BEC-TERO TV

လူသတ်အလောင်းဖျောက်ဖျက်ခဲ့မှု ၁၆ နှစ်အကြာမှာ ပေါ်ပေါက်

25 Jun 2019     1,300 Views


တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ အစိုးရကျောင်း တစ်ကျောင်း၏ အားကစားလေ့ကျင့်ရာ ကွင်းအတွင်း လူသေအလောင်းတစ်လောင်း တူးဖော်ရရှိခဲ့ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရဲအဖွဲ့က ထုတ်ပြန်ခဲ့သည်။ တူးဖော်တွေ့ရှိခဲ့သည့် အလောင်းမှာ လွန်ခဲ့သော ၁၆ နှစ်က ပျောက်ဆုံးနေခဲ့သည့် ကျောင်းမှ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
 
 
စင်ဟွမ်း အမှတ်(၁) အလယ်တန်းကျောင်း၏ အားကစားကွင်းရှိ ပြေးလမ်းမြေပြင်အောက်တွင်  နှစ်ပေါင်းများစွာထဲက မြုတ်ထားခံခဲ့ရသော အလောင်းအား ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရဲအဖွဲ့က ပြန်လည်တူးဖော်ခဲ့ခြင်းဖြစ်သည်။ အလောင်းမှာ အရိုးစုနဲ့ အဝတ်အစားများသာ ကျန်တော့သည်။ အလောင်းမှာ ကျောင်းဝန်ထမ်း “ဒန်ရှီပင်း” ဆိုသူ၏ အလောင်းဖြစ်သည်။
 
 
“ဒူရှိုပင်း” 
 
ရာဇဝတ်မှုဂိုဏ်းမှ အဖွဲ့ဝင် “ဒူရှိုပင်း” ဆိုသူအား ရဲများက အမူတစ်ခုနဲ့ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးခဲ့ရာမှ အဖြစ်မှန်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၂၀၀ ၃ ခုနှစ် ဇန်နဝါရီလတုန်းက “ဒန်ရှီပင်း” ကို သတ်ခဲ့ပြီးနောက် ကျောင်းကစားကွင်းအတွင်း မြုတ်ထားခဲ့ကြောင်း “ဒူ” က ဖြောင့်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရဲများက ကျောင်းကို သွားရောက်ရှာဖွေ တူးဖော်ခဲ့ရာ အလောင်းပြန်တွေ့ခဲ့ခြင်းဖြစ်သည်။
 
အဆိုပါဖြစ်ရပ်အတွက် မြို့တော်၏ ပါတီအကြီးအကဲဖြစ်သူ ‘ပန်ဂုဖူး’ မှ အမှုအဟောင်းနဲ့ ပက်သက်ပြီး တရားစီရင်ရေးမှာ တာဝန်ရှိခဲ့သူတွေအားလုံးကို (မည်သူပင်ဖြစ်ဖြစ်) အဆုံးထိ လိုက်ရန် ရဲအဖွဲ့အား ညွှန်ကြားလိုက်သည်။
 
သေဆုံးခဲ့သူ “ဒန်ရှီပင်း” မှာ ထိုစဉ်က အသက် ၅၀ ဝန်ကျင်ရှိပြီး ကျောင်း၏ အားကစားအဆောက်အုံ ဆောက်လုပ်ရာမှာ အရည်အသွေး ထိန်းသိမ်းရေး ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီအချိန်က အဆောက်အုံတည်ဆောက်ရေးမှာ အရည်အသွေးလျှော့ပြီး အလွဲသုံးစား လုပ်ကြဖို့ သူ့ကို စည်းရုံးခဲ့ရာမှာ လက်မခံခဲ့တဲ့အတွက် ရန်ငြိုးရန်စ ထားခံခဲ့ရကြောင်း သူ၏ သားဖြစ်သူ ‘ဒန်လန်ဘင်း’ က ဝီဘိုမှာ ရေးသားဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ဖခင် ပျောက်ဆုံးသွားချိန်မှာ ‘ဒန်လန်ဘင်း’ က အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။
 
ရဲတွေက သူ့နဲ့တစ်ကွ ဆွေးမျိုးတွေဆီက သွေးနမူနာယူပြီး အရိုးစုနဲ့ DNA တိုက်စစ်ခဲ့ရာမှာ “ဒန်ရှီပင်း” ဟုတ်မှန်ကြောင်း အဖြေ တနင်္ဂနွေနေ့က ထွက်ခဲ့ပါတယ်။
 
 
ထိုစဉ်က လူသတ်တရားခံ “ဒူရှိုပင်း” ဟာ အားကစားရုံ ဆောက်လုပ်ရေး တာဝန်ခံဖြစ်ခဲ့ပြီး ထိုအချိန်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်းအုပ်ကြီးရဲ့ တူတော်စပ်သူလည်းဖြစ်ပါတယ်။ ရဲတွေက အလောင်းကို တူးဖော်တွေ့ခဲ့ပြီးနောက် ကျောင်းအုပ်ကြီးဟောင်း အပါအဝင် လူ ၁၀ ဦးကို စောင့်ကြည့်စစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။
 
ရဲစစ်ချက်အရ လူနှစ်ဦးက အလောင်းကို အားကစားကွင်းရဲ့ အောက်မှာ မြုတ်ခဲ့တဲ့ကိစ္စမှာ ပါဝင်ကူညီခဲ့တယ်လို့ ဝန်ခံထားပါတယ်။ 
သတ်ခံခဲ့ရသူ “ဒန်ရှီပင်း” ရဲ့ သားဖြစ်သူက လွန်ခဲ့တဲ့ ၁၆ နှစ်က ပျောက်ဆုံးခဲ့တဲ့ ဖခင်အတွက် အမှန်တရားပေါ်ပေါက်စေချင်တယ်လို့ ဖော်ပြထားပါတယ်။
 

25 Jun 2019     1,300 Views




RELATED

Most Popular of International News

Most Popular of NEWS