BEC-TERO TV

ဘာဘယ်လ်တီးနဲ့ မုန့်အချိုများက ကလေးငယ်တွေကို ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်

06 Aug 2019     1,448 Views


မိဘတွေအနေနဲ့ ကလေးငယ်တွေကို ချစ်တယ်ဆိုရင် အဟာရဖြစ်စေတဲ့ အစားအသောက်တွေကို မျှမျှတတ ကျွေးဖို့လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ သူတို့အလိုကျ သူတို့ကြိုက်တဲ့ အစားအစာတွေပဲ စားနေမယ်ဆိုရင်တော့ ကလေးတွေအတွက် အသက်အန္တရာယ်ပါ ရှိနိုင်ပါတယ်။
 
 
တရုတ်နိုင်ငံက အသက် ၈ နှစ်အရွယ် မိန်းကလေးဟာ မုန့်အချိုတွေ၊ ပျော့ပျော့အိအိ အစိလေးတွေပါတဲ့ ဘာဘယ်လ်တီး တို့ကို နှစ်နဲ့ချီပြီး နေ့စဉ်ရက်ဆက် ပုံမှန်စားခဲ့၊ သောက်ခဲ့တာကြောင့် ကျောက်ကပ်ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။
 
 
တရုတ်သတင်း စီဟွားရဲ့ ဖော်ပြချက်အရ ကလေးရဲ့ ဖခင်ဟာ အချိုပွဲလုပ်တဲ့စားဖိုမှူးတစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ အသက် ၂ နှစ်အရွယ် လောက်ကစပြီး သူအလုပ်ကနေပြန်လာတိုင်း သမီးလေးအတွက် မုန့်အချိုတွေ၊ ဘာဘယ်လ်တီးတွေ နေ့စဉ်ပုံမှန်ယူလာလေ့ရှိပါတယ်။
 
ဒီလိုနဲ့ မုန့်အချိုတွေ ဘာဘယ်လ်တီး တွေကို နှစ်နဲ့ချီပြီး နေ့တိုင်းသောက်လာတဲ့အခါ သမီးလေးဟာ အရွယ်နဲ့ မမျှအောင် အဝလွန်လာခဲ့ပါတယ်။ သူ့အသက် ၈ နှစ်မှာတော့ ဗိုက်အောင့်တယ်လို့ မကြာခဏ ညီးညူပြောလေ့ရှိပြီး ရုတ်တရက် ရက်ပိုင်းအတွင်းမှာ ခန္ဓာကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာပါတယ်။ မိဘတွေက စိတ်ပူပြီး သူ့ကို ဆေးရုံတင်ခဲ့ပါတယ်။
 
ဆရာဝန်တွေ စမ်းသပ်စစ်ဆေးပြီးနောက် သမီးလေးရဲ့ အသည်းနဲ့ ကျောက်ကပ်တွေ ပျက်ဆီးနေတာတွေကို တွေ့ခဲ့ရပါတယ်။ အခြေအနေ ဆိုးတာကြောင့် ကျောက်ကပ်ကင်ဆာ ကုထုံးနဲ့ ကုသမှုခံယူရပါတယ်။ ဆရာဝန်တွေက ဖြစ်စဉ်ကို မိဘတွေဆီကနေ အတိအကျ မေးမြန်းစုံစမ်းတဲ့အခါမှာတော့ မုန့်အချိုတွေနဲ့ ဘာဘယ်လ်တီးတွေကြောင့်ဆိုတာ သိသွားခဲ့ပါတယ်။
 
 
ချိုလွန်းတဲ့မုန့်တွေဟာ ကလေးတွေအတွက် အန္တရာယ်ရှိကြောင်း၊ အထူးသဖြင့် နေ့တိုင်း ဒီလိုအစားအသောက်တွေ စားနေတာက ပိုဆိုးတယ်လို့ ဆရာဝန်က ရှင်းပြခဲ့ပါတယ်။ ချိုလွန်းဓါတ်တွေအားလုံးဟာ ကျောက်ကပ်ကို ဖြတ်သန်းသွားရတဲ့အတွက် ကလေးတွေအတွက် ကျောက်ကပ်ကင်ဆာ ဖြစ်ဖို့ကို ဦးတည်နေတယ်လို့ ဆိုပါတယ်။
 
 
ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ရက် ၃၀ ခန့် ကုသခဲ့ပေမယ့် နောက်ဆုံးမှာ ကလေးက ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကလေးတွေကို အလိုမလိုက်ဘဲ သူတို့ကို အဟာရဖြစ်စေမယ့် အစားအသောက်မျိုးကို ရွေးချယ်ပြီး စားတတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။
 

06 Aug 2019     1,448 Views




RELATED

Most Popular of Health Fix

Most Popular of NEWS