BEC-TERO TV

ဆိုင်ကယ်ကို အချိန်ကြာကြာခွစီးသူ အမျိုးသားများ ‘မျိုး’ မအောင်နိုင်

25 Jul 2019     2,013 Views


မော်တော်ဆိုင်ကယ်နဲ့ တစ်နေကုန် အလုပ်လုပ်ကြရပြီး အပူချိန်မြင့်မားတဲ့ ဆိုင်ကယ်ထိုင်ခုံ ကုန်းနှီးပေါ်မှာ အချိန်ကြာကြာ စီးနင်းသွားလာရတဲ့အမျိုးသားတွေ အထူးသတိပြုသင့်ပါတယ်။ အပူချိန်ဟာ ကိုယ့်ရဲ့ ဖွားဘက်တော်ကို ဘေးထွက်ဆိုးကျိုးတွေ ရစေပြီး အိမ်ထောင်ပြုတဲ့အခါ မျိုးမအောင်(ကလေးမရနိုင်) မြုံ တဲ့ ပြဿနာနဲ့ ကြုံတွေ့ရနိုင်ကြောင်း သုတေသီတွေက သတိပေးထားပါတယ်။
 
 
ဗီယက်နမ်နိုင်ငံမှ အသက် ၃၁ နှစ်အရွယ် ‘ငုယန်ဒင်ကွမ်’ ဆိုသူ အမျိုးသားဟာ အမြန်ချောပို့ ကုမ္ပဏီ တစ်ခုမှာ ပစ္စည်းလိုက်ပို့ရတဲ့ ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသူပါ။ နေ့စဉ် တစ်ရက်ကို ၄ နာရီလောက် နေပူထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ ပစ္စည်းလျှောက်ပို့ရပါတယ်။ ရာသီဥတုအပူရှိန်ရယ် ဆိုင်ကယ်အင်ဂျင် အပူရှိန်ရယ်ကြောင့် ဆိုင်ကယ်ထိုင်ခုံဟာ ပူနေလို့ ဆိုင်ကယ်ကို ကြာကြာစီးရတဲ့အခါ စိတ်ကသိကအောက် ဖြစ်ရတယ်လို့ဆိုပါတယ်။ 
 
ဒီအလုပ် လုပ်ကိုင်နေရင်း အိမ်ထောင်ကျခဲ့တာ ၂ နှစ်ကျော် ကြာပြီဖြစ်ပေမယ့် ခုချိန်ထိ သားသမီး မထွန်းကားသေးပါဘူး။ ဆေးသွားစစ်ကြည့်တဲ့အခါ သူ့ရဲ့ သုတ်ပိုးတွေဟာ အားမကောင်းသလို အရည်အသွေးလည်း မပြည့်မီလို့ မျိုးမအောင်တာဆိုတဲ့ အဖြေထွက်လာပါတယ်။
 
သူနဲ့အတူတူ ကုမ္ပဏီတစ်ခုထဲမှာ လုပ်ကြတဲ့ ‘ဟောင်ဗန်ချွန်း’ ဆိုသူလည်း မကြာခင်မှာ အိမ်ထောင်ပြုဖို့ စီစဉ်ထားပြီး သူနဲ့ဘဝတူ သူငယ်ချင်းလိုပဲ ကလေး မရမှာကို စိုးရိမ်နေပါတယ်။ ဒါကြောင့် အလုပ်ပြောင်းဖို့ ကြိုးစားနေပါတယ်။
 
ဆရာဝန်ရဲ့ ပြောပြချက်အရ နေရောင်ကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ အပူရှိန်မြင့်မားတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကြတဲ့ အမျိုးသားတွေအတွက် အပူဒဏ်ကြောင့် သူတို့ရဲ့ သုတ်ပိုးတွေကို လာပြီးထိခိုက်နိုင်တယ်လို့ဆိုပါတယ်။
 
 
ဗဟိုသားဖွားဆေးရုံကြီးရဲ့ ကျန်းမာရေးစစ်ဆေးမှုဌါနရဲ့ အကြီးကဲဟောင်း တစ်ဦးဖြစ်တဲ့ Mr. Le Minh Chau က ဆိုင်ကယ်ထိုင်ခုံရဲ့ အပူရှိန်နဲ့ မျိုးမအောင်တာက ဘယ်လို ဆက်စပ်နေတယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။
 
နေရောင်ခြည်နဲ့ ရာသီဥတုကြောင့် ထိုင်ခုံနေရာက အရမ်းပူနေပြီဆိုရင် ဒီအပူက အမျိုးသားအင်္ဂါ(ကပ်ပါယ်အိတ်)ကို တိုက်ရိုက် ကူးစက်ပါတယ်။ ကပ်ပါယ်အိတ်ဟာ မျိုးပွားစေတဲ့ သုတ်ပိုးတွေ ထုတ်လုပ်တဲ့နေရာဖြစ်တာကြောင့် အပူရှိန်မြင့်မားမှုကို ကြာကြာခံရတဲ့အခါ သုတ်ပိုး ထုတ်လုပ်မှု ကျဆင်းလာပါတယ်။ 
 
