BEC-TERO TV

အထိမခံရွှေပန်းကန်ကြီး လုပ်နေစရာမလိုဘူးလို့ပြောလိုက်တဲ့ ဂီတပညာရှင် ဦးစောနု

25 Jun 2019     1,548 Views


The Voice Myanmar season 2 ပြိုင်ပွဲကြီးက ပြီးဆုံးသွားခဲ့ပြီဖြစ်ပေမယ့် မပြီးဆုံးနိုင်သေးတဲ့ ဂယက်တွေကတော့ ယခုတိုင်ကျန်ရှိနေဆဲပါ။ အဲ့တာကတော့ The Voice Myanmar ရဲ့ Fianl Show ညမှာ Team NiNi ရဲ့အဖွဲ့ဝင် Hazel ရဲ့သီဆိုယှဉ်ပြိုင်ခဲ့မှုပဲဖြစ်ပါတယ်။ Hazel က ဂီတလုလင်မောင်ကိုကိုရေးစပ်သီကုံးထားပြီး မြန်မာသံစဉ်အဆိုတော်ကြီး အန်တီတင်တင်မြ သီဆိုထားတဲ့ ဂန္တ၀င်မြောက် ရုပ်ရှင်ဇတ်ဝင်တေးသီချင်းဖြစ်တဲ့ “တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီချင်းကို ဆန်းသစ်တီထွင်ပြီး သီဆိုသွားခဲ့တာဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

မြန်မာသံစဉ်အေးအေးလေးနဲ့ ခေတ်သစ် Opera music တို့ကိုပေါင်းစပ်ပြီး ကြက်သီးမွှေးညှင်းများထအောင်ထိ အားရပါးရနဲ့အကောင်းဆုံးသီဆိုယှဉ်ပြိုင်သွားတာဖြစ်ပြီး Hazel ရဲ့သီဆိုမှုကို ကြိုက်နှစ်သက်အားပေးသူတွေရှိသလို မြန်မာသံစဉ်ဂန္တ၀င်တေးသီချင်းကို ဖျက်စီးပစ်တယ်ဆိုပြီး အပြင်းအထန် ဝေဖန်ထောက်ပြပြောဆိုသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒါ့အပြင် “တစ်ကျော့နှစ်ကျော့ တေးကိုသီ” သီချင်းရဲ့ မူရင်းအဆိုရှင်တွေထဲကတစ်ဦးဖြစ်သူ အန်တီမာမာအေးကလဲ Hazel အပေါ် ဝေဖန်မှုပြုခဲ့ပါတယ်။

မြန်မာသံစဉ်တေးသီချင်းတွေကိုမှ အနှစ်သာရအပြည့်နဲ့သီဆိုလေ့ရှိပြီး မှော်ဝင်အသံပိုင်ရှင်လို့တောင် တင်စားခြင်းခံခဲ့ရတဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးအဆိုပညာရှင်ဖြစ်တဲ့ အန်တီမာမာအေးက Hazel ရဲ့ဖန်တီးသီဆိုမှုကို “မောင်လေးရေ ထပါတော့၊ရောင်နီလာလှပေါ့ ဆိုတဲ့စာသားကို ထပ်ကာထပ်ကာ အသံသေးအသံကြောင် မရောက်ရုံတမယ် အာဗြဲစိန် လုပ်ခိုင်းခဲ့တာ”ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

အန်တီမာမာအေးရဲ့ Hazel အပေါ်ဝေဖန်ခဲ့မှုနဲ့ပတ်သက်ပြီး ဂီတပညာရှင်တစ်ဦးဖြစ်တဲ့ Vocal ဦးစောနက ယခုလိုပဲတုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။ ဦးစောနုက မီဒီယာတစ်ခုရဲ့အင်တာဗျူးမှာ “လက်ဝါးကြီးအုပ်စရာလိုမှ မလိုတာ။ ပင်လယ်ရေက တစ်ယောက်တည်းသောက်လို့မကုန်ဘူး။ သူတို့ခေတ် သူတို့အခါတုန်းကလည်း နာမည်အင်မတန်ကြီးခဲ့တာပဲ။ ဒါတွေကိုသူတစ်ယောက်တည်းထိန်းသိမ်းလို့ရတာမှ မဟုတ်တာ။ ၀ိုင်းဝန်းပြီးထိန်းသိမ်းရမယ်။ အမြင်ချင်းမတူဘူးဆိုတာက သူလဲသူ့ခေတ်သူ့အခါနဲ့ ခေတ်ရေစီးကြောင်းဆိုတာ တဖြည်းဖြည်းသွားနေတာ။ တဖြည်းဖြည်းဆန်းသစ်ရှာဖွေပြီး တီထွင်နေကြတာ ဒီလိုမျိုးပဲသွားရမှာလေ။ ဒါမှလည်း ဒီဂီတလောကကြီးကတိုးတက်မှာပေါ့။ ဘယ်ဟာကိုပဲဖြစ်ဖြစ် တီထွင်ရမယ်၊ Creation လုပ်နေရမယ်။ အဲ့တာကို လူငယ်တွေကို ပိတ်ပင်စရာမလိုဘူးလို့မြင်တယ်။ သူ့အရှိန်အ၀ါနဲ့ သူ့အချိန်အခါ ရှိခဲ့တာကရှိခဲ့တာပဲ။ ဒါပေမယ့် ဒီဘက်ခေတ်မှာ ပြောင်းလဲလာပြီဆိုတော့ တီထွင်သင့်ပြီလေ။ သူတို့ခေတ်မှာ သူတို့အသံ၊ ဒီဘက်ခေတ်မှာ ဒီဘက်အသံလေ” ဆိုကာ သူ့ရဲ့အမြင်ကို ပြောသွားခဲ့ပါတယ်

ဒါ့အပြင် ဂီတလုလင်ဦးကိုကိုသာ သက်ရှိထင်ရှားရှိသေးရင် Hazel ရဲ့သီဆိုမှုကို ကြိုက်မှာဖြစ်တဲ့အကြောင်းကို “ဦးကိုကိုဆိုရင် ကြိုက်ကိုကြိုက်မှာ၊ သူလည်း အင်မတန်ကိုမှတီထွင်တဲ့ပုဂ္ဂိုလ်။ သူဆိုရင် ကြိုက်ကိုကြိုက်မှာ တထစ်ချကိုသိတယ်။ အခုကတော့ဘယ်လိုဖြစ်လို့ ဒီဟာကိုအထိမခံနိုင်၊ မထိန်းသိမ်းထားနိုင်လို့ဘဲဖြစ်မှာပေါ့။ ထိန်းသိမ်းထားလေ ကိုယ့်ဘာသာကိုယ်။ သူများဘယ်လိုပဲတီထွင်တီထွင် ကိုယ့်မှာမူရင်းက ရှိပြီးသား ပူစရာမှမလိုတာ”ဆိုပြီး ပြောသွားသလို အန်တီမာမာအေးရဲ့ Hazel အပေါ်ကောက်နုတ်ချက်တွေကို “ဒေါ်မာမာအေးကရေးထားတယ် အသံကျိုး၊ အသံကြောင်၊ အသံအက်၊ အသံကွဲ၊ အသံပြဲ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးရေးထားလို့ သေချာနားထောင်ကြည့်တယ်။ မဟုတ်ဘူး ဒါကအော်ပရာဆန်တာ။ နိုင်ငံခြား အမေရိကားမှာနေတာပဲ၊ သူလည်းအဆိုတော်တစ်ယောက်ပဲ။ သိရမှာပေါ့ အဲ့မှာလည်းနေနေတာပဲ။ ဒီလောက်ထိလောဘတစ်ကြီး အထိမခံရွှေပန်းကန်ကြီးလုပ်နေဖို့ မလိုပါဘူး” ဆိုကာ ဦးစောနုက သူ့ရဲ့အမြင်တွေကို ထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

 

Source_Cele Gabar

(ပိုပိုလေး)


25 Jun 2019     1,548 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment