BEC-TERO TV

Master Chef ဖြစ်ချင်ရင် ဒီလောက်နဲ့တော့ တက်မလာနဲ့ ရူးခါသွားမယ်

15 Jul 2019     2,022 Views


MasterChef Myanmar Season 2 ရဲ့ ပထဆုံးအပိုင်းကို ဇူလိုင်လ ၁၄ ရက်နေ့ညက MRTV 4 ရုပ်သံမှာ စတင်ထုတ်လွှင့်ပြသခဲ့ပါတယ်။ ပြလျှင် ပြသခြင်း ပရိသတ်တွေကိုယ်တိုင် MasterChef မီးဖိုဆောင်ထဲမှာ ထည့်ပြုတ်ခံလိုက်ရသလို ပွက်ပွက်ဆူတဲ့ အသံတွေ ဝေလျှံတက်လာခဲ့ပါတယ်။ ဒါကသည်ပင်လျှင် MysterChef Myanmar အစီစဉ်ရဲ့ ဆွဲဆောင်မှုတစ်ခု ဖြစ်နေတာဖြစ်ပါတယ်။
 
ဒီနှစ်မှာတော့ MasterChef Myanmar ရဲ့ ဒိုင်လူကြီးများအဖြစ် ဦးရဲထွဋ်ဝင်း(Sharky)၊ ဒေါ်ဖြူဖြူတင် နဲ့ ပြင်သစ်စားဖိုမှူး Jean Marc Lemmery တို့က တာဝန်ယူထားကြပါတယ်။
 
 
လက်ရှိမြန်မာနိုင်ငံမှာ ပြသနေတဲ့ Reality Show တွေထဲမှာ “ပိဿာလေးနဲ့ ဘေးပစ်” ဆိုသလို အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်း ပြိုင်ပွဲဝင်တွေကို စေတနာအမှန်နဲ့ ပြစ်ပြစ်နှစ်နှစ် ရဲရဲဝံ့ဝံ့ပြောဆိုဝေဖန်နေတာ MasterChef Myanmar အစီစဉ် တစ်ခုတည်းသာရှိပါတယ်။ MasterChef ရဲ့ ဒိုင်လူကြီးတွေက ဆီးချိုကြောက်ပုံရပါတယ် ဒါကြောင့် ပြိုင်ပွဲဝင်တွေကိုလည်း အချိုမကြွေးတတ်ပါဘူး။
 
MasterChef Myanmar ရဲ့ ပထမဦးဆုံး နေ့မှာတော့ ဒိုင်လူကြီးတွေ စိတ်တိုင်းကျ သဘောကျလောက်စရာ ပြိုင်ပွဲဝင် တစ်ယာက်မှ မတွေ့ခဲ့တာကို တွေ့ရပါတယ်။ ဟင်းပွဲတွေ ယှဉ်ပြိုင်မှုမှာ “Winner ဖြစ်သွားတိုင်း Safe ဖြစ်သွားတိုင်း အရမ်းကောင်းလွန်းလို့ မထင်ပါနဲ့ ကံကောင်းသွားလို့ မှတ်ပါ”လို့ ဒေါ်ဖြူဖြူတင် က သတိပေးခဲ့တာလည်း တွေ့ရပါတယ်။
ဒီနေ့ညတွက် ဟင်းပွဲအတော်များများ အမှိုက်ပုံးထဲရောက်ခဲ့ပါတယ်။ ဟင်းပွဲတင်တဲ့ စားပွဲကို မကြာခဏ ထုရိုက်ပြီး ဒိုင်လူကြီးတွေရဲ့ ခါးသီးတဲ့ ဝေဖန်ပြောဆိုမှုတွေကို ပြိုင်ပွဲဝင် အများစု အလူးအလဲခံခဲ့ကြရပါတယ်။
 
ဒီနှစ်မှာတော့ ထူးထူးခြားခြား နိုင်ငံခြားသူ ပြိုင်ပွဲဝင် တစ်ယောက် ပါဝင်လာပြီး ဒေါ်ဖြူဖြူတင် က “ပြိုင်ပွဲဝင်တွေထဲမှာ နင့်ကိုငါ စိတ်အပျက်ဆုံးပဲ” လို့ ပြောဆိုခဲ့ပါတယ်။ အလားတူစွာ ဦးရဲထွဋ်ဝင်း ကလည်း “ဒီလိုဟင်းပွဲမျိုး အသက် ၈ နှစ်အရွယ် ငါ့တူမလေးတောင် ချက်တတ်သေးတယ်” လို့  ဝေဖန်ခဲ့ပါတယ်။
 
ပြိုင်ပွဲဝင်တွေထဲမှာ အပြင်းထန်ဆုံး ပြောဆိုဝေဖန်ခံခဲ့ရသူက ‘ရှိုးသော်ဇင်’ ပါ။ အလှဆင်ထားတဲ့ မုန်လာဥနီကို အခွံမခွာလိုက်မိတာကြောင့် ဦးရဲထွဋ်ဝင်း က “ငါတို့ ဒိုင်လူကြီးတွေက တောယုန်တွေလား..?” လို့ စိတ်ဆိုးမာန်ဆိုးနဲ့ မေးခွန်းထုတ်ခဲ့ပြီး “ဒီဟင်းပွဲမျိုးက ငါ့ပါးစပ်ထဲမှာ ရှိနေဖို့ မထိုက်တန်ဘူး” လို့ ဆိုကာ စားထားတာတွေကို ပါးစပ်ထဲက ထွေးထုတ်ပြီး ဟင်းပွဲတစ်ခုလုံးပါ အမှိုက်ပုံးထဲ သွန်ချပစ်လိုက်ပါတယ်။
 
 
MasterChef Myanmar အစီစဉ်ဟာ ကိုယ့်အိမ်မှာကိုယ် ချက်ပြုတ်တတ်လောက်ရုံနဲ့တော့ လာရောက်ယှဉ်ပြိုင်ဖို့ မလုံလောက်ဘူး ဆိုတာ ပြိုင်ပွဲဝင်တွေအနေနဲ့ Season 1 ကို ကြည့်ပြီးထဲက သဘောပေါက်ဖို့ သင့်ပါတယ်။
Season 2 မှာတော့ ပြိုင်ပွဲဝင်တွေအနေနဲ့ ဟင်းချက်တတ်တဲ့ ပညာအပြင်၊ ခံစားဖန်တီးတတ်တဲ့အာရုံ နဲ့ ဒိုင်လူကြီးတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို တောင့်ခံနိုင်တဲ့ သံမဏိစိတ်ဓာတ်မျိုး ပြင်ဆင်ထားဖို့ လိုတာအမှန်ပဲဖြစ်ပါတယ်။
 
မနေ့ညက ပြသသွားတဲ့ အစီစဉ်မှာ ဒိုင်လူကြီးတွေရဲ့ မထင်မှတ်ထားလောက်အောင် ပြင်းထန်တဲ့ ကွန်မန့်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။
 
မကောင်းဘူး စုတ်ပြတ်နေတာပဲ” (ဒေါ်ဖြူဖြူတင်)
ပန်းကန်ကိုအားနားတယ်၊ ဒီလိုဟင်းပွဲက ပန်းကန်ပေါ်မှာကို မထားသင့်ဘူး” (ဦးရဲထွဋ်ဝင်း)
လူမမာစားတဲ့ ဟင်းပွဲတွေ ကျွန်တော်တို့က လူမမာပုံစံပေါက်နေလား” (ဦးရဲထွဋ်ဝင်း)
အားလုံးထဲမှာ မင်းကို ငါ စိတ်အပျက်ဆုံးပဲ” (ဒေါ်ဖြူဖြူတင်)
အမေ့အိမ်မှာလို ငါ့သားချက်သမျှကောင်းတယ် ပြောမှာ မဟုတ်ဘူး” (ဒေါ်ဖြူဖြူတင်)
 
ဒိုင်လူကြီးတွေရဲ့ ကွန်မန့်တွေအရ ပြင်သစ်ဒိုင်ဖြစ်တဲ့ Jean Marc Lemmery ကတော့ ထိန်းထိန်းသိမ်းသိမ်းလေးနဲ့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ ဆန်ရင်းနာနာဖွတ် ဆိုတဲ့ စကားအတိုင်း မြန်မာဒိုင်လူကြီးမင်းတွေကတော့ ကိုယ်နှုတ်အမူအယာ ပြစ်ပြစ်နှစ်နှစ်နဲ့ စေတနာအလုံးအရင်းထည့်ပြီး ပြောဆိုဝေဖန်သွားခဲ့ပါတယ်။
 
 
အခုလို ပြောဆိုဝေဖန်မှုတွေဟာ တစ်ကယ်လိုအပ်လို့ ပြောတာလား၊ လိုတာထက်ပိုပြောနေတာလားဆိုတာကတော့ ပရိသတ်တွေကိုယ်တိုင်ပဲ ခံစားဆုံးဖြတ်နိုင်ပါတယ်။ MasterChef Myanmar အစီစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီ MRTV 4 ရုပ်သံလိုင်းကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

15 Jul 2019     2,022 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment