BEC-TERO TV

မြင့်မြတ်နဲ့ယုန်လေးကြောင့် အကျွတ်တရားရသွားတဲ့ စည်သူ(ပလပ်ကျွတ်)

22 Jul 2019     1,413 Views


ဟောလိဝုဒ်ကနာမည်ကြီး စူပါဟီးရိုးဇာတ်ကောင်များရဲ့ ၀တ်စုံတွေကိုဝတ်ဆင်ကာ ပရိသတ်ရဲ့အာရုံတွေကိုဖမ်းစားနိုင်ခဲ့တဲ့ စည်သူပလပ်ကျွတ်ကိုတော့ အားလုံးကသတိထားမိခဲ့တာ သိပ်မကြာသေးဘူးလို့ ဆိုရပေမည်။ အနုပညာဝါသနာပိုးပါသူ စည်သူပလပ်ကျွတ်ကတော့ အဆိုတော်အဖြစ် သီချင်းတွေထွက်ရှိထားသည့်အပြင် သရုပ်ဆောင်အလုပ်ကိုပါ ရူးသွပ်သူဖြစ်ပါတယ်။ ရှိုးပွဲတစ်ခုမှာ စပိုက်ဒါမန်းဝတ်စုံကြီးဝတ်ပြီး သီချင်းသီဆိုဖျော်ဖြေခဲ့ရာမှစတင်ကာ လူသိများထင်ရှားလာတဲ့ စည်သူပလပ်ကျွတ်ကတော့  ပွဲအခမ်းအနားတွေတက်ရောက်တိုင်း စူပါဟီးရိုးများရဲ့ဝတ်စုံတွေကို တစ်စုံပြီးတစ်စုံ ၀တ်ဆင်တက်ရောက်ခဲ့တာကြောင့် ပိုမိုနာမည်ကြီးလူသိများလာသလို အများရဲ့ဝေဖန်ပြောဆိုခြင်းတွေလည်း ပြင်းပြင်းထန်ထန်ခံခဲ့ရပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

 

လူသိများထင်ရှားချင်တာကြောင့် စူပါဟီးရိုးဝတ်စုံတွေကို ၀တ်ဆင်ပြခဲ့တဲ့ စည်သူပလပ်ကျွတ်က ယခုမှာတော့ တည်ငြိမ်သူအဖြစ်ပြောင်းလဲလာတာကို အားလုံးပဲမြင်တွေ့ကြရမှာပါ။ ယခုနောက်ပိုင်းပွဲတွေတက်ရောက်လာတဲ့အခါမှာ အရင်လိုစူပါဟီးရိုးဝတ်စုံတွေကိုမ၀တ်တော့ပဲ ခန့်ညားတဲ့အသွင်နဲ့ တည်ငြိမ်ရင့်ကျက်သူအဖြစ် ပြောင်းလဲလာတာကိုတွေ့မြင်ရပါတယ်။ ယခုလိုပြောင်းလဲသွားရတာက သရုပ်ဆောင်မြင့်မြတ်နဲ့ ယုန်လေးရဲ့ဆိုဆုံးမမှုတို့ကြောင့်ဖြစ်သလို နောက်ကိုလည်း ပေါတောတောပုံစံ၊ ဗရမ်းဗတာပုံစံနဲ့ ပေါက်ကရတွေမလုပ်ပဲ တည်ငြိမ်စွာပဲနေသွားတော့မယ်လို့ ကတိပြုပြောကြားလာပါတယ်။

စည်သူပလပ်ကျွတ်က အင်တာဗျူးတွေမှာ “အခုပေါတောတောတွေ မနေတော့ဘူး။ အရမ်းကိုဆင်ခြင်လိုက်ပြီ။ အဲ့တာက ကိုမြင့်မြတ်နဲ့ ကိုယုန်လေးတို့ကျေးဇူးကြောင့်ပါ။ သူတို့က ပေါတောတောကြီးတွေ၊ ဗရမ်းဗတာတွေ မနေနဲ့တော့ဆိုပြီး ဆုံးမလို့ နောက်ပိုင်းကျွန်တော် တည်တည်ငြိမ်ငြိမ်ပုံစံပဲ နေသွားတော့မယ်။ အတည်လိုင်းတွေပဲသွားတော့မယ်” လို့ဆိုပါတယ်။

