BEC-TERO TV

စားဝတ်နေရေးနဲ့ မိသားစုအိမ်စရိတ်ရအောင် Taxi ထွက်မောင်းတော့မယ်ဆိုတဲ့ ဦးဧရာ

15 Jul 2019     1,309 Views


တစ်ချိန်က ဇတ်သဘင်လောကမှာ နာမည်ကြီးခဲ့တဲ့ လူရွှင်တော်ကြီးဦးဧရာကတော့ ရယ်မောပျော်ရွှင်ဖွယ်ရာ ဟာသပြက်လုံးများဖြင့် ပရိသတ်တိုင်းရဲ့ဘ၀အမောတွေကို ခေတ္တပြေပျောက်စေခဲ့ပြီး ရယ်စရာ၊ ပျော်ရွှင်စရာတွေကိုဖန်တီးပေးခဲ့သူဖြစ်ပါတယ်။ လူရွှင်တော်ကြီးတစ်ယောက်အဖြစ် နာမည်ကြီးခဲ့သလို အနုပညာလောကထဲဝင်ကာ ဟာသဇတ်ပို့သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်ခဲ့တဲ့ ဦးဧရာကိုတော့ လူကြီးလူငယ်မရွေး အနုပညာကိုချစ်မြတ်နိုးသူတိုင်းက သဘောကျအားပေးခဲ့ကြရတာပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အသက်အရွယ်ကြီးရင့်လာတဲ့ ဦးဧရာကတော့ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင်ဖြစ်နေပြီး သိပ်မကြာခင်ကပင် ခါးခွဲစိတ်မှုကိုပြုလုပ်ထားတာပါ။ စားဝတ်နေရေးအတွက်လည်း သိပ်အဆင်မပြေလှတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဦးဧရာက လက်ရှိမှာ ခေါ်ယူရိုက်ကူးသူ အနုပညာအလုပ်တွေ မရှိတော့တာကြောင့် ၀မ်းစာရေးနဲ့ မိသားစုအိမ်စရိတ်လေးရအောင် Taxi ထွက်မောင်းတော့မယ်လို့ ဆိုလာပါတယ်။

ဦးဧရာက “ကျန်းမာရေးမကောင်းတော့ အသက်မွေးဝမ်းကျောင်းအတွက်ဆိုရင်တော့ အနုပညာအလုပ်ကို ရသမျှကိုလုပ်မှာ။ ဒါပေမယ့် စားဝတ်နေရေးအတွက်ဆိုရင်တော့ ငယ်ငယ်ကအလုပ်ကြမ်းတွေလုပ်ခဲ့ဖူးတော့ အခုကဆိုက်ကားတော့ နင်းလို့မရတော့ဘူး။ ကားတော့ မောင်းလို့ရသေးတယ်၊ ခါးကို ပက်တီးစီးပြီးတော့ Taxi မောင်းမယ် တကယ်လို့လိုအပ်လာရင်ပေါ့။ နဲနဲပါးလာပြီ ရှိတဲ့ပိုက်ဆံလေးတွေ ကုန်ပြီဆိုရင်တော့ Taxi ထွက်မောင်းမယ်။ Taxi မောင်းမယ်ဆိုရင်လည်း မိသားစုအတွက် အိမ်စရိတ်လေးရရင် ရပြီ။ အဲ့လိုမျိုးလေးတော့ တွေးထားတယ်။ တက်စီမောင်းတာက တစ်နေ့အိမ်စရိတ် လေးငါး ခြောက်ထောင်လောက်တော့ ရှာလို့ရတယ်”

“ဦးတို့မှာက လက်ဆုပ်လက်ကိုင် ငွေတွေစုဆောင်းမိမယ်ဆိုတာက မဖြစ်နိုင်ဘူး။ ဦးတို့က မင်းသာလည်းမဟုတ်ခဲ့ဘူး။ အနုပညာလောကမှာ ဇတ်ပို့ဇာတ်ရံနဲ့ လူရွှင်တော်အဆင့် ရရစားစားပဲ။ ရတာလည်းနည်းတယ်၊ သူတို့လို မစုဆောင်းနိုင်ဘူး။ (၁၀) ပေမပြည့်တဲ့ ခုအိမ်လေးဝယ်ထားတာကလည်း ပရိသတ်ကျေးဇူးကြောင့်ပဲ။ အနုပညာအလုပ်လုပ်ရင်းနဲ့ ရတာလေးနဲ့ဝယ်ထားခဲ့တာ။ တက်စီမောင်းမယ်ဆိုတာက စိတ်ကူးထားတာမဟုတ်ဘူး။ လက်တွေ့အကောင်အထည်ဖော်မှာ။ ခုတော့ ကားရှာနေတယ် အသိတွေ၊ သူငယ်ချင်းတွေဆီကနေ။ ဒါမှမဟုတ် ကိုယ့်ရှိတာလေးတွေရောင်းပြီး အရစ်ကျဝယ်လို့ရမယ့် ကားမျိုးလေးတွေ လိုက်ရှာနေတယ်။ ကားရရင်တော့ ဆရာဝန်ခွင့်ပြုချက်ပဲလိုတော့တယ်။ ကျန်းမာရေးအတွက် စစ်ဆေးစရာတွေ စစ်ပြီးရင်တော့ ကားထွက်မောင်းမယ်” လို့ ပြောသွားပါတယ်။

ဒါ့အပြင် တက်စီမောင်းတာက ခေတ်မီတဲ့အလုပ်တစ်ခုဖြစ်နေကြောင်းကို “ခါးကခွဲစိတ်ထားတယ်ဆိုပေမယ့် ဦးသက်တမ်းအရက အဲ့လောက်ထိလည်းနေရတာတော့မှာမဟုတ်လို့ ကားမောင်းလို့ရပါတယ်။ ဖြစ်နိုင်မယ်လည်းထင်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံခြားမှာ တစ်ချို့အသက် ၅၀ ကျော် ၆၀ အရွယ်လူကြီးတွေ ပင်စင်ယူပြီးသွားရင် တက်စီမောင်းကြတာတွေ့ဖူးတယ်။ ဟိုနားဒီနား ရောက်ဖူးတော့ တွေ့ဖူးတယ်၊ စာတွေထဲမှာ ဖတ်ဖူးတယ်။ ဒါက ခေတ်မီအလုပ်တစ်ခုလိုဖြစ်နေတယ်” လို့ဆိုပါတယ်။

ဆက်လက်ပြီး ဦးဧရာက အပြင်လောကမှာလည်း ရရာအလုပ်ကိုလုပ်နေကြရတဲ့ အနုပညာလောကသားတွေ အများအပြားရှိနေကြောင်းနဲ့ လူဆိုရင် တစ်လုပ်မကောင်းရင် နောက်တစ်လုပ်ပြောင်းပြီးတော့ ရှင်သန်နိုင်ရမယ်လို့ ဆိုသွားပါတယ်။ “အနုပညာအလုပ်က ဦးတစ်ယောက်ထဲမဟုတ်ဘူး။ တကယ်လုပ်နိုင် ကိုင်နိုင်တယ်ဆိုတဲ့သူတွေတောင် ငုတ်တုတ်မေ့နေကြပြီ။ ရုပ်ရှင်ကားကြီးရိုက်တဲ့လူတွေက နည်းပါးပြီ။ ဗီဒီယိုဆိုလဲလုံးဝမရှိတော့ဘူး။ အဲ့တာကြောင့် ရုပ်ရှင်လောကသားတော်တော်များများက အပြင်မှာတစ်ခြားအလုပ်တွေလုပ်နေကြတယ်။ တစ်ချို့ဆို ပန်းရံလိုက်လုပ်နေတဲ့သူတွေတောင်ရှိတယ်။ ဒါတွေက ၀မ်းနည်းစရာတော့မဟုတ်ပါဘူး။ ဦးတို့က သစ်ပင်တွေမဟုတ်တော့ တစ်နေရာထဲမှာပဲအမြစ်တွယ်ပြီး ရှင်သန်နေလို့မှမရတာ။ ဦးတို့က လူတွေပဲ တစ်ခုမဟုတ် တစ်ခုနဲ့ရှင်သန်နေရမှာ။ အဲ့အတွက် ၀မ်းနည်းစရာလည်းမလိုဘူး။ စိတ်မကောင်းဖြစ်နေစရာလည်း မလိုဘူး။ လုပ်နိုင်သရွေ့၊ လုပ်နိုင်သမျှတော့ လုပ်နိုင်တဲ့အလုပ်ကို လုပ်နေကြရမှာ” လို့ ဆိုသွားခဲ့ပါတယ်။

 

Source_MC

(ပိုပိုလေး)

 

 


15 Jul 2019     1,309 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment