ့ အခြေအနေနဲ့ပက်သက်ပြီး ဆွေးနွေးနေကြပါတယ်” ဟု ဒါကာဆေးကောလိပ်မှ အစားထိုးခွဲစိတ်ကုသပါရဂူကြီး ‘ဆမန်သာလယ်ဆန်’ က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
 
“သူ့အနေနဲ့ သူ့ရဲ့ဆန္ဒကို တောင်းဆိုတာမှန်ပေမယ့် ကျွန်တော်တို့ ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာ အဖြေရှာနေပါတယ်” လို့ ဆရာဝန်ကြီးက ဆိုပါတယ်။
 
“အဘူးလ်ဘာဂျန်ဒါ” ရဲ့ရောဂါဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ဒါဇင်ဝက်လောက်တောင် ဖြစ်လေ့မရှိတဲ့ ရောဂါဖြစ်တာကြောင့် အလွန်ရှားပါးတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

 


25 Jun 2019     1,501 Views




RELATED

Most Popular of Special or Others

Most Popular of NEWS