BEC-TERO TV

သေကံမရောက် စက်လှေကားထဲညပ်ပါသွားတဲ့ ၂ နှစ်သားကလေးလေး (ရုပ်သံ)

10 Jul 2019     1,349 Views


အသက် ၂ နှစ်အရွယ် ကလေးလေးတစ်ဦး စျေးဝယ်စင်တာတစ်ခုက စက်လှေကား အထစ်များကြားမှာ လက်မောင်းအရင်းကနေ ညပ်နေတဲ့ စီစီတီဗီရုပ်သံဟာ တစ်ကယ့်ကို တုန်လှုပ်ခြောက်ခြားစရာကောင်းပါတယ်။
 
 
သနားစရာကောင်းတဲ့ ကလေးလေးက နာကျင်မှုကြောင့် အော်ဟစ်ငိုယိုနေတဲ့အသံဟာ စျေးဝယ်စင်တာကြီးတစ်ခုလုံးက လူတွေ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က တရုတ်နိုင်ငံ ယန်ဂျင်းပြည်နယ်က စီတီးစတား စျေးဝယ်စင်တာကြီးမှာ ဖြစ်ပွားခဲ့ပါတယ်။
 
 
မိခင်ဖြစ်သူဟာ စက်လှေကားထစ်တွေကြားမှာ လက်တစ်ချောင်းလုံးညပ်နေတဲ့ သားလေးကို ကြည့်ရင်း အော်ဟစ်ကာ ဆောက်တည်ရာမရ ဝမ်းနည်းပူဆွေးသောကရောက်နေပါတယ်။ ညပ်နေတဲ့ လက်ကို ဆွဲထုတ်ဖို့ ကြိုးစားပေမယ့် ကလေးရဲ့ လက်တစ်ချောင်းလုံး ကျိုးသွားနိုင်တဲ့ အခြေအနေကြောင့် လက်မှိုင်ချပြီး ကယ်ဆယ်ရေး အဖွဲ့ကို စောင့်နေရပါတယ်။
 
 
ဖြစ်စဉ်မှာ စီစီတီဗီရုပ်သံအရ အနီရောင်အင်္ကျီ ဘောင်းဘီ ဝတ်ဆင်ထားတဲ့ ကလေးလေးဟ မိခင်နဲ့အတူ စက်လှေကားနဲ့ အောက်ထပ်ကို ဆင်းလာပါတယ်။ စက်လှေကားမှာ အခြားလူတွေလည်း ပါပါတယ်။ အဲဒီအချိန်မှာ ကလေးချော်လဲပြီး စက်လှေကားထစ်နဲ့ နံရံကြားထဲ လက်ဝင်သွားခဲ့ပါတယ်။ မိခင်က ဆွဲထုတ်ဖို့ ကြိုးစားပေမယ့် ထုတ်လို့မရခဲ့ပါဘူး။
 
 
စက်လှေကားက အောက်ဆုံးကို ရောက်လုနီးနေပါပြီ၊ အောက်ဆုံး ရောက်လို့မှ ကလေးလက် မလွတ်သွားရင် ကျိုးသွား ပြတ်သွားနိုင်တဲ့ အခြေအနေဆိုး ကြုံနိုင်ပါတယ်။ ကံကောင်းတယ်လို့ ဆိုရမလား၊ ဒီအဖြစ်ပျက်ကို မြင်တဲ့ စင်တာလုံခြုံရေးက အလျှင်အမြန် စက်လှေကားကို အရေးပေါ်ခလုပ်နှပ်ပြီး ရပ်တန့်ခဲ့ပါတယ်။ ကလေးဟာ အောက်ဆုံးရောက်ခါနီးမှာ စက်လှေကား အချိန်ကိုက် ရပ်တန့်သွားတာဟာ ရင်ဖိုစရာကောင်းပါတယ်။
 
 
ကလေးဟာ ၄၅ မိနစ်ခန့် နာကျင်စွာဝေဒနာခံစားရင်း ညပ်နေခဲ့ပြီး မီးသတ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ဟိုက်ဒရောလစ်စက်များနဲ့ တူးဆွပြီးမှ ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။
 
 
ကယ်ဆယ်ရေးမီးသတ်သမား ‘လုချန်း’ က “ကျွန်တော်တို့ ရောက်သွားနဲ့အချိန်မှာ ကလေးရဲ့ မိသားစုတွေ အရမ်းထိတ်လန့်နေကြတယ် ဘယ်လိုဖြစ်လဲဆိုတာကိုတောင် တော်တော်လေး မေးယူရတယ်။ ကလေးကလည်း တောက်လျောက်ငိုနေတယ်။ ကျွန်တော်တို့ ကလေးကို ချော့မော့ပြီး သူအတွက်အသက်သာဆုံးဖြစ်အောင် လုပ်ပေးပြီးမှ ဟိုက်ဒရောလစ်စက်တွေနဲ့ တူးပြီး ကယ်တင်နိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
 
 
 
အဲဒီနောက် ကလေးကို လူနာတင်ကားနဲ့ ဆေးရုံပို့ပေးခဲ့ပါတယ်။ ကလေးမှာ ကျိုးပဲ့ဒဏ်ရာ၊ အသက်အန္တရာယ်ရှိလောက်တဲ့ အနာတရတွေ မရဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် ကလေးရဲ့ လက်နဲ့ ပက်သက်ပြီး ဘယ်လိုအခြေအနေရှိတယ်ဆိုတာကိုတော့ မသိရှိရသေးပါ။
 
မိဘတွေအနေနဲ့ ကလေးငယ်တွေနဲ့အတူ စက်လှေကားစီးတဲ့အခါ အထူးသတိရှိကြပါလို့ တိုက်တွန်းအပ်ပါတယ်။

 


10 Jul 2019     1,349 Views




RELATED

Most Popular of Special or Others

Most Popular of NEWS