BEC-TERO TV

ခြောက်ခြားစရာ လျှာဖြတ်ပြကွက်နဲ့ Golden Buzzer ရရှိသွားသူ (ရုပ်သံ)

01 Jul 2019     1,855 Views


မနေ့ညက MRTV 4 ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေကိုသာမက တီဗီကြည့်နေတဲ့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေကိုပါ ခြောက်ခြားတုန်လှုပ်စရာ အကောင်းဆုံး ပြကွက်တွေကို ပြသရင်း Golden Buzzer ရရှိခဲ့သူက “တောက်တောက်ကျော်” ဖြစ်ပါတယ်။
 
ဝက်သားခုတ်ဓါးမ၊ ငါးခုတ်ဓါမ၊ ပုဆိန် နဲ့ ဓါးတိုတွေကို လေမှာပစ်ဝဲ မြှောက်ကစားရင်း ပရိသတ်တွေနဲ့ ဒိုင်လူကြီးမင်းတွေကို ရင်တထိတ်ထိတ် ဖြစ်စေခဲ့ပါတယ်။ 
သူ့ရဲ့ နောက်ဆုံးပြကွက်ကတော့ အကြမ်းဆုံးဖြစ်ပြီး မပြသခင်မှာ ဓါးတွေဘယ်လောက် ထက်သလဲဆိုတာကို အသင့်ယူလာတဲ့ အသားတုံးတွေကို လှီးပြခဲ့ပါတယ်။ အဲဒီနောက် အင်္ကျီတွေချွတ်လိုပ်ကြီး ထက်မြိနေတဲ့ ဓါးမကြီး နှစ်ချောင်းကို ယူကာ သူ့ရဲ့ ခန္ဓာကိုယ်ကို အားနဲ့ဖိပြီး လှီးပါတော့တယ်။
 
 
ပရိသတ်တွေ အားလုံးက ထိတ်လန့်နေကြပြီး ဒိုင်ဖြစ်တဲ့ ခိုင်သင်းကြည် က ကြောက်လန့်စွာ အော်ဟစ်ပြီး မျက်နှာကို အုပ်ထားလိုက်ပါပြီ။ “တောက်တောက်ကျော်” က ဒီလောက်နဲ့တော့ ပြကွက်ကို အဆုံးမသတ်သေးပါဘူး၊ သူ့ရဲ့လျှာကို ဓါးမကြီး နှစ်ချောင်းကြားမှာ ညှပ်ပြီး လှီးပြပါတော့တယ်။ ဒီတစ်ကြိမ်တော့ ဒိုင်လူကြီး မောင်သီ ကိုယ်တိုင် သွေးပျက်သွားခဲ့ပါတယ် လုံးဝမကြည့်ရဲပဲ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားလိုက်ပါတယ်။
 
 
ပြကွက်အဆုံးမှာတော့ ဒိုင်တွေကြောက်လန့်ပြီး “တောက်တောက်ကျော်” ကို ‘No’ လို့ ပြောမှာ စိုးတဲ့အတွက် မောင်မောင်အေး က Golden Buzzer ကို ဦးအောင် နှိပ်ကာ ဆီမီးဖိုင်နယ်အဆင့်ကို ခေါ်သွားခဲ့ပါတယ်။
 
 
“တောက်တောက်ကျော်” ဟာ Myanmar’s Got Talent season 2 မှာ ဝင်ပြိုင်ခဲ့ဖူးတဲ့ ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်ပြီး အဲဒီအချိန်က မီးတွေနဲ့ ကစားပြခဲ့တာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ ပိုပြီးအန္တရာယ်များတဲ့ ပြကွက်တွေကို ပိုင်ပိုင်နိုင်နိုင် လေ့ကျင့်ပြီး ထပ်မံလာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
 
 
နောက်တစ်ဆင့်မှာလည်း ပရိသတ်တွေကို အန္တရာယ်ကြီးမားတဲ့ ပြကွက်တွေနဲ့ မီးကုန်ယမ်းကုန် အစွမ်းပြသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ Myanmar’s Got Talent 2019 အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ည ၉ နာရီ MRTV 4 ရုပ်သံလိုင်းကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

01 Jul 2019     1,855 Views




RELATED

Most Popular of Myanmar’s Got Talent

Most Popular of Entertainment