BEC-TERO TV

သားတွေအနေနဲ့ ပတ်ဝန်းကျင်မှာ မျက်နှာထွက်ပြဖို့တောင် တအားခက်ခဲနေတယ်ဆိုတဲ့ ဒေါ်ဥမ္မာလှိုင်

10 Jul 2019     1,408 Views


လက်ရှိပြည်သူလူထုကြားထဲမှာ စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတဲ့ နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာဖြစ်ပွားခဲ့တဲ့ အသက် (၃) နှစ်အရွယ်ဝန်းကျင် သမီးငယ်လေး Victoria ရဲ့သက်ငယ်မုဒိန်းမှုမှာတော့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် CID က အချိန်ယူစစ်ဆေးပြီးနောက် တရားခံကို ဖော်ထုတ်ပေးနိုင်ခဲ့ပါပြီ။ Victoria အမှုရဲ့တရားခံဟာ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ကားဒရိုင်ဘာဖြစ်သူ အောင်ကျော်မျိုး (ခေါ်) အောင်ကြီးဖြစ်တယ်လို့ တာဝန်ရှိသူတွေကထုတ်ဖော်ကြေညာခဲ့ပြီး နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ မကြာမီ ဇွန်လ (၁၅) ရက်နေ့မှာ ရုံးတင်စစ်ဆေးတော့မှာဖြစ်ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

သို့ပေမယ့်လည်း ဖော်ထုတ်လိုက်တဲ့တရားခံနဲ့ပတ်သက်ပြီး အများပြည်သူက ကျေနပ်လက်ခံခြင်းမရှိပဲ တရားခံအစစ်ကိုဖော်ထုတ်ပေးဖို့သာ ဆက်လက်တောင်းဆိုမှုနေတွပြုလုပ်နေဆဲဖြစ်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် အွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့တဲ့ သမီးငယ်လေး Victoria ရဲ့ပြောကြားချက် “ကိုကိုလုပ်တာ။ ကိုကို ၂ယောက် အခန်းကျယ်ကိုခေါ်သွားတယ်။ ဆရာမနှင်းနုသိတယ်။ ဆရာမနှင်းနုက ကိုကို့ကိုဆူတယ်” ဆိုတဲ့စကားလုံးများကြောင့် အောင်ကြီးဟာ တရားခံအစစ်မဖြစ်နိုင်ကြောင်းနဲ့ ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့သားနှစ်ယောက်သာဖြစ်တယ်လို့ ပြည်သူတစ်ရပ်လုံးက တစ်ထစ်ချပြောဆိုနေကြတာဖြစ်ပါတယ်။

သားနှစ်ယောက်ကိုတရားခံအစစ်ဟု လူအများရဲ့ ယူဆပြောကြားချက်များနဲ့ပတ်သက်ပြီး သားတွေဟာ Wisdom Hill ကျောင်းကို ဘယ်တုန်းကမှမရောက်ဖူးဘူးလို့ မိခင်ဖြစ်သူဒေါ်ဥမ္မာလှိုင်က အင်တာဗျူးတစ်ခုမှာပြောကြားသွားခဲ့ပါတယ်။ ရှေးဦးစွာ ဒရိုင်ဘာအောင်ကြီးကို တရားခံအဖြစ်အမှုစွဲတင်ထားတာနဲ့ပတ်သက်ပြီး တရားဥပဒေကြောင်းအရ တာဝန်ရှိသူတွေက သူတို့ရဲ့တွေ့ရှိချက်တွေနဲ့ တရားစွဲဆိုထားတာကိုတော့ သူမအနေနဲ့ဘာမှမသုံးသပ်တတ်ပါဘူးဆိုပါတယ်။

ထို့နောက် သူမရဲ့သားနှစ်ယောက်ဖြစ်သူကို အများကစွပ်စွဲပြောဆိုနေမှုများအပေါ် “အခင်းဖြစ်တဲ့နေ့မှာ သားအကြီးကတော့ အိမ်မှာရှိနေပါတယ်။ အာဏာပိုင်တွေကိုအပ်ထားတဲ့ ကျောင်းရဲ့ CCTV မှာလည်း သားအကြီးက တစ်နေကုန်လုံးဝမပေါ်လာပါဘူး။ နောက်ပြီးသာအငယ်ကလည်း မနက်ပိုင်းမှာ ဇ/၃၁ မှာရှိတဲ့ ကျွန်မရဲ့ကျောင်းကို အတူတူလိုက်လာတယ်။ မနက် ၈ နာရီကျော်မှာ သူတက်တဲ့အလယ်တန်းကျောင်းကိုသွားတယ်။ သားတွေက ဇ/၁၄ မှာရှိတဲ့ အခင်းဖြစ်တဲ့ Wisdom Hill ကျောင်းကိုတော့ အရင်ကလုံးဝမလာဖူးပါဘူး။  ကျွန်မရုံးထိုင်တဲ့ ဇ/၃၁ ကျောင်းကိုတော့ ရံဖန်ရံခါ ပါလာတတ်ပါတယ်။ သားကြီးက ၁၀ တန်းဘော်ဒါတက်တဲ့အတွက် မနှစ်ကတည်းကမလာပါဘူး။ ဒီမေလဆန်းမှာလည်း သူကသင်တန်းတွေတက်ပြီး အိမ်မှာပဲနေနေတာပါ။ သားနှစ်ယောက်နဲ့ Victoria လေးကလည်း တစ်ခါမှမဆုံးဖူးပါဘူး” ဆိုကာ အခင်းဖြစ်တဲ့နေ့မှာသာမက သားနှစ်ယောက်ဖြစ်သူဟာ Wisdom Hill ကျောင်းကို ဘယ်တုန်းကမှ မရောက်ဖူးဘူးလို့ပြောကြားသွားပါတယ်။ ဒေါ်ဥမ္မာလှိုင်လိုပင် Victoria လေးရဲ့အတန်းပိုင်ဆရာမဖြစ်သူ ဒေါ်နှင်းနှင်းနုကလည်း ကိုကို၊ညီညီ နှစ်ယောက်ဟာ ကျောင်းကိုတစ်ခါမှမလိုက်လာဖူးကြောင်းနှင့် Victoria လေးနဲ့မတွေ့ဖူးကြောင်းကို သူမရဲ့အင်တာဗျူးမှာ ပြောကြားခဲ့ဖူးပါတယ်။
 
Victoria ရဲ့အမှုနဲ့ပတ်သက်ပြီး သူမရဲ့ထင်မြင်ယူဆချက်ကို မေးမြန်းတဲ့အခါမှတော့ “Victoria လေးကို ဘယ်သူလုပ်သွားတယ်၊ ဘယ်နေရာမှာဖြစ်သွားတယ်ဆိုတာကတော့ သုံးသပ်ဖို့၊ ပြောဖို့တော်တော်ခက်တဲ့အရာပါ။ ပြောနိုင်တာတစ်ခုကတော့ ကျွန်မအဲဒီ့မှာ သွားပြီးစစ်ဆေးနေချိန်မှာ ကျွန်မမျက်စိရှေ့မှာဖြစ်ပျက်သွားတာလုံးဝမရှိဘူး။ အဲဒီ့ကျောင်းမှာတာဝန်ကျနေတဲ့ ဆရာမတွေကလည်း တီချယ်ရေဒီလိုဖြစ်သွားတယ်ဆိုပြီး လာရောက်တိုင်ကြားထားတာတွေလည်း တစ်ခုမှမရှိပါဘူး” ဆိုပြီးပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ယခုလိုဖြစ်ပျက်သွားတဲ့ Victoria လေးအတွက်လည်း အရမ်းကိုဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းကို “ကျွန်မရဲ့အုပ်ထိန်းမှုအောက်မှာပဲ Victoria လေးအခုလိုဖြစ်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းခံစားရပါတယ်။ ကိုယ့်ကလေးတွေအတွက်လည်း မိဘတစ်ယောက်အနေနဲ့ အရမ်းကိုခံစားရပါတယ်။ အခုဆိုရင် ပတ်ဝန်းကျင်မှာ ကလေးတွေနဲ့အနေနဲ့ မျက်နှာထွက်ပြဖို့တောင် တအားခက်ပါတယ်။ ကလေးတွေအနေနဲ့လည်း အပြင်ကိုထွက်ဖို့၊ ကျောင်းတက်ဖို့တွေတောင်မှ သူတို့မှာအရမ်းကိုမဝံ့မရဲဖြစ်နေပါတယ်။ တော်တော်ကြီးရှေ့ဆက်ဖို့လည်း ခက်ခဲနေပါတယ်။ ပြည်သူတွေကိုလည်း ကျွန်မအပ်ပါတယ်။ ကျွန်မကလေးတွေကို မှန်ကန်တဲ့ DNA စစ်ချင်တယ်ဆိုလည်း ခွင့်ပြုပါတယ်။ ကျွန်မကလေးတွေဘက်က မဟုတ်ဘူးဆိုရင်လည်း အမှန်တရားကိုပြန်လည်ရပ်တည်ပေးစေချင်ပါတယ်။ ကလေးသူငယ်အနေနဲ့ပြန်လည်ရပ်တည်ပေးပါလို့ အနူးအညွတ်တောင်းဆိုချင်ပါတယ်ရှင်” လို့ ဝမ်းနည်းမျက်ရည်များစွာဖြင့် ပြောသွားခဲ့ပါတယ်။

 

Source_BBC & Eleven

(ပိုပိုေလး)


10 Jul 2019     1,408 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS