BEC-TERO TV

တစ်ကယ်ချစ်ရင် အချိန်တွေဆွဲနေဖို့ မလိုပါ.. အွန်လိုင်းမှာ Hot အဖြစ်ဆုံး ချစ်ဇာတ်လမ်း

11 Jul 2019     1,470 Views


အချစ်ဆိုတာကို ဘယ်လို သဘောပေါက်နားလည်ကြပါသလဲ..?
လူတစ်ယောက်ကို ချစ်တယ်၊ မချစ်ဘူး ဆုံးဖြတ်ဖို့ အချိန်ဘယ်လောက်ကြာကြာ ယူဖို့ လိုပါသလဲ..?
 
အချစ်ဆိုတာ အချိန်တွေအကြာကြီး စောင့်ခိုင်း လေ့လာအကဲခတ်ပြီးမှ ချစ်သွားကြတာ မဟုတ်ပါဘူး။ လေယာဉ်စီးတဲ့အချိန် တခဏလေးအတွင်းမှာပဲ တစ်ခါမှ မသိခဲ့ဖူးတဲ့ လူနှစ်ယောက်ဟာ မျက်စိအောက်က အပျောက်မခံနိုင်ကြတော့တဲ့ အရင်းနှီးဆုံး ချစ်သူတွေ ဖြစ်သွားကြတယ်ဆိုတာ ယုံကြည်နိုင်ပါ့မလား..?
 
‘Love Is First Sight’ ဆိုတဲ့ စကားလည်းရှိပါတယ်နော်..
 
ထိုင်ဝမ်နိုင်ငံက လူငယ်တစ်ယောက်ဟာ အရှုံးတွေပိုက်ပြီး အိမ်ပြန်ခဲ့ရတဲ့ လေယာဉ်ခရီးစဉ်အတွင်းမှာ အရမ်းချောမောလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ အချစ်ဆိုတာကို မမျှော်လင့်ပဲ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် တွေ့ရှိခဲ့ပါတယ်။
 
သူ့ရဲ့ကိုယ်တွေ့ စိတ်ကူးယဉ်ချင်စရာ အချစ်ဇာတ်လမ်းလေးကို လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ရေးသားဖော်ပြခဲ့ရာက လက်တလော အွန်လိုင်းပေါ်မှာ ရေပန်းစားဆုံးဖြစ်နေပါတယ်။
 
လေယာဉ်စီးပြီး သူ့ရဲ့မွေးရပ်ဇာတိ အိမ်ကိုပြန်ဖို့ လေယဉ်ကွင်းမှာ ထိုင်စောင့်နေခဲ့ပါတယ်။ လေယာဉ်ပေါ်မတက်ခင် လေဆိပ်မှာ ထိုင်နေတုန်း ကျော့ကျော့မော့မော့ ကောင်မလေးတစ်ယောက် ခရီးဆောင်သေတ္တာတွေနဲ့ ဟိုဟိုဒီဒီသွားနေတာ သတိထားမိခဲ့ပါတယ်၊ ဒါပေမယ့် ဒီလောက်ပါပဲ။ သူက လောလောလတ်လတ် ကုမ္ပဏီက အလုပ်ပြုတ်လာလို့ အိမ်ပြန်မယ့်သူဆိုတော့ ဒီထက်ပိုပြီး ဘာမှ ခေါင်းထဲ ထည့်မထားနိုင်ပါဘူး။
 
 
လေယာဉ်ပေါ်ရောက်တဲ့အခါမှာ စောစောက မိန်းကလေးနဲ့ သူနဲ့က ခုံတန်းတစ်တန်းထဲမှာ နေရာကျနေတာသိလိုက်တော့ အရမ်းအံ့သြသွားပါတယ်။ ထိုင်ခုံ သုံးခုံပါတဲ့ ခုံတန်းမှာ သူတို့နှစ်ယောက်ကြားက ထိုင်ခုံက ခရီးသည်မပါပဲ လွတ်နေပါတယ်။ မိန်းကလေးက ပြတင်းပေါက်နေရာကခုံမှာ ထိုင်ပါတယ်၊ သူကတော့ လေယာဉ်လျှောက်လမ်းအစွန်က ခုံမှာပါ။
 
မိန်းကလေးက သူ့ရဲ့ခရီးဆောင် အိတ်တွေကို အိတ်ထည့်တဲ့ နေရာမှာတင်ဖို့ ကြိုးစားနေပါတယ်။ မနိုင်မနင်းဖြစ်နေပေမယ့် သူမက အကူညီမတောင်းတဲ့အတွက် ဘာမှမပြောပဲ ငြိမ်နေလိုက်ပါတယ်။ မကြာပါဘူး “ကျေးဇူးပြုပြီး ကျွန်မအိတ်တွေ တင်ပေးနိုင်မလားလို့” အကူညီတောင်းလာပါတယ်။
 
အဲဒီနောက်မှာတော့ မိန်းကလေးက ကျေးဇူးတင်ကြောင်းပြောရင်း စကားပြောဖြစ်သွားကြပါတယ်။ သူက မိန်းကလေးကို ဘယ်သွားမှာလဲလို့ မေးတဲ့အခါ သူနဲ့ လမ်းကြောင်းတူတဲ့ ထိုင်ပေကို သွားမှာဖြစ်ကြောင်း ပြောပါတယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက် တစ်ယောက်အကြောင်းတွေ တစ်ယောက် ပြောကြရင်း ရင်းနှီးသွားကြပါတယ်။
 
“သူက အင်္ဂလိပ်စကားပြော အရမ်းကျွမ်းတယ်၊ ကျွန်တော်က သူ့လောက်မပြောနိုင်ဘူး” လို့ ရေးထားပါတယ်။ မိန်းကလေးက တရုတ်နိုင်ငံ ချောင်းကွင်းပြည်နယ်က ဖြစ်ပြီး နေရာအတော်များများကိုလည်း ခရီးထွက်ခဲ့ဖူးသူပါ။ ထိုင်ဝမ်ကိုတော့ အခုမှ ပခမဆုံးအကြိမ် လာလည်တာဖြစ်ပါတယ်။
 
 
ပထမတော့ သူတို့နှစ်ယောက်ကြားမှာ ခုံတစ်ခုံခြားနေပေမယ့် အတော်အတန် စကားပြောမိကြပြီးနောက် စကားပြောလို့ ပိုကောင်းအောင် မိန်းကလေးက အလယ်ခုံကို ရွေ့လာပြီး သူ့ဘေးမှာ ထိုင်ခဲ့ပါတယ်။ (သူ့ဘက်က စရွေ့ရင် တစ်မျိုးထင်သွားမှာပေါ့နော်)
 
ထိုင်ဝမ်မှာ သူမ သွားချင်တဲ့နေရာတွေ အစီစဉ်တွေအကြောင်း ပြောတဲ့အခါမှာ၊ အချို့ခရီးစဉ်လေးတွေက အဆင်မပြေနိုင်တဲ့ ကိစ္စလေးတွေရှိတာကို သိရပါတယ်။ ဒီအကြောင်းရာတွေကို အကြံပေးရင်း အတော်ကြာကြာကြီး ရင်းရင်းနှီးနှီး စကားပြောဖြစ်ကြပါတယ်။
 
ရုတ်တရက် လေယာဉ်က လူးလူးလွန့်လွန့်ဖြစ်ပြီး တုန်ခါလာပါတယ်။ အဲဒီအချိန်မှာ ကောင်မလေးက ကြောက်ပြီး မျက်လုံးကို မျက်နှာဖုံးနဲ့ ပိတ်ကာ ကြောက်လို့ မှေးနေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုကနေ ဘယ်လို ဖြစ်သည်မသိ ဒီလို လေယာဉ်လူးခါနေတဲ့ တစ်ချိန်လုံး သူတို့နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက်ဆွဲကိုင်ထားမိရင်းနဲ့ပဲ ဖြတ်ကျော်ခဲ့ပါတယ်။
 
 
နောက်ဆုံး ထိုင်ဝမ်လေဆိပ်ကို ရောက်ပြီး နှစ်ယောက်စလုံး လေယာဉ်ပေါ်ကနေ အတူတူဆင်းခဲ့ကြပါတယ်။ လူဝင်မှုကြီးကြပ်ရေးရောက်တဲ့အခါ မိန်းကလေးက ဧည့်သည်ဖြစ်နေတာကြောင့် အချိန်ပိုကြာကြာ စစ်ဆေးခံရင်း ကျန်နေခဲ့ပါတယ်။
 
 
သူကတော့ လေဆိပ်အပြင်မှာ မိန်းကလေးကို စောင့်နေပြီးမှ နှစ်ယောက် အတူတူ ထိုင်ဝမ်မှာ လျှောက်လည်ဖြစ်သွားကြပါတယ်။
 
“ကျွန်တော်တို့နှစ်ယောက် တွေ့တာ တစ်ရက်ပဲရှိသေးပေမယ့် စိတ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် နှစ်အတော်ကြာကတည်းက ရင်းနှီးလာကြတဲ့သူတွေလိုပဲ ခံစားရတယ်၊ ပြောစရာအကြောင်းအရာတွေကလည်း ကုန်ကို မကုန်နိုင်ဘူး။ လေယာဉ်ခရီးစဉ် တစ်ခုလေးမှာတင် သူနဲ့ ဆုံဖြစ်ခဲ့တာ၊ အခု ကျွန်တော်တို့ ချစ်သူတွေဖြစ်နေကြပါပြီ၊ အဲဒီအတွက် ကျွန်တော်ကို အလုပ်ဖြုတ်လိုက်တဲ့ ကုမ္ပဏီကိုလည်း ကျေးဇူးတင်ပါတယ်၊ သူနဲ့ဆုံခွင့်ရအောင် ဖန်တီးပေးလို့လေ၊ ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းလေးက ဒီလိုစခဲ့တာပါ” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
 
 
သူရေးသားထားတဲ့ အချစ်ဇာတ်လမ်းလေးကို အွန်လိုင်းမှာ ပြန်လည်မျှဝေမှုပေါင်း သုံးထောင်ကျော်ရှိနေပြီး၊ လေယာဉ်စီးချိန် တိုတိုလေးအတွင်းမှာ ချောမောလှပတဲ့ မိန်းကလေးနဲ့ ချစ်သူဖြစ်သွားတဲ့အတွက် အားကျနေတဲ့ သူတွေလည်း များစွာရှိနေပါတယ်။
 
အချို့တွေကလည်း ချစ်သူမရှိသေးတဲ့ သူငယ်ချင်းတွေကို တက်ခ်ချိပ်ပြီး လေယာဉ်စီးရင်း ချစ်သူရှာကြဖို့ တိုက်တွန်းတာတွေလည်း တွေ့ရပါတယ်။
 
ကဲ.. တက်ခ်ချိပ်သင့်တဲ့ လူတွေကို မန်းရှင်ခေါ်လိုက်တော့နော်..။

 


11 Jul 2019     1,470 Views




RELATED

Most Popular of Special or Others

Most Popular of Life Style