သုတ်ပိုးဟာ လူရဲ့သာမန်ခန္ဓာကိုယ် အပူချိန်မှာသာ ကောင်းကောင်းမွန်မွန် ထုတ်လုပ်နိုင်တာဖြစ်ပြီး အဲဒီအပူချိန်ထက်ကျော်လွန်သွားပါက သုတ်ပိုး ထုတ်လုပ်မှုကို ပျက်ဆီးစေပါတယ်။ ဒါကြောင့်မို့ သုတ်ပိုး အရေအတွက်ကျဆင်းပြီး၊ ပေါက်လာတဲ့ သုတ်ပိုးတွေဟာလည်း အားနည်းပြီး အရည်အသွေးမပြည့် စံချိန်မမီတာတို့ ဖြစ်တတ်ပါတယ်။
 
ဒါပေမယ့်လည်း နေရာင်အောက်မှာ အလုပ်လုပ်ရသူတိုင်း အခုလို ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ပူပြင်းတဲ့နေရောင်ကို အချိန်အတော်ကြာကြာ ဆက်တိုက် ခံနေရသူတွေအတွက်တော့ သတိထားသင့်ပါတယ်။
 
ဒီကိစ္စကို သုတေသီတွေက မျောက်တွေနဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ မျောက်တွေရဲ့ ဝှေးစေ့ကို အပူချိန် ၄၃ ဒီဂရီမှာ ရှိနေစေပြီး တစ်နေ့မှာ နာရီဝက်နဲ့ တစ်ပတ်လျှင် ၆ ရက် မျောက်တွေကို စမ်းသပ်ခဲ့ပါတယ်။ သုတ်ပိုးထုတ်လုပ်မှုကိုလည်း နေ့စဉ်တိုင်းတာနေပါတယ်။
 
စမ်းသပ်ကာလ ၆ ပတ်ကနေ ၈ ပတ်ကြာလာတဲ့အခါ အဲဒီမျောက်တွေရဲ့ သုတ်ပိုး ထုတ်လုပ်မှုဟာ ဆိုးဆိုးရွားရွား ကျဆင်းလာပါတယ်၊ အချို့မျောက်တွေဆို သုတ်ပိုး လုံးဝ မထုတ်နိုင်တော့တာကို တွေ့ရှိခဲ့ရပါတယ်။
 
စမ်းသပ်မှုကို ရပ်နားပြီး မျောက်တွေကို ၁၂ ပတ်ကြာအောင် ပြန်လည်ကုသ ပြုစုပေးတော့မှ သူတို့တွေရဲ့ သုတ်ပိုးတွေဟာ ပုံမှန်အတိုင်း ပြန်ထုတ်နိုင်လာတာကို တွေ့ရပါတယ်။
 
နောက်ထပ် အချက်တစ်ချက်ကတော့ အပူချိန်မြင့်မားစွာခံရသူတွေရဲ့ သွေးထဲမှာ ဝှေးစေ့က ထုတ်ပေးတဲ့ ဟော်မုန်းဓါတ် ကျလာတာကိုလည်း တွေ့ရပါတယ်။ သက်ရောက်မှုကတော့ သုတ်လွှတ်မှုကို ထိခိုက်စေပါတယ်။
 
ဒါကြောင့်မို့ အပူချိန်မြင့်မားတဲ့နေရာတွေမှာ မဖြစ်မနေအလုပ်လုပ်ရသူတွေအနေနဲ့ တင်းကြပ်တဲ့အဝတ်အစားတွေ မဝတ်ပါနဲ့၊ အိမ်မှာနေတဲ့အခါ အတွင်းခံ ဝတ်ထားတဲ့အချိန်ကို လျှော့ချပေးပါ။
 
ဒီလိုအဖြစ်မျိုးဟာ နေပူထဲထွက်အလုပ်လုပ်၊ ဆိုင်ကယ်အကြာကြီးစီးမှ မဟုတ်ပါဘူး ကွန်ပြူတာ လပ်တော့ပ်ကို ပေါင်ပေါ်အကြာကြီးတင်ကာ ရုံးအလုပ်တွေ လုပ်တတ်တဲ့ အရာရှိကြီးများလည်း ကြုံတွေနိုင်လို့ သတိထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဖြစ်နိုင်ရင် မီးတောင် ကြာကြာ မလှုံစေချင်ပါဘူး။
 
(ပိုပိုလေး)

 


25 Jul 2019     2,013 Views




RELATED

Most Popular of Health Fix

Most Popular of Life Style