အင်တာဗျူးတစ်ခုမှာ အတူတူတွေ့ဆုံခိုက် သရုပ်ဆောင်မြင့်မြတ်ကလည်း စည်သူပလပ်ကျွတ်ရဲ့ပုံစံကို ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြသွားခဲ့ပါတယ်။ မြင့်မြတ်ပြောသွားတာက “စည်သူက သရုပ်ဆောင်ကိုအရမ်းဝါသနာပါတာ အပြင်လူတွေလည်း သိပါတယ်။ ကျွန်တော်တို့ လောကသားအချင်းချင်းက ပိုပြီးတော့သိတယ်။ သူ့ရဲ့လုပ်ချင်ကိုင်ချင်စိတ် အနုပညာအပေါ်ထားတဲ့စိတ်က အရမ်းပြင်းပြတယ်။ ကျွန်တော်တို့ကိုယ်တိုင်မြင်တွေ့ရတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ဗရမ်းဗတာလုပ်တာတွေ လွဲနေတာလေးတစ်ခုပဲ။ ဒဲ့ပြောရရင် ဟိုတစ်ခါ စပိုက်ဒါမန်းဝတ်စုံဝတ်တဲ့ကိစ္စတွေ အဲ့လိုမျိုးတွေကျ ကျွန်တော်တို့ကသိပ်မကြိုက်ဘူး။ အဲ့တာကြောင့် ကျွန်တော်တို့တွေ့တဲ့အချိန်ကျရင် ပြောတယ်။ ကိုစည်သူ အဲ့တာမျိုးမ၀တ်နဲ့၊ အဲ့တာကြီးတွေက မမိုက်ဘူး။ သူများပြောစရာဖြစ်မယ်ဆိုပြီး ကျွန်တော်အမြဲတမ်းပြောတယ်။ ဒီအလုပ်တွေက ၀ါသနာကိုအရင်းခံတာပဲဆိုတော့ ကိုစည်သူက၀ါသနာအရ အများကြီးသိပ်ပြောစရာမလိုဘူး။ အတွေ့အကြုံအရဆိုရင်လည်း ဒီလောကထဲမှာကြာပြီဆိုတော့ သိပ်ထွေထွေထူးထူးက ဘာမှပြောစရာမရှိဘူး။ အဓိကက အဲ့လိုဗရမ်းဗတာဝတ်စုံတွေ မ၀တ်ရင်ကို တော်တော်လေးဟုတ်သွားပြီ” လို့ ပေါ်တင်ဝေဖန်ထောက်ပြသွားခဲ့ပါတယ်။

မြင့်မြတ်ရဲ့ ဝေဖန်ထောက်ပြ ဆုံးမပြောဆိုမှုစကားကြောင့် မျက်ရည်ဝဲရကြောင်းနဲ့ နောက်ကို ပေါတောတောနဲ့ ပေါက်ကရအလုပ်တွေကို ထပ်မလုပ်တော့ပါဘူးလို့ သတင်းမီဒီယာများနဲ့ မြင့်မြတ်ရှေ့မှာတင် ကတိပြုစကားပြောကြားသွားခဲ့ပါတယ်။ စည်သူက “ကျွန်တော့်ဘေးနားမှာ ဇာတ်လိုက်နဲ့တွဲပြီး အင်တာဗျူးခွင့်ရတာနဲ့တင် ကျွန်တော့်ဘ၀က တော်တော်ကိုကံကောင်းနေပါပြီ။ အခုလည်း ကိုမြင့်မြတ်ဆုံးမသွားတာတွေကြောင့် မျက်ရည်တောင်ဝဲမိပါတယ်။ ၀မ်းလဲဝမ်းသာတယ်၊ အားလဲ အားကိုးမိသွားတယ်၊ ပိုပြီးလဲ လေးစားမိသွားတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်လိုလူမျိုးကို ကိုမြင့်မြတ်က ရှုတင်ရောက်တိုင်းလည်း အမြဲတမ်းဆုံးမတယ်၊ သူ့ဆီသွားလည်တိုင်း ဆုံးမတယ်။ အဲ့လိုမျိုးတွေမနေနဲ့ သေသေသပ်သပ်နေဆိုပြီး အမြဲတမ်းဆုံးမတယ်။ ဒီတစ်ခါတော့ ကျွန်တော်လည်း ကိုမြင့်မြတ်တို့လိုင်းထဲဝင်ချင်တာနဲ့ အဲ့လိုမျိုးရိုက်ချင်တာနဲ့ နောက်ကိုအခုလိုမျိုးဗရမ်းဗတာတွေ မလုပ်တော့ပါဘူးလို့၊ ကိုမြင့်မြတ်နဲ့ ကိုယုန်လေးတို့ကို ကတိပေးပါတယ်” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ပရိသတ်ကြီးရေ စူပါဟီးရိုးကြီး စည်သူပလပ်ကျွတ်ကတော့ နောက်ကို ဗရမ်းဗတာပုံစံတွေနဲ့ ပေါတောတောပုံစံတွေထပ်မလုပ်တော့ပါဘူးလို့ တိုင်းသိပြည်သိကို ကတိစကားပြုသွားတာဖြစ်လို့ နောက်ဆိုတည်ငြိမ်သူကြီး စည်သူပလပ်ကျွတ်ကိုသာ မြင်တွေ့ရတော့မှာပါနော်။ ဒါ့အပြင် လက်ရှိမှာ ဒါရိုက်တာအဖြစ် ယုန်လေးရိုက်ကူးနေတဲ့ “Mafia City” ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ယုန်လေးတို့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ့် စည်သူပလပ်ကျွတ်ကိုတော့ အကြမ်းအရမ်းဇာတ်ရုပ်တွေနဲ့ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဟာသဘက်ကနေ လိုင်းပြောင်းသွားရင်ရော စည်သူပလပ်ကျွတ်ကို ပရိသတ်ကြီးက အားပေးကြဦးမှာလား…

 

Source_PanPwint

(ပိုပိုလေး)


22 Jul 2019     1,413 